ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မျက်နှာဖတ်ဉာဏ်တုနည်းပညာနဲ့လူ့အခွင့်အရေး
အမေရိကန်ရဲအဖွဲ့ဟာ လူရှာဖို့အတွက် သူတို့ရဲ့ မျက်နှာဖတ်ဉာဏ်တုနည်းပညာကို အကြိမ် တသန်းလောက် အသုံးပြုခဲ့တယ်လို့ Clearview ကုမ္ပဏီတည်ထောင်သူက ဘီဘီစီကို ပြောပါတယ်။
မိုဘိုင်းဖုန်း၊ ကွန်ပျူတာစတဲ့ပစ္စည်းတွေကိုဖွင့်တဲ့အခါ ပိုင်ရှင်အစစ်ဟုတ်မဟုတ် မျက်နှာပြပြီး ဖွင့်ရတဲ့ နည်းပညာမျိုးကို မျက်နှာဖတ်ဉာဏ်တုနည်းပညာလို့ခေါ်တာပါ။
ဉာဏ်တုကသူသိမ်းဆည်းထားတဲ့ မျက်နှာပုံရိပ်နဲ့ ကင်မရာမှာပေါ်လာတဲ့မျက်နှာပုံရိပ်တူမတူ စစ်ဆေးတဲ့နည်းပညာဟာ မျက်နှာဖတ်ဉာဏ်တုနည်းပညာပါ။
Clearview ကုမ္ပဏီရဲ့ စီအီးအို ဟုန်ထန်ထပ်က Facebook လိုနေရာမျိုးတွေကနေ ယူထားတဲ့ ရုပ်ပုံပေါင်း ၃၀ ဘီလျံလောက်သူတို့မှာရှိတယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။ အဲဒါတွေဟာ ပိုင်ရှင်ခွင့်ပြုချက်မရဘဲ ယူထားတာတွေပါ။ အဲသလို အဖြစ်အပျက်မျိုးတွေကြောင့် Clearview ကုမ္ပဏီကို ဒေါ်လာသန်းနဲ့ချီပြီး ဒဏ်ရိုက်ခံရတာကလည်းအကြိမ်ကြိမ်ပါ။ လူတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်စည်းဘောင်ကို ချိုးဖောက်လို့ ဥရောပနဲ့ သြစတြေးလျတို့မှာ ဒဏ်ရိုက်ခံခဲ့ရတာတွေပါ။
Clearview ဟာ အဲသလိုပုံပေါင်း သန်း ၃ သောင်းလောက်သိမ်းဆည်းထားလို့ လူမျက်နှာ တခုကို ကင်မရာကနေ တွေ့လိုက်တာနဲ့ သိမ်းထားတဲ့ပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဘယ်သူဘယ်ဝါဆိုတာကို အမည်တပ်အဖြေထုတ်ပေးနိုင်တာပါ။ ဒါပေမဲ့ဒါဟာ လူတွေရဲ့ သီးခြားလွတ်လပ်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး အကြီးအကျယ်အဝေဖန်ခံနေရသလို အကြိမ်ကြိမ်လည်း ဒဏ်ရိုက်ခံရပါတယ်။
ဒါပေမဲ့ Clearview ရဲ့ အဲဒီနည်းပညာကို အမေရိကန်ရဲကလည်း ယူသုံးပြန်ပါတယ်။ ရဲက Clearview ကိုအဲသလိုယူသုံးတာဟာ လူတိုင်းကို ရဲမှတ်တမ်းထဲစာရင်းထည့်ထားတာပဲလို့ လူ့အခွင့်အရေးသမားတွေက ပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။
“သံသယတရားခံတယောက်ရဲ့ ဓာတ်ပုံကိုရဲကရထားပြီဆိုတာနဲ့ ခင်ဗျားတို့မျက်နှာနဲ့ တိုက်အစစ်ခံရပြီသာမှတ်” လို့ Electronic Frontier Foundation က မက်သျူးဂွာရာဂီလာ ကဆိုပါတယ်။
“တကယ်တော့ ဒါဟာစည်းကျော်လွန်းပါတယ်” လို့လည်း သူကဆိုပါတယ်။
သူတို့ Clearview ဉာဏ်တုကို ရဲကအသုံးပြုပြီး အကြိမ်ပေါင်း ၁ သန်းလောက်လူရှာဖွေတယ်ဆိုတာ ကုမ္ပဏီဘက်က ပြောကြားချက်ပါ။ ရဲကတော့ ဟုတ်မှန်ကြောင်း အတည်ပြုချက်မပေးပါဘူး။ ဒါပေမဲ့ ဘယ်လိုရာဇဝတ်မှုမျိုးအတွက်ပဲ ဖြစ်ပစေ Clearview ကိုသူတို့အသုံးပြုပါတယ်လို့ မိုင်ယာမီရဲအဖွဲ့ကတော့ ရှားရှားပါးပါး အတည်ပြုချက်ပေးသွားပါတယ်။
ဥပဒေဘက်သားအဖွဲ့အစည်းတွေအနေနဲ့ ဓာတ်ပုံကို Clearview မှာတင်ပြီး တိုက်ဆိုင်ရှာဖွေခွင့် ကို ကုမ္ပဏီရဲ့ ဉာဏ်တုစနစ်က ခွင့်ပြုထားပါတယ်။ တိုက်ဆိုင်တဲ့ပုံကိုတွေ့တာနဲ့ အဲဒီပုံဟာ ဘယ်နေရာကနေ ရတယ်ဆိုတဲ့ သက်ဆိုင်ရာ link ကိုထုတ်ပေးလိုက်ပါတယ်။ ဥပမာ Clearview ကအဲဒီဓာတ်ပုံကို Facebook ကနေ ယူထားတာဆိုရင် အဲဒီ Facebook စာမျက်နှာအထိ တခါတတည်း ပို့ပေးလိုက်ပါတယ်။ Clearview ဟာ ကမ္ဘာပေါ်မှာ မျက်နှာဖတ်ဉာဏ်တုနည်းပညာ ကုမ္ပဏီတွေထဲက အကောင်းဆုံးတခုပါ။
အမေရိကန်ပြည်သူ့လွတ်လပ်ခွင့်သမဂ္ဂက အီလီနွိုင်းပြည်နယ်တရားရုံးမှာ Clearview ကို ကိုယ်ရေးကိုယ်တာချိုးဖောက်မှုနဲ့ တရားစွဲပြီးနောက်ပိုင်းမှာတော့ Clearview ကုမ္ပဏီဟာ အမေရိကန်ကုမ္ပဏီတွေအတွက် လူရှာတိုက်ဆိုင်တဲ့ ဝန်ဆောင်မှုမပေးတော့ဘဲ ရပ်တန့်ခဲ့ရပါတယ်။
ဒါပေမဲ့ ရဲအဖွဲ့ကိုတော့ ခြွင်းချက်ထားခွင့်ပြုပေးခဲ့တယ်လို့ စီအီးအိုဟုန်ထန်ထပ်က ဆိုပါတယ်။ အမေရိကန် ရဲအဖွဲ့တွေကတော့ အဲဒီဉာဏ်တုနည်းပညာကို သုံးမသုံးဖွင့်ဟမပြောဆိုပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု ပို့လန်း၊ ဆန်ဖရန်စစ္စကို၊ ဆီယဲ့တဲပြည်နယ်တွေမှာ သုံးစွဲခွင့်ပိတ်ပင်ထားတာပါ။
အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုမျိုးကိုရဲက ခြေရာခံမရတဲ့အခါမျိုးမှာတော့ သူတို့ဟာ မျက်နှာဖတ်ဉာဏ်တုနည်းပညာကိုသုံးကြောင်း ရံဖန်ရံခါဖွင့်ဟပြောဆိုတတ်ပါတယ်။ ဒါပေမဲ့ တကယ်တန်း လက်တွေ့မှာ စတိုးဆိုင်ထဲက ချော့ကလက်ခိုးတဲ့အမှုမျိုးကနေ လူသတ်မှုအထိ ဘယ်ရာဇဝတ်မှုမှာမဆို သူတို့သုံးနေကြောင်းကို မိုင်ယာမီရဲအဖွဲ့ကတော့ ရှားရှားပါးပါးဝန်ခံပြောဆိုသွားပါတယ်။ သူတို့မိုင်ယာမီရဲအဖွဲ့ဟာ တနှစ်မှာ အကြိမ်ပေါင်း ၄၅၀ လောက် Clearview ကိုအသုံးပြုကြောင်း အဲသလိုသုံးလို့ လူသတ်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ကြောင်း လက်ထောက်ရဲချုပ် အာမန်ဒိုအာဂွီလာက ဆိုပါတယ်။
ဘယ်လိုအမှုမျိုးမှာ မျက်နှာဖတ်ဉာဏ်တုနည်းပညာကို သုံးခွင့်ရှိပြီး ဘယ်လိုအမှုမျိုးမှာတော့ မသုံးရဘူးဆိုတဲ့ ဥပဒေသတ်မှတ်ချက်လုံးဝမရှိဘူးလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
မိုင်ယာမီရဲအဖွဲ့အနေနဲ့ မျက်နှာဖတ်ဉာဏ်တုနည်းပညာကို အထောက်အကူ သဘောသာ အသုံးပြုတယ်လို့ ဆိုပါတယ်။ အဲဒီမျက်နှာဖတ်ဉာဏ်တုနည်းပညာက ညွှန်ပြရုံသက်သက်နဲ့တော့ လူတယောက်ကို ဖမ်းဆီးအရေးယူတာမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။
မှားယွင်းအဖြေထုတ်မှု
ရဲကမျက်နှာဖတ်ဉာဏ်တုအသုံးပြုရှာဖွေရာမှာ မှားယွင်းခဲ့ဖူးတဲ့ အမှုအနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရဲအဖွဲ့ရဲ့ အသုံးပြုမှုအရေအတွက်ကို ပွင့်ပွင့်လင်းလင်းပြောဆိုလို့သိရရင် မှားတဲ့အရေအတွက်ဟာ ဒီ့ထက်များမယ်လို့ ယူဆရပါတယ်။
စီအီးအိုဟုန်ထန်ထပ်ကတော့ သူသတိထားမိသလောက်မှာ Clearview က မှားယွင်းအဖြေထုတ်ခဲ့ဖူးတာ မရှိဘူးလို့ ဆိုပါတယ်။ ရဲက မျက်နှာဖတ်နည်းပညာအသုံးပြုပြီး မှားယွင်းဖမ်းဆီးဖူးတာတချို့ရှိကြောင်း သူက လက်ခံပေမဲ့ အဲဒါဟာ နည်းပညာအားနည်းချက်ကြောင့် မဟုတ်ဘဲ ရဲအတတ်ပညာချို့ယွင်းအားနည်းချက်ကြောင့်လို့ဆိုပါတယ်။ Clearview ရဲ့နည်းပညာဟာ ၁၀၀ ရာခိုင်နှုန်းနီးပါး တိကျတယ်လို့ဆိုပါတယ်။ ရဲကအသုံးပြုတဲ့ဓာတ်ပုံတွေဟာလည်း ရဲမှတ်တမ်းအဖြစ် အသုံးပြုထားတဲ့ဓာတ်ပုံတွေသာဖြစ်တတ်ပါတယ်။ မျက်နှာဖတ်နည်းပညာအသုံးပြုရာမှာ ဓာတ်ပုံအရည်အသွေးကောင်းမကောင်းအပေါ်မှာလည်း အဖြေတိကျမှုရှိမရှိဟာ မူတည်ကြောင်း ဟုန်ထန်ထပ်က လက်ခံပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရဲအဖွဲ့အနေနဲ့ Clearview ကိုအသုံးပြုရင်လည်း သုံးကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး တရားရုံးမှာဗြောင်အစစ်ဆေးခံစေချင်ကြပါတယ်။ နယူးယောက်အခြေစိုက် တရားခံရှေ့နေတယောက်ဖြစ်တဲ့ ကိတ္တလင်းဂျက်ဆင်က အခုလိုပြောပါတယ်။
“အလွန်တိကျတယ်ဆိုတဲ့ပြောဆိုချက်ဟာ လိုရာဆွဲတွေးတာပါ။ စီစီတီဗီဓာတ်ပုံလိုဟာမျိုးနဲ့တိုက်ဆိုင်ကြည့်ပြီး တိတိကျကျသိဖို့ မလွယ်ပါဘူး။”
သူတို့မျက်နှာဖတ်ဉာဏ်တုနည်းပညာရဲ့တိကျမှုကို တရားရုံးရှေ့မှာသက်သေထွက်ဆိုဖို့တော့ ဆန္ဒမရှိဘူးလို့ စီအီးအိုဟုန်ထန်ထပ်က ဆိုပါတယ်။
“တရားရုံးမှာ သက်သေထွက်ဆိုဖို့တော့ ဆန္ဒမရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အမှုလိုက်အရာရှိတွေဟာ တရားခံရှာဖွေဖော်ထုတ်ဖို့အတွက် တခြားနည်းလမ်းတွေကိုပါ တွဲဖက်အသုံးပြုတာမို့ပါ။”
အမှုတချို့မှာ တရားခံရှေ့နေတွေအသုံးပြုဖို့အတွက် Clearview ကို အသုံးပြုခွင့်ပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ တရားလိုရှေ့နေရော တရားခံရှေ့နေပါ သူတို့နည်းပညာကို အသုံးပြုခွင့်ရှိတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖလော်ရီဒါပြည်နယ်ဖို့မေယာမြို့က အန်ဒရူးကွန်းလင်းရဲ့အမှုမှာ Clearview ရဲ့အကူအညီနဲ့ အမှုမှန်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အန်ဒရူးကွန်းလင်းဟာ သူ့မိတ်ဆွေနဲ့အတူ ၂၀၁၇ ခုမတ်လကကားနဲ့ခရီးသွားရာမှာ ကားကသစ်ပင်ကိုအရှိန်နဲ့ဝင်တိုက်ပြီး သူ့မိတ်ဆွေသေဆုံးခဲ့ပါတယ်။ သူ့မိတ်ဆွေက ကားမောင်းပြီး သူကဘေးက ထိုင်လိုက်တာပါ။ သူ့မိတ်ဆွေသေဆုံးပြီးနောက် လမ်းဘေး ဖြတ်သွားတဲ့လူတယောက်က အန်ဒရူးကွန်းလင်းကို ကားထဲက ဆွဲထုတ်ပေးခဲ့ပြီး ထွက်ခွာသွားပါတယ်။
ရဲက အန်ဒရူးကွန်းလင်းဟာ ကားမောင်းသူလို့ သံသယရှိတဲ့အတွက် သူ့ကိုလူသေမှုနဲ့ တရားစွဲဆိုပါတယ်။ သူဟာ ကားမောင်းသူမဟုတ်ကြောင်း အဓိကသက်သေထွက်ဆိုနိုင်မယ့်သူက သူ့ကို ကားထဲကဆွဲထုတ်ခဲ့သူပါ။ ဒါပေမဲ့ကားထဲကဆွဲထုတ်သူ ဘယ်သူဆိုတာမသိကြတော့ပါဘူး။ စီစီတီဗီထဲကပုံကိုကြည့်ပြီး Clearview ရဲ့မျက်နှာဖတ်ဉာဏ်တုနည်းပညာကို အသုံးပြုလိုက်တဲ့အခါ သူဘယ်သူဆိုတာရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူကတရာရုံးမှာ သက်သေခံထွက်ဆိုတဲ့အတွက် အန်ဒရူးကွန်းလင်းရဲ့အမှုမှန် ပေါ်ပေါက်ခဲ့ပါတယ်။
သူတို့ကြောင့် အမှုမှန်ပေါ်ပေါက်ခဲ့ကြောင်း Clearview ကနမူနာတချို့ထုတ်ပြနိုင်ခဲ့ပေမဲ့ လူ့အခွင့်အရေးသမားတွေကတော့ ပေးရတဲ့တန်ဖိုးကကြီးလွန်းတယ်လို့ ဆိုကြပါတယ်။