ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝက်သက်ဆိုတာ ဘာလဲ။ ဘာ့ကြောင့် ကူးစက်လွယ်လဲ။
- ရေးသားသူ, အန်ဒရေ ဘိုင်ယာနက်သ်
- ရာထူးတာဝန်, ကမ္ဘာတဝန်း ကျန်းမာရေး၊ ဘီဘီစီ ကမ္ဘာတလွှားသတင်းဌာန
အမေရိကန်နိုင်ငံက ပြည်နယ် နှစ်ခုမှာ ဝက်သက်ရောဂါ ဖြစ်ပွားသူ ၁၃၀ ကျော်လာနေပြီ ဖြစ်တဲ့အတွက် အဲဒီမှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကျန်းမာရေးအာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းကစလို့ တက္ကဆက်ပြည်နယ်မှာ ဝက်သက်ရောဂါ ဖြစ်ပွားသူပေါင်း ၁၂၄ ဦး ရှိခဲ့ကြောင်း ပြည်နယ် ကျန်းမာရေးဝန်ဆောင်မှုဌာနက အတည်ပြုပါတယ်။ ရောဂါဖြစ်ပွားသူတွေထဲက ၁၈ ဦးကို ဆေးရုံတင်ထားရပါတယ်။
နယူးမက္ကဆီကိုပြည်နယ်မှာလည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ဝက်သက်ရောဂါ ဖြစ်ပွားသူပေါင်း ကိုးဦး ရှိလာနေပြီလို့ သိရပါတယ်။
ကမ္ဘာတဝန်းမှာတော့ ၂၀၂၅ ခုနှစ်ရဲ့ ပထမ နှစ်လအတွင်းမှာ ဝက်သက်ရောဂါ ဖြစ်ပွားသူပေါင်း ၃၀၉၈ ဦး ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဝက်သက် ဆိုတာ ဘာလဲ။ ဘယ်လို ကူးစက်သလဲ။
ကူးစက်မြန် ဝက်သက် ဗိုင်းရပ်စ်ပိုးဟာ ရောဂါရှိသူက ချောင်းဆိုး၊ နှာချေ၊ အသက်ရှူထုတ်လိုက်ရာကနေတဆင့် ရောဂါကူးစက်နိုင်ပါတယ်။
ဝက်သက် ပေါက်လာအပြီး အနည်းဆုံး လေးရက်ကြာအထိ ရောဂါရှိသူထံကနေ ရောဂါပိုး ကူးစက်နိုင်ပါတယ်။
ပုံမှန်အားဖြင့် ဝက်သက်ရောဂါက ခုနစ်ရက်ကနေ ၁၀ ရက်အတွင်း ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဝက်သက်ရောဂါကနေတဆင့် အဆုတ်ရောင် နမိုးနီးယား၊ ဦးနှောက်အမြှေးရောင်၊ မျက်စိကွယ်၊ တက်တဲ့ ရောဂါမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။
မွေးကင်းစအရွယ်နဲ့ အသက် ငါးနှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ခံအား နည်းသူတွေမှာ ဝက်သက်ရောဂါ ဖြစ်ပွားနိုင်မှုနှုန်း ပိုများပါတယ်။
ဝက်သက်ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ပေမဲ့ ရှားပါတယ်။
ဝက်သက်ရောဂါဟာ လူတွေမှာ ကူးစက်အမြန်ဆုံးရောဂါတွေထဲက တစ်ခုဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) က ဆိုပါတယ်။
ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် လူထုကျန်းမာရေးဌာနရဲ့ အဆိုအရ ဝက်သက်ရောဂါ ရှိသူတစ်ယောက်ဆီကနေ နောက်ထပ် လူ ၁၂ ယောက်ကနေ ၁၈ ယောက်အထိ ရောဂါပိုး ကူးစက်နိုင်တယ်လို့ သိရပါတယ်။
ဝက်သက်ရောဂါ လက္ခဏာတွေက ဘာတွေလဲ
ဝက်သက်ရောဂါကြောင့် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့
- အဖျားရှိ
- နှာရည်ယို ဒါမှမဟုတ် နှာခေါင်းပိတ်
- နှာချေ
- မျက်လုံးနီ၊ မျက်လုံးနာ၊ မျက်ရည်ယို
- ကနဦး လက္ခဏာတွေဖြစ်အပြီး အရေပြားမှာ အပိမ့်တွေ ထွက်လာတတ်၊ ယားလေ့မရှိ
- ပါးစပ်ထဲမှာ အဖြူရောင်အစက်လေးတွေ ပေါ်လာတတ်
ဒီအပိမ့်တွေက မျက်နှာနဲ့ နားအနောက်မှာ စပေါ်လာတတ်ပြီး အဲဒီနောက်မှာတော့ တစ်ကိုယ်လုံးကို ပြန့်သွားတတ်ပါတယ်။
ရောဂါဆိုးရင်တော့ encephalitis လို့ခေါ်တဲ့ ဦးနှောက် အာရုံကြောစနစ် ရောင်တဲ့အထိ ဖြစ်လာတတ်ပါတယ်။
ကိုယ်ဝန်ရှိနေစဉ် ဝက်သက်ရောဂါ ကူးစက်ခံရရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ ကလေးစောမွေးတာ ဒါမှမဟုတ် မွေးလာတဲ့ကလေး ပေါင်ချိန်လျော့တာတွေ ဖြစ်လာနိုင်တယ်လို့ ယူကေနိုင်ငံ ကျန်းမာရေးဌာန (NHS) က ဆိုပါတယ်။
ဝက်သက်ရောဂါကို ဘယ်လိုကုမလဲ
ဝက်သက်ရောဂါ ပျောက်ကင်းအောင်ကုနိုင်တဲ့ ကုထုံးမရှိသေးပါဘူး။
အဖျား ဒါမှမဟုတ် နာကျင်ကိုက်ခဲတာမျိုးလို ရောဂါလက္ခဏာတွေကနေ သက်သာရာရအောင် ဆရာဝန်တွေက ပါရာစီတမောလို ဆေးမျိုးတွေ ပေးလေ့ရှိပါတယ်။
ဝက်သက်ရောဂါ က ပုံမှန်အားဖြင့် သီတင်းတစ်ပတ်လောက်အတွင်းမှာ စသက်သာလာလေ့ရှိကြောင်းကို NHS က မီးမောင်းထိုး ပြောထားပါတယ်။
အဲဒီ ကာလအတွင်းမှာ ကောင်းကောင်းအနားယူပြီး ခန္ဓာကိုယ်တွင်း ရေခမ်းခြောက်မှု မဖြစ်အောင် ရေများများသောက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
ရောဂါပိုဆိုးလာရင်တော့ အသက်ရှူစက်ကူတာမျိုး၊ ဆေးသောက်တာမျိုးတွေ အပါအဝင် ဆေးရုံတက် ဆေးကုသဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။
ဘယ်နိုင်ငံတွေမှာ ဝက်သက်ရောဂါ ဖြစ်ပွားခဲ့သလဲ
လက်ရှိ အမေရိကန်နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ဝက်သက်ရောဂါဟာ အထူးသဖြင့် အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသက နေရာတချို့မှာ ပုံမှန် ဖြစ်လေ့ ဆက်ရှိနေဆဲပဲလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။
ပါကစ္စတန်၊ ထိုင်း၊ အိန္ဒိယ၊ ယီမင်၊ အီသီယိုးပီးယား၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ ကာဂျစ္စတန် နဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ မကြာသေးခင်က ဝက်သက်ရောဂါ ဖြစ်ပွားမှု အတော်များများ ရှိခဲ့တယ်လို့ သိရပါတယ်။
"ဝက်သက်ရောဂါဟာ ကူးစက်မြန်တဲ့အတွက် နိုင်ငံတစ်ခုနဲ့ တစ်ခုအကြား နယ်စပ်ဖြတ်ကျော် ကူးစက်ဖို့ လွယ်ကူပြီး ကာကွယ်ဆေးထိုးတဲ့နှုန်း ၉၅ % အောက် ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ ရောဂါကူးစက်ဖြစ်ပွားနိုင်တယ်" လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) ရဲ့ ဝက်ဆိုက်ပေါ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝက်သက်ရောဂါကို ဘယ်လို ကာကွယ်နိုင်မလဲ
ဝက်သက်ရောဂါကို တားဆီး ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ကာကွယ်ဆေးထိုးတာ ဖြစ်ပါတယ်။
ဝက်သက် (Measles)၊ ပါးချိတ်ရောင် (Mumps) နဲ့ ဂျိုက်သိုး (Rubella) ရောဂါသုံးမျိုးအတွက် MMR ပေါင်းစပ်ကာကွယ်ဆေး ထိုးခြင်းအားဖြင့် ဒီရောဂါ သုံးမျိုးစလုံးကနေ ကာကွယ်ပေးနိုင်ပါတယ်။
တစ်သက်လုံး ရောဂါပိုး မတိုးနိုင်အောင် ကလေးငယ်တွေ MMR နှစ်ကြိမ် ထိုးထားသင့်တယ်လို့ WHO နဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။
ပထမအကြိမ် ကာကွယ်ဆေးကို အသက် ၉ လနဲ့ ၁၅ လအရွယ်အတွင်း ထိုးပေးလေ့ရှိပါတယ်။
ဒုတိယအကြိမ် ကာကွယ်ဆေးကိုတော့ နိုင်ငံတစ်ခုချင်းစီရဲ့ ကျန်းမာရေးမူဝါဒအရ အသက် ၁၅ လနဲ့ ၁၈ လအကြားအရွယ်မှာ ထိုးပေးသင့်ပါတယ်။
တကယ်လို့ ငယ်ငယ်က ကာကွယ်ဆေး မထိုးထားခဲ့ဖူးတဲ့ ဆယ်ကျော်သက်လူငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေအနေနဲ့ MMR ကာကွယ်ဆေး မဖြစ်မနေ ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။
ဝက်သက်ရောဂါပိုးက အလွယ်တကူ ကူးစက်ပျံ့ပွားနိုင်တဲ့အတွက် ကပ်ရောဂါဘေး ဆိုက်ရောက်လာခဲ့ရင် လူတိုင်းကို ကာကွယ်နိုင်ဖို့ လူ့အသိုင်းအဝိုင်းအုပ်စုကြီးအလိုက် ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။
လူ့အသိုင်းအဝိုင်း အုပ်စုကြီးအလိုက် ကာကွယ်ဆေးထိုးမှု ဆိုရာမှာ လူဦးရေရဲ့ ၉၅ % က ကာကွယ်ဆေးထိုးထားမှသာ ရောဂါ မကူးစက် မပြန့်ပွားနိုင်ဘဲ ကျန်တဲ့ ၅ %ကို ဝက်သက်ရောဂါကနေ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ WHO က ဆိုပါတယ်။
ဝက်သက်ရောဂါ ကာကွယ်ဆေးကြောင့် ၂၀၀၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း လူ သန်း ၆၀ ကို အသက်ဘေးကနေ ကာကွယ်နိုင်ခဲ့တယ်လို့ WHO က ဆိုပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှု၊ ထိရောက်မှုတွေ ရှိနေတဲ့ကြားက ဝက်သက်ရောဂါကြောင့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတဝန်းမှာ လူ့အသက်ပေါင်း ၁၀၇,၅၀၀ လောက် ဆုံးရှုံးခဲ့ရပြီး အများစုဟာ ကာကွယ်ဆေး ထိုးမထားတဲ့ အသက် ၅ နှစ်အောက်အရွယ်တွေ ဖြစ်ကြပါတယ်။
ဝက်သက် ကာကွယ်ဆေး ပထမအကြိမ် ထိုးထားတဲ့ ကလေးငယ် အချိုးအစားဟာ ၂၀၂၃ ခုနှစ်မှာ ၈၃ % ရှိပြီး ၂၀၁၉ ခုနှစ်က အချိုးအစားဖြစ်တဲ့ ၈၆ % အောက် အများကြီး လျော့နည်းနေတယ်လို့ WHO ရဲ့ ဖော်ပြချက်အရ သိရပါတယ်။