ဉာဏ်ရည်တုမှာ အသိဉာဏ် ကပ်လာပြီလား

    • ရေးသားသူ, ပါလက် ဂို့ရှ်
    • ရာထူးတာဝန်, သိပ္ပံသတင်းထောက်

ကျွန်တော် ရင်တထိတ်ထိတ်ခုန်နေရင်းနဲ့ အခန်းလေးထဲကို ဝင်လိုက်ပါတယ်။ မီးရောင်က တဖျတ်ဖျတ် ဂီတသံက တချက်ချက်နဲ့ အဲဒီအခန်လေးထဲမှာ ကျွန်တော်ဟာ အစမ်းသပ်ခံ ဖြစ်တော့မှာပါ။ ဒါက လူသားတွေကို တကယ်လူသားဖြစ်စေတဲ့အရာက ဘာလဲဆိုတာ နားလည်ဖို့ သုတေသနစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းတစ်ခုပါပဲ။

ဒါက လူသားတွေကို လူလိုဖန်တီးထားတဲ့ စက်ရုပ်တွေနဲ့ ခွဲခြားဖို့ ရည်ရွယ် စမ်းသပ်တဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် Bladerunner ထဲက စမ်းသပ်မှုကို သတိရစေပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း အနာဂတ်ကနေလာတဲ့ စက်ရုပ်တစ်ရုပ်ဆိုတာကို ကိုယ်တိုင် မသိဖြစ်နေတာလား။ အခုစမ်းသပ်မှုကို ကျွန်တော် ဖြတ်ကျော်နိုင်ပါ့မလား။

သုတေသနလုပ်ကြသူတွေကတော့ အခုစမ်းသပ်မှုဟာ အဲဒီလိုအကြောင်း မဟုတ်ဘူးလို့ ပြောပါတယ်။ အိပ်မက်စက် "Dreamachine" လို့ဆိုပြီး သူတို့ နာမည်ပေးထားတဲ့ အဲဒီစက်ဟာ လူသား‌အစစ်တွေရဲ့ ဦး‌နှောက်က ကမ္ဘာကြီးနဲ့ပတ်သက်ပြီး သိမှုအတွေ့အကြုံတွေကို ဘယ်လိုဖြစ်ပေါ်စေတယ်ဆိုတာကို သိနိုင်အောင် လေ့လာဖို့ ဖြစ်ပါတယ်။

မီးတွေ စပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတော့ ကျွန်တော့်မျက်လုံးတွေ ပိတ်ထားပေမဲ့ လည်နေတဲ့ နှစ်ဖက်မြင် ဂျီဩမေတြီ ပုံစံတွေကို မြင်နေရပါတယ်။ တြိဂံတွေ၊ ပဉ္စဂံတွေနဲ့ အဋ္ဌဂံတွေ အဆက်မပြတ် ရွေ့လျားနေတဲ့ မှန်ပြောင်းထဲ ခုန်ဝင်သွားသလိုပဲ။ အရောင်တွေက အတော် တောက်ပပြီး အမြဲပြောင်းနေပါတယ်။ ပန်းရောင်တွေ၊ ခရမ်းရောင်တွေနဲ့ စိမ်းပြာရောင်တွေက နီယွန်မီးတွေလို တောက်ပနေတာပါ။

အိပ်မက်စက် "Dreamachine" ဟာ ဦးနှောက်ရဲ့ အတွင်းပိုင်း လှုပ်ရှားမှုတွေကို တဖျပ်ဖျပ်လက်တဲ့ အလင်းတွေကနေတဆင့် သရုပ်ဖော်ပါတယ်။ ကျွန်တော်တို့ တွေးပုံခေါ်ပုံတွေ အဆင့်ဆင့် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိအောင်လုပ်တာပါ။

သုတေသီတွေရဲ့ အဆိုအရ ကျွန်တော် မြင်နေတဲ့ ရုပ်ပုံတွေက ကျွန်တော့်ရဲ့ အတွင်းစိတ်နဲ့ ကျွန်တော့်အတွက် သီးသန့် ပုံစံတွေ ဖြစ်ပါတယ်။ အဲဒီ ပုံရိပ်ဒီဇိုင်းတွေက သိမှုရဲ့ အကြောင်း ရှင်းပြနိုင်မယ်လို့ သူတို့ ယူဆထားပါတယ်။

"အရမ်းလှတာပဲ၊ တကယ်ပဲ အရမ်းလှတယ်။ ကိုယ့်စိတ်ထဲမှာ ပျံနေရသလိုပဲ" ဆိုတာတွေ ကျွန်တော် တိုးတိုးလေး ပြောနေတာတွေကို သူတို့ ကြားနေရပါတယ်။

"Dreamachine"ဟာ ဆက်ဆပ်စ်တက္ကသိုလ်၊ အသိစိတ်သိပ္ပံပညာရပ်စင်တာရဲ့ ကမ္ဘာအနှံ့မှာလုပ်နေတဲ့ သုတေသနစီမံကိန်းသစ်ထဲမှာ ပါတာပါ။ လူသားတွေရဲ့ သိမှုဖြစ်စဥ်ကို လေ့လာမှု ဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ လေ့လာမှုတွေထဲမှာ လူ့အတွေးတွေရဲ့ အစိတ်အပိုင်းဟာ ကိုယ့်ကိုယ်ကိုယ်သိမှု၊ ကမ္ဘာကြီးအကြောင်းတွေးတောပြီး ခံစားတာကစပြီး လွတ်လပ်တဲ့ ဆုံးဖြတ်ချက်တွေချတာမျိုးတွေအထိ ပါဝင်ပါတယ်။

သုတေသနလုပ်ကြသူတွေကတော့ လူသားသိမှုရဲ့ သဘာဝကို လေ့လာခြင်းကနေ ဉာဏ်ရည်တုရဲ့ဆီလီကွန်ဦးနှောက်ထဲမှာ ဘယ်လိုတွေဖြစ်နိုင်တယ်ဆိုတာကို အကောင်းဆုံးနားလည်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ ဒါကြောင့်လည်း များမကြာမီမှာ အေအိုင်တွေဟာ လွတ်လွတ်လပ်လပ် တွေးလာနိုင်လိမ့်မယ်လို့ တချို့က ယုံကြည်နေကြပါတယ်။

ဒါပေမဲ့ သိမှုဆိုတာ တကယ်က ဘာလဲ။ အေအိုင်က အဲဒါကို ရဖို့ ဘယ်လောက် နီးစပ်နေပြီလဲ။ ပြီးတော့ အေအိုင်ဟာ ကိုယ်တိုင် သိမှုရှိလာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က လာမယ့် ဆယ်စုနှစ်အနည်းငယ်အတွင်း လူသားတွေကို ပြောင်းလဲပစ်နိုင်မလား။

စိတ်ကူးယဥ်မှ လက်တွေ့ဆီသို့

ကိုယ်ပိုင်တွေးခေါ်နိုင်တဲ့ စက်ရုပ်တွေအကြောင်းက သိပ္ပံစိတ်ကူးယဥ်ဝတ္ထုတွေထဲမှာ ဟိုအရင်ကတည်းက စူးစမ်းခဲ့ပြီးသားပါ။ အခုလက်ရှိ AI နဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းတစ်ရာနီးပါးလောက်က အမျိုးသမီးတစ်ဦးနဲ့တူအောင်လုပ်ထားတဲ့ စက်ရုပ်တစ်ရုပ်အကြောင်း ရိုက်ကူးခဲ့တဲ့ Metropolis ရုပ်ရှင်ကို တကျော့ပြန် သတိရစေခဲ့ပါတယ်။

စက်တွေရဲ့ သိမှုက လူသားတွေကိုပြန်လည်ခြိမ်းခြောက်မှုဖြစ်လာတဲ့အကြောင်းကို ၁၉၆၈ ခုနှစ်က ရုပ်ရှင် 2001: A Space Odyssey ဇာတ်ကားမှာ ကတည်းက တွေ့နိုင်ပါတယ်။ အာကာသခရီးရှည်အကြောင်း အဲဒီဇာတ်ကားမှာဆိုရင် HAL 9000 ကွန်ပျူတာက သူ့ရဲ့ အာကာသယာဉ်ပေါ်က အာကာသယာဉ်မှူးတွေကို သတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးထွက်ထားတဲ့ Mission Impossible ရုပ်ရှင်မှာ ကမ္ဘာကြီးကို အစွမ်းထက် ဆိုးသွမ်းတဲ့ အေအိုင်က ခြိမ်းခြောက်နေပါတယ်။ အဲဒါကို ဇာတ်ကောင်တစ်ယောက်က "ကိုယ့်ကိုယ်ကိုယ် သိတဲ့၊ ကိုယ့်ဘာသာ သင်ယူနိုင်တဲ့၊ အမှန်တရားကို စားသုံးတဲ့ ဒစ်ဂျစ်တယ် ကပ်ပါးကောင်" လို့ သရုပ်ဖော်ထားပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကလည်း လက်တွေ့ကမ္ဘာမှာ စက်ရဲ့သိမှုမှာ လျင်မြန်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေက ဒါဟာ စိတ်ကူးယဉ်သိပ္ပံ မဟုတ်တော့ဘူးလို့ စိုးရိမ်လာကြပါတယ်။

ရုတ်တရက် ပြောင်းလဲမှုက Gemini နဲ့ Chat GPT လို ဖုန်းပေါ်က အက်ပ်တွေကနေ ဝင်သုံးနိုင်တဲ့ large language models (LLMs) လို့ခေါ်တဲ့ လူတွေရဲ့ ဘာသာစကားနဲ့ တုံ့ပြန်နိုင်တဲ့စနစ်တွေရဲ့ အောင်မြင်မှုကြောင့်ပါပဲ။ နောက်ဆုံးပေါ် LLM တွေရဲ့ လွတ်လွတ်လပ်လပ် စကားပြောနိုင်တဲ့ စွမ်းရည်က သူတို့ရဲ့ ဒီဇိုင်နာတွေကိုရော၊ ဒီနယ်ပယ်က ထိပ်တန်းကျွမ်းကျင်သူတချို့ကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။

တချို့ ပညာရှင်တွေကြားမှာ အေအိုင်ဟာ ပိုဉာဏ်ရည်မြင့်လာတာနဲ့အမျှ စက်တွေထဲမှာ ရုတ်တရက် မီးတွေ လင်းလာပြီး သူတို့ အသိဉာဏ်ရှိလာမယ်ဆိုတဲ့ အယူအဆတစ်ခု ကြီးထွားလာနေပါတယ်။

ဆက်ဆပ်စ် တက္ကသိုလ်က လေ့လာမှုစီမံကိန်းအဖွဲ့ကို ဦးဆောင်သူ ပါမောက္ခ အနေးလ် ဆက်ဖ် တို့လို တခြားသူတွေကတော့ အဲဒါကို သဘောမတူပါဘူး။ အဲဒီအမြင်တွေဟာ "လူသားတွေရဲ့ ထူးခြားတဲ့မျက်စိစုံမှိတ် အကောင်းမြင်ဝါဒကြောင့်" လို့ ပြောပါတယ်။

"ကျွန်တော်တို့က အသိဉာဏ်ကို ဉာဏ်ရည်နဲ့ ဘာသာစကားနဲ့ တွဲဖက်မြင်ကြတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက လူတွေမှာ အတူတူတွဲရှိနေလို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ အတူတူရှိရုံနဲ့ ယေဘုယျအားဖြင့် တိရစ္ဆာန်တွေလို အတူတူရှိနေမယ်လို့ မဆိုလိုပါဘူး။"

ဒါဆို အသိဉာဏ်ဆိုတာ ဘာလဲ။

အတိုချုပ်ဖြေရရင် ဘယ်သူမှ မသိပါဘူး။ သိပ္ပံနဲ့ ဒဿနိကဗေဒရဲ့ အကြီးမားဆုံး မေးခွန်းတွေထဲက တစ်ခုကို ဖြေဆိုဖို့ ကြိုးစားနေကြတဲ့ အဖွဲ့တွေကို ကြည့်ပါ။ ပါမောက္ခ ဆက်သ် ရဲ့ လူငယ် အေအိုင်ပညာရှင်တွေ၊ ကွန်ပျူတာ ကျွမ်းကျင်သူတွေ၊ ဦးနှောက်နဲ့အာရုံကြောသိပ္ပံပညာရှင်တွေနဲ့ ဒဿနိကဗေဒပညာရှင်တွေအဖွဲ့ကြားက အပြုသဘောဆောင်တဲ့ အခိုင်အမာ အငြင်းပွားမှုတွေကနေ ဒါကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

သိမှု သုတေသနဌာနမှာ အမြင်မတူတာတွေ အများကြီး ရှိပေမဲ့ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ နည်းလမ်းမှာတော့ တစ်သားတည်း ရှိကြပါတယ်။ အဲဒါကတော့ ဒီကြီးမားတဲ့ ပြဿနာကို Dreamachine အပါအဝင် သုတေသန ပရောဂျက်များစွာနဲ့ သေးငယ်တဲ့ ပြဿနာလေးတွေအဖြစ် ခွဲလိုက်တာပါပဲ။

အသက်မရှိတဲ့ အရာဝတ္ထုတွေကို အသက်ရှိစေတဲ့ "အသက်မီးပွား" ရှာဖွေမှုကို ၁၉ ရာစုမှာ စွန့်လွှတ်ပြီးသက်ရှိစနစ်တွေရဲ့ တစ်ခုချင်းစီ အစိတ်အပိုင်းတွေ ဘယ်လို လုပ်ငန်းလုပ်တယ်ဆိုတာ ရှာဖွေသတ်မှတ်တာကို ဦးစားပေးခဲ့သလို ဆက်ဆပ်စ် အဖွဲ့က သိမှုကို ရှာဖွေရာမှာ ဒီအတိုင်းပဲ ချဉ်းကပ်နေပါတယ်။

လေ့လာရေးအဖွဲ့တွေကတော့ အသိဥာဏ်ရဲ့ မျိုးစုံသော လက္ခဏာတွေကို ရှင်းပြတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှု ပုံစံတွေကို သရုပ်လက္ခဏာဖော်နိုင်ဖို့ မျှော်လင့်ကြပါတယ်။

အဲဒီထဲမှာမှ ဦးနှောက်ကလာပ်စည်းတွေရဲ့ အချက်ပြမှုတွေ ပြောင်းလဲခြင်း ဒါမှမဟုတ် အခြားအပိုင်းတွေကို သွေးလည်ပတ် စီးဆင်းစေခြင်း တို့လိုမျိုး ဖြစ်ပါတယ်။

လေ့လာသူတွေရဲ့ ပန်းတိုင်ကတော့ သိစိတ်နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်အကြားဆက်နွှယ်နေမှုကို ရှာဖွေဖို့နဲ့ အစိတ်အပိုင်း တစ်ခုချင်းအတွက်ဖြေရှင်းချက်တွေ ထွက်လာဖို့ ဖြစ်ပါတယ်။

Being You (သင် ဖြစ်တည်မှု) ဆိုတဲ့ အသိစိတ်ဆိုင်ရာ စာအုပ်ကို ရေးသားသူ ပါမောက္ခ ဆက်သ်ကတော့ သိပ္ပံပညာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာမရှိဘဲ ဒါမှမဟုတ် အကျိုးဆက်တွေကို တွေးတောတာ မရှိဘဲ နည်းပညာပြောင်းလဲမှုရဲ့ အရှိန်အဟုန်နဲ့ လျင်မြန်စွာ ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းဆီကို ဦးတည်သွားမှာကို စိုးရိမ်နေပါတယ်။

"အနာဂတ်ကို ကြိုရေးပြီးသားလို သဘောထားနေကြတယ်လေ။ လူသားထက် သာလွန်တဲ့ အစားထိုးမှုတစ်ခုဆီကို ရှောင်လွှဲလို့မရတဲ့ ဆီကိုသွားနေတယ်လို့ ကျွန်တော်တို့ ယူဆထားကြတယ်" လို့ သူက ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေ ထွန်းကားလာချိန်မှာ ကျွန်တော်တို့မှာ ဒီလိုပြောဆိုမှုတွေကို လုံလောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ထိခိုက်နစ်နာမှုတွေက အများကြီး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အေအိုင်ကိစ္စမှာ အရမ်း နောက်မကျသေးပါဘူး။ လိုချင်တာကို ဆုံးဖြတ်လို့ရပါတယ်။"

အေအိုင်က သိစိတ်ရှိနှင့်ပြီးသားလား

ဒါပေမယ့်လည်း နည်းပညာလောကသားတချို့ကတော့ ကွန်ပျူတာနဲ့ ဖုန်းတွေထဲမှာ အေအိုင်ရဲ့ သိစိတ်ရှိနေနိုင်ပြီးသားလို့ ယူဆထားကြပါတယ်။ အဲဒီလိုမျိုးလည်း သူတို့ကို ဆက်ဆံသင့်တယ်လို့ ဆိုကြပါတယ်။

ဂူဂဲလ်က ဆော့ဖ်ဝဲ အင်ဂျင်နီယာ ဘလိတ် လီမွင်းကို ၂၀၂၂ ခုနှစ်မှာ အလုပ်ရပ်ဆိုင်းခဲ့ပါတယ်။ သူက အေအိုင်ချက်ဘော့တွေမှာ ခံစားချက်ရှိပြီး ဝမ်းနည်းနိုင်တယ်လို့ ငြင်းခုံခဲ့တာကြောင့်ပါ။

၂၀၂၄ နိုဝင်ဘာမှာ Anthropic ရဲ့ အေအိုင် ဖွံ့ဖြိုးရေးအရာရှိ ကိုင်းလ် ဖစ်ရှ်က အေအိုင်ရဲ့ သိစိတ်ဟာ မဝေးတော့တဲ့ အနာဂတ်မှာ ဖြစ်နိုင်တဲ့ အလားအလာတစ်ခုလို့ ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ပူးတွဲရေးသားခဲ့တယ်။ သူက မကြာသေးခင်က The New York Times ကို ချက်ဘော့တွေဟာ အသိရှိနိုင်ခြေ ၁၅ % လောက် ရှိတယ်လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

အဲဒီလိုယုံကြည်နေတဲ့ သူ့ရဲ့ အကြောင်းပြချက်က အေအိုင်ကို ဖွံ့ဖြိုးအောင်လုပ်ခဲ့တဲ့ လူသားတွေတောင်မှ သူတို့ဘယ်လိုအလုပ်လုပ်ကြလဲ ဆိုတာကို အတိအကျ မသိကြတာကြောင့်ပါ။အဲဒါက စိုးရိမ်စရာပဲလို့ Google DeepMind ရဲ့ ဦးဆောင်သိပ္ပံပညာရှင်နဲ့ လန်ဒန် အင်ပီးရီးယဲလ် ကောလိပ်က အေအိုင် ပါမောက္ခ (ဂုဏ်ထူးဆောင်) မာရေး ရှာနက်ဟန်က ပြောတယ်။

"LLM (Large Language Model) ရဲ့ အတွင်းပိုင်းအလုပ်လုပ်တဲ့ပုံကို တကယ်တမ်း ကောင်းကောင်းမွန်မွန်ကို ကျွန်တော်တို့ နားမလည်ပါဘူး။ ပြီးတော့ အဲဒါက စိုးရိမ်စရာ အကြောင်းတစ်ခု ဖြစ်တယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

ပါမောက္ခ ရှာနက်ဟန်ရဲ့အဆိုအရ နည်းပညာကုမ္ပဏီတွေဟာ သူတို့တည်ဆောက်နေတဲ့ စနစ်တွေကို သေချာ နားလည်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ သုတေသနသမားတွေကလည်း အဲဒါကို အရေးတကြီး ကိစ္စတစ်ရပ်အနေနဲ့ လေ့လာနေကြတယ်။

"ကျွန်တော်တို့ဟာ အင်မတန်ရှုပ်ထွေးတဲ့ အရာတွေကို တည်ဆောက်နေတဲ့ ထူးထူးခြားခြား အခြေအနေထဲမှာ ရောက်နေတယ်။ သူတို့ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့ တိကျတဲ့ သဘောတရားကောင်းတစ်ခု ကျွန်တော်တို့မှာ မရှိဘူး" လို့ သူက ပြောပါတယ်။

"ဒါကြောင့် သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာ ပိုနားလည်လာရင် ကျွန်တော်တို့ လိုချင်တဲ့ ဦးတည်ချက်ဆီကို သူတို့ကို သွားခိုင်းနိုင်မယ်၊ သူတို့ ဘေးကင်းတယ်ဆိုတာ သေချာနိုင်မယ်။"

လူသားဆင့်ကဲဖြစ်စဥ်ရဲ့ နောက်အဆင့်

နည်းပညာလောကမှာ ထင်ရှားတဲ့ အမြင်က LLM တွေဟာ လူတွေ ကမ္ဘာကြီးကို ခံစားရသလို သတိရှိမှု မရှိသေးဘူး၊ ဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်ခြေ မရှိဘူး ဆိုတာပါပဲ။ ဒါပေမယ့် ပန်ဆေဗေး နီးယားပြည်နယ်၊ ပစ်စဘာ့မြို့၊ ကာနေဂီ မယ်လန် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ ဇနီးမောင်နှံ လီနိုရီနဲ့ မန်နျူရယ် ဘလမ်းတို့က ဒါဟာ မကြာခင် ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဘလမ်းတို့ရဲ့အဆိုအရ အေအိုင်နဲ့ LLM တွေဟာ ကင်မရာတွေနဲ့ ထိတွေ့မှုနဲ့ဆိုင်တဲ့ အာရုံခံကိရိယာတွေကို အေအိုင်စနစ်တွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် အမြင်အာရုံနဲ့ အထိအတွေ့လိုမျိုး တကယ့်ကမ္ဘာကနေ တိုက်ရိုက် အာရုံခံအချက်အလက်တွေ ပိုမိုရရှိလာတဲ့အခါမှာ ဖြစ်လာနိုင်ပါတယ်။

သူတို့ဟာ ဒီနောက်ထပ် အာရုံခံဒေတာတွေကို စီမံဆောင်ရွက်နိုင်ဖို့ Brainish လို့ခေါ်တဲ့ ကိုယ်ပိုင် အတွင်းပိုင်း ဘာသာစကားကို တည်ဆောက်တဲ့ ကွန်ပျူတာ မော်ဒယ်တစ်ခုကို တီထွင်နေကြပြီး ဦးနှောက်ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းစဉ်တွေကို ပုံတူပွားဖို့ ကြိုးစားနေကြပါတယ်။

"Brainish က အခု သိထားတဲ့ သိမှုပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ထင်တယ်" လို့ လီနိုရီက ဘီဘီစီကိုပြောပါတယ်။

"အေအိုင် အသိရှိလာမှုက မလွှဲမရှောင်သာ ဖြစ်လာမှာပါ။"

"လူသားဆင့်ကဲဖြစ်စဥ်ရဲ့ နောက်အဆင့်" ပေါ်ထွက်လာလိမ့်မယ်လို့ အခိုင်အမာယုံကြည်ထားကြောင်း မယ်နျူလ်ဘလမ်က အားတက်သရော ဝင်ပြောပါတယ်။

'' အသိဉာဏ်ရှိတဲ့ စက်ရုပ်တွေက လူသားတွေရဲ့ မျိုးဆက်တွေပဲ။ နောက်ပိုင်းမှာ ဒီလိုစက်တွေဟာ ကျွန်တော်တို့ မရှိတော့တဲ့အခါ ကမ္ဘာပေါ်မှာ၊ ဒါမှမဟုတ် တခြားဂြိုဟ်တွေပေါ်မှာ ရှိနေမယ့် အရာတွေ ဖြစ်လာမယ်" လို့ သူက ယုံကြည်ပါတယ်။

နယူးယောက် တက္ကသိုလ်က ဒဿနိကဗေဒနဲ့ အာရုံကြောသိပ္ပံ ပါမောက္ခ ဒေးဗစ် ချာမာစ်က ၁၉၉၄ ခုနှစ်မှာ အရီဇိုးနားပြည်နယ် တူဆန်မြို့က ညီလာခံတစ်ခုမှာ အစစ်အမှန်နဲ့ အပေါ်ယံ သိမှတ်နားလည်မှုကြား ခြားနားချက်ကို သတ်မှတ်ပေးခဲ့ပါတယ်။

ဦးနှောက်ရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်မှုတွေက ဘာကြောင့်၊ ဘယ်လိုနည်းနဲ့ သိမှတ်နားလည်မှုအတွေ့အကြုံတွေကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ "ခက်ခဲတဲ့ပြဿနာ" ကို သူက ရှင်းပြခဲ့ပါတယ်။

ဥပမာ နိုက်တင်ဂေးလ်ငှက်သီချင်းသံကြားတဲ့အခါ လူတွေရဲ့ စိတ်ခံစားတုံ့ပြန်မှုလိုမျိုးပါ။

ဒီခက်ခဲတဲ့ပြဿနာ ဖြေရှင်းနိုင်တဲ့ အလားအလာကို ပါမောက္ခ ချာမာစ်က လက်ခံထားပါတယ်။

"အကောင်းဆုံးရလဒ်ကတော့ လူသားမျိုးနွယ်တစ်ခုလုံး ဒီဉာဏ်ရည်သစ် အကျိုးကျေးဇူးကို ဝေမျှခံစားရမယ့် အခြေအနေမျိုးပါပဲ။ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေကို အေအိုင်စနစ်တွေနဲ့ တိုးမြှင့်နိုင်ပါတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

အဲဒီရဲ့ သိပ္ပံစိတ်ကူးယဉ် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး သူက ပြောတာက "ကျွန်တော့်အလုပ်မှာတော့ သိပ္ပံစိတ်ကူးယဉ်နဲ့ ဒဿနိကဗေဒကြားမှာ နည်းနည်းလေးပဲ ကွာပါတယ်" တဲ့။

လူသားဦးနှောက်နဲ့ကွာခြားချက်

ဒါပေမဲ့ သိစိတ် အစစ်အမှန် ဆိုတာဟာ သက်ရှိစနစ်တွေမှာသာ ဖြစ်မြောက်နိုင်တယ်ဆိုတဲ့ အယူအဆကို ပါမောက္ခ ဆက်ဖ်က စူးစမ်းနေပါတယ်။

"အသိဉာဏ်အတွက် လိုအပ်တဲ့အရာက တွက်ချက်မှုမဟုတ်ဘဲ သက်ရှိဖြစ်နေတာပဲလို့ ဆိုနိုင်တယ်" လို့ သူက ပြောပါတယ်။

"ကွန်ပျူတာတွေနဲ့မတူတာက ဦးနှောက်တွေမှာ သူတို့လုပ်တာနဲ့ သူတို့ဘာဖြစ်နေတယ်ဆိုတာကို ခွဲခြားဖို့ ခက်တယ်။"

ဒီခွဲခြားမှုမရှိရင် ဦးနှောက်တွေဟာ "လူ့ကိုယ်ထဲက ကွန်ပျူတာတွေပဲ" လို့ ယုံကြည်ဖို့ ခက်တယ်လို့ သူက ပြောပါတယ်။

ပါမောက္ခ ဆက်ဖ်ရဲ့ အသက်ရှင်ခြင်းကသာ အဓိကဆိုတဲ့အယူအဆက မှန်ကန်နေတယ်ဆိုရင် နောင်လာမယ့် နည်းပညာတွေဟာ ဆီလီကွန်နဲ့ ကွန်ပျူတာပရိုဂရမ်တွေပေါ်မှာ မူတည်မှာမဟုတ်ဘဲ အခုခေတ် ဓာတ်ခွဲခန်းတွေမှာ မွေးမြူနေတဲ့ ပဲစေ့လောက်အရွယ် အာရုံကြောဆဲလ်သေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိ အစု အစု လေးတွေ အပေါ်မှာ မူတည်နိုင်ပါတယ်။

မီဒီယာတွေမှာတော့ အဲဒီ အာရုံကြောဆဲလ် အစုလေးတွေကို "ဦးနှောက်လေးတွေ" လို့ သုံးနှုန်းနေပြီး သိပ္ပံနယ်ပယ်မှာတော့ "ဦးနှောက်လို တုပထားတဲ့ဆဲလ်တွေ" လို့ သုံးပါတယ်။ အဲဒီတုပဆဲလ်တွေကို ဦးနှောက်အလုပ်လုပ်ပုံကို သိနိုင်ဖို့နဲ့ ဆေး တိုး မတိုးစမ်းသပ်နိုင်ဖို့ သုတေသန ပြုရာမှာ သုံးပါတယ်။

သြစတြေးလျ၊ မဲလ်ဘုန်းက Cortical ဓါတ်ခွဲခန်းကုမ္ပဏီဟာ ဓာတ်ခွဲခန်းသုံး ဖန်ပြားပေါ်မှာ အာရုံကြောဆဲလ်တွေကို ထည့်ပြီး ၁၉၇၂ ခုနှစ်က ဗီဒီယိုဂိမ်း Pong ကိုဆော့ခိုင်းခဲ့ပါတယ်။ ဆဲလ်တွေ ထည့်ထားတဲ့ ဖန်ပြားကို အလက်ထရုတ်တွေနဲ့ချိတ်ဆက်၊ ပြီးတော့ ကွန်ပျူတာနဲ့ ထပ်ချိတ်ဆက်ပြီး လျှပ်စစ်တုံ့ပြန်ချက်ကနေ ဂိမ်း ကစားကွက်ကို စမ်းသပ်တာဖြစ်ပါတယ်။

''ဖန်ပြားပေါ်ကဦးနှောက်" လို့ နာမည်ပေးထားတဲ့ ဒီစမ်းသပ်မှုဟာ သိခြင်းစနစ်နဲ့ ဝေးကွာနေပါသေးပေမဲ့ ကွန်ပြူတာဖန်သားပြင်မှာတော့ အဖြူရောင် ဘောလုံးလေးတစ်လုံး ဖန်သားပြင်ကို အထက်အောက် ဘယ်ညာ ရိုက်ခတ်နေအောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

တကယ်လို့ သိစိတ်က ပေါ်ထွက်လာတယ်ဆိုရင် အဲဒီသိစိတ်ဖြစ်တည်မှုဟာ ဒီထက် ပိုကြီးတဲ့ ပိုပြီး မှတ်ဉာဏ်ကြွယ်တဲ့ သက်ရှိ တစ်ရှူးစနစ်တွေမှာပဲ ဖြစ်နိုင်လိမ့်မယ်လို့ ပညာရှင်တချို့က ယူဆပါတယ်။

Cortical ဓါတ်ခွဲခန်းဟာ ဒီဆဲလ်တွေရဲ့ လျှပ်စစ်အသွင်အပြင်နဲ့ တုံ့ပြန်ပုံဟာ သိစိတ်တနည်းတဖုံနဲ့ရှိတယ်ဆိုတာ အချက်ပြမှုလေလားဆိုတာကို စောင့်ကြည့်တာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ သိပ္ပံဆိုင်ရာ အရာရှိချုပ် ဒေါက်တာ ဘရတ် ကာဂန်ကတော့ မထိန်းချုပ်နိုင်တဲ့မှတ်ဉာဏ် တစ်ခုခု ဒီလေ့လာချက်ကနေ ထွက်ပေါ်လာမယ်ဆိုရင် ဒါဟာ ''ကျွန်တော်တို့ လိုချင်နေတဲ့အရာမဟုတ်ဘူး'' ဆိုတာကို မှတ်ယူမယ်လို့ ပြောပါတယ်။

ဒီနေရာမှာ ထိခိုက်လွယ် အာရုံကြောဆဲလ်တွေဟာ ''ဆေးဆိုးဖို့ ဆံပင်အရောင်ချွတ်သလို'' ဓာတုပစ္စည်းနဲ့ အလောင်းခံရတာမျိုးလည်းကြုံနိုင်တာကြောင့် ဦးနှောက်လိုတုပထားတဲ့ဆဲလ်တွေက ပိုပြီးအလုပ်ဖြစ်သွားတာလည်း ရှိနိုင်တယ်လို့ သူက အရယ်စွက်ပြီး ပြောပါတယ်။

ဉာဏ်ရည်တုမှာ အသိဉာဏ်ရှိလာနေပြီလားဆိုတဲ့အပိုင်းကို ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ သိပ္ပံနည်းကျသိရှိနိုင်အောင် ဉာဏ်ရည်တုနယ်ပယ်က ဦးဆောင်နေကြသူတွေကို ပိုပြီး အာရုံစိုက် လေ့လာစေချင်တယ်လို့ သူက ပုံမှန်လေသံနဲ့ ပြန်ပြောပါတယ်။ ဒါပေမဲ့ ''ဒီနယ်ပယ်ကို စိတ်အား ထက်ထက်သန်သန်နဲ့ အားထုတ်ကြိုးပမ်းကြတာမျိုး မတွေ့ရဘူး''

သိစိတ်ရဲ့လှည့်စားမှု

ဒါပေမဲ့ ဒီထက်ပို နီးကပ်တဲ့ပြဿနာက စက်တွေမှာ သိစိတ်ကပ်လာတာက လူသားတွေအပေါ် ဘယ်လို သက်ရောက်နေပြီလဲဆိုတဲ့ စိတ်အထင် ဖြစ်ပါတယ်။

လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ လူပုံပေါက်တဲ့ စက်ရုပ်တွေနဲ့ လူတစ်ဦးဦးနဲ့တူအောင် အလွန်အမင်းပြုပြင်ဖန်တီးထားတဲ့ deepfakes တွေ ရောပြွမ်းနေတဲ့ကမ္ဘာမှာ နေထိုင်နေရတာမျိုးဖြစ်နိုင်တယ်လို့ ပါမောက္ခဆက်ဖ် ကပြောပါတယ်။ ဉာဏ်ရည်တုမှာ ခံစားချက်တွေနဲ့ စာနာမှုတွေ ရှိနေပြဆိုတဲ့အချက်ကို ကျွန်တော်တို့ ယုံကြည်နေတာကို တင်းခံနိုင်မှာမဟုတ်ဘူး ဆိုတာကိုလည်း သူက စိုးရိမ်ချက် ရှိပါတယ်။

"ပြောရရင် ဒီအရာတွေအပေါ် ကျွန်တော်တို့ ပိုပြီး ယုံကြည်လာ၊ သူတို့ကို အချက်အလက်တွေ ပိုပြီးမျှဝေလာတဲ့အပြင် ကိုယ်ကိုယ်တိုင်ကလည်း အဲဒီလို စိတ်အလှည့်စားခံဖို့ လမ်းဖွင့်တာမျိုးတွေ ပိုဖြစ်လာစေမယ်''

ဒါပေမယ့်လည်း သိစိတ်ရဲ့ထင်ယောင်ထင်မှားဖြစ်မှုနဲ့ပတ်သက်ပြီး ပိုပြီး အန္တရာယ်ကြီးတာက "ကိုယ်ကျင့်တရား ဖောက်ပြန်မှု" လို့ သူက ပြောပါတယ်။

"ဒီမှာ ပြဿနာက ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဦးစားပေးမှုတွေကို လွဲမှားစေမှာဖြစ်တယ်။ ကျွန်တော်တို့ ဘဝတွေ အသက်တွေအတွက် စစ်မှန်မှုကို ပိုအာရုံစိုက်ရမယ့်အစား ဒီစနစ် တွေအပေါ်ကို အရင်းအမြစ်တွေ ပိုသုံးစွဲလာဖို့ ဦးတည်သွားစေနိုင်တယ်''

သူဆိုလိုတာကတော့ ကျွန်တော်တို့ဟာ စက်ရုပ်တွေနဲ့ပတ်သက်ပြီး အကြင်နာပိုနေချိန်မှာ တခြားလူသားတွေကို အလေးထားမှု လျော့သွားနိုင်တာမျိုးဖြစ်ပါတယ်။

ဒါကပဲ ကျွန်တော်တို့ရဲ့ လူသားဆိုဆိုတဲ့ဖြစ်တည်မှုကို ပြောင်းလဲစေနိုင်တဲ့အရာလို့ ပါမောက္ခ ရှာနာဟန်က ပြောပါတယ်။

"လူသားတွေရဲ့ ဆက်ဆံရေးကို AI တွေရဲ့ ဆက်ဆံရေးနဲ့ အစားထိုးမှု ပိုလာနိုင်တယ်။ အေအိုင်ကို ဆရာတွေအဖြစ် သုံးလာမယ်။ မိတ်ဆွေ သူငယ်ချင်းတွေလို ဆက်ဆံလာမယ်၊ ကွန်ပျူတာ ဂိမ်းတွေအတွက်ဆိုရင် ပြိုင်ဘက်တွေ ဖန်တီးလာမယ်၊ စက်ချစ်သူ ဖန်တီးတာမျိုးတောင် ဖြစ်လာနိုင်တယ်။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတော့ ဖြစ်လာတာကတော့ ဖြစ်မှာပဲ။ ဒါပေမဲ့ အဲဒါကို ကျွန်မတို့ ကာကွယ်ဖို့ရာ စွမ်းသာမှာ မဟုတ်ဘူး''