BGF နယ်ထဲ စီးနင်းဖောက်ခွဲမှုတွေက ကျားဖြန့်နှိမ်နင်းရေးမှာ တကယ်ထိရောက်လား

ဓာတ်ပုံ ရင်းမြစ်, The Reporters
ကျားဖြန့်ဂိုဏ်းတွေအခြေစိုက်တယ်လို့ ကျော်ကြားတဲ့ မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက KK Park နေရာကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးမှုတွေလုပ်နေတယ်လို့ မြန်မာစစ်တပ်က ဓာတ်ပုံမှတ်တမ်းတွေ၊ ရုပ်သံဖိုင်တွေနဲ့ တောက်လျှောက်ထုတ်ပြန်ပါတယ်။
KK Park ဆိုတာက ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေချတဲ့ အရှေ့တောင်အာရှရဲ့ ဗဟိုချက်နေရာတွေထဲက တစ်ခုအဖြစ် တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ အစိုးရတွေ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကပါ သတ်မှတ်ထားကြတဲ့နေရာဖြစ်ပါတယ်။
KK Park ဝင်းထဲမှာ လုပ်ငန်းဆိုက် နေရာ ၆ ခု ရှိပါတယ်။ အခုမြန်မာစစ်တပ်စီးနင်းဖြိုခွင်းပြီး အဆောက်အဦတွေကို ဖျက်ဆီးခဲ့တာက ဆိုက်အမှတ် ၂ နေရာမှာဖြစ်ပါတယ်။
နောက်ထပ် ဆိုက် ၅ ခုမှာတော့ ကျားဖြန့်လုပ်ငန်းတွေ ပြောင်းရွှေ့သွားတာကြောင့် အဆောက်အဦတွေတော့ ကျန်နေပါသေးတယ်။
ဒါပေမဲ့ KK Park အနီးက အေအေပါ့ခ် (AA Park) နဲ့ ဧက ၁၀၀ ဝင်းကြီးတွေထဲမှာတော့ ကျားဖြန့်လုပ်ငန်းတွေဆက်ပြီးလည်ပတ်နေသေးတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"အေအေပါ့ခ် (AA Park) နဲ့ ဧက ၁၀၀ ဝင်းထဲမှာ မြန်မာလူမျိုးတွေရော နိုင်ငံခြားသားတွေနဲ့ရော ကျားဖြန့်ဆက်လုပ်နေကြတယ်''လို့ သူက ပြောပါတယ်။
တကယ်တမ်း နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ပြောထားတဲ့ ကျားဖြန့်ဂိုဏ်းတွေရှိတဲ့နေရာက KK Park တစ်ခုတည်းမဟုတ်ပါဘူး။ ကရင်နယ်ခြားစောင့်တပ် (BGF)ပဲ ထိန်းချုပ်ထားတဲ့ တခြားနေရာတွေမှာလည်းရှိတယ်လို့ ဖော်ထုတ်ထားကြသလို ဒီဂိုဏ်းတွေကနေ လွတ်မြောက်လာတဲ့ သားကောင်တွေကလည်း ထုတ်ပြောထားကြပါတယ်။
ဒါကြောင့် ဒီလို အဆောက်အဦတွေကို တစ်နေရာမှာ ဖြိုချဖျက်ဆီးရုံနဲ့ ပြန့်ကျဲပျံ့နှံ့နေတဲ့ ကျားဖြန့်ဂိုဏ်းတွေ ပျောက်ကွယ်သွားနိုင်ပါ့မလားဆိုတဲ့မေးခွန်းလည်း ပေါ်လာပါတယ်။ ဘီဘီစီက KK Park ၊ ရွှေကုက္ကိုနဲ့ ဝမ်ခ စတဲ့နေရာတွေမှာ ရှိနေသူ အနည်းဆုံး ၃ ဦးထက်မကနဲ့ ဆက်သွယ်စကားပြောကြည့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Supplier
KK Park ထဲက ဘယ်နေရာတွေကို ဖောက်ခွဲခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်ရဲ့ ဖြိုခွင်းဖျက်ဆီးမှုတွေနောက်မှာ KK Park ဝင်းကို ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပြီး အဝင်အထွက်တွေကို တင်းကျပ်ထားပါတယ်။
KK Park က "မြို့ပျက်ကြီးလို ဖြစ်နေပြီ" လို့ ဖောက်ခွဲခံထားရတဲ့ အပျက်အစီးတွေကို မျက်မြင်တွေ့ခဲ့ရတဲ့ မြဝတီမြို့ခံ ကိုဝင်းမြင့်(အမည်လွှဲ)က ပြောပါတယ်။
မြဝတီမြို့ခံ ကိုဝင်းမြင့်ဟာ KK Park ထဲက ဆောက်လုပ်ရေးငန်းလုပ်ငန်းခွင်တစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ ကာလအတန်ကြာ နေထိုင်အလုပ် လုပ်ကိုင်ခဲ့တဲ့သူဖြစ်သလို အတွင်းထဲနဲ့လည်း အဆက်အသွယ်ရှိနေသူဖြစ်ပါတယ်။
KK Park ကို ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်းက ထိန်းချုပ်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ဘီဘီစီကို ကိုဝင်းမြင့် ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲမှာလည်း KK Park ထဲက အဆောက်အဦတချို့ ဖြိုချခံထားရတာ၊ မီးလောင်ထားတာတွေကို တွေ့ရပါတယ်။
စစ်တပ်က အဆောက်အဦတွေကို ဖောက်ခွဲတဲ့အခါမှာ အထပ်မြင့်အဆောက်အဦတွေကိုသာ ဖောက်ခွဲတာဖြစ်ပြီး အထပ်နိမ့်အဆောက်အဦတွေကိုတော့ ဘူဒိုဇာနဲ့ပဲထိုးပြီးဖြိုချတယ်လို့ သူသိထားတာကို ကိုဝင်းမြင့်က ပြောပါတယ်။
စစ်ကော်မရှင်ကတော့ KK Park ထဲက အဆောက်အဦ ၁၀၁ လုံးကို ဖြိုချဖျက်ဆီးထားပြီး နောက်ထပ်ကျန်တဲ့ ၄၇ လုံးကိုလည်း ဆက်ဖြိုချသွားမယ်လို့ နိုင်ငံပိုင်သတင်းစာကနေ နိုဝင်ဘာလမှာ ကြေညာပါတယ်။
KK Park ထဲက ဖောက်ခွဲမှုတွေနဲ့ပတ်သက်လို့ အောက်တိုဘာ တတိယအပတ်ကနေ နိုဝင်ဘာ ဒုတိယအပတ်အထိ တစ်လနီးပါးမှာပဲ ဖောက်ခွဲမှုအကြိမ်ရေ ၃၀ ထက်မနည်းရှိခဲ့ပါတယ်။
နိုဝင်ဘာလအတွင်းမှာတော့ စစ်တပ်က KK Park ထဲမှာ အကြိမ်ရေပိုတိုးပြီး ဖောက်ခွဲလာတယ်လို့ ဖောက်ခွဲသံတွေကို ကြားနေရတဲ့ မြဝတီဒေသခံတချို့က ပြောပါတယ်။
"စဖောက်တုန်းက တစ်ရက်ကို ၂ ကြိမ်လောက်ပဲဖောက်တာ၊ အခုကတော့ တချို့ရက်တွေဆိုရင် ၄ ကြိမ်လောက်ထိ ဖောက်သံကြားတယ်"လို့ မြဝတီဒေသခံတစ်ဦးက နိုဝင်ဘာ ဒုတိယပတ်က ပြောပါတယ်။
လက်ရှိမှာ KK Park ထဲက ဆိုက် ၂ တစ်ခုတည်းက အဆောက်အဦတွေကို စစ်တပ်နဲ့ BGF တို့က ပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပြီး ကျန်တဲ့ ဆိုက်တွေက အဆောက်အဦတွေကိုတော့ ဖောက်ခွဲဖြိုချတာမရှိသေးဘူးလို့ မျက်မြင်တွေ့ခဲ့တဲ့ ကိုဝင်းမြင့်က ပြောပါတယ်။
ဒါပေမဲ့ KK Park ထဲက ကျန်တဲ့ ဆိုက်တွေမှာလည်း ဖောက်ခွဲဖို့ မိုင်းထောင်တာတွေ စလုပ်နေပြီလို့ ဆိုသလို KK Park ထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်လည်ပတ်တာ မရှိတော့ဘူးလို့ သူက အတည်ပြုပြောပါတယ်။
'' အဆောက်အဦတွေ ဆက်ရှိနေပြီး ကျားဖြန့်လုပ်ငန်းတွေကတော့ မရှိတော့ဘူး''
KK Park ထဲမှာ ကျန်နေတဲ့ အဆောက်အဦတွေကို ဘယ်လိုဆက်လုပ်မလဲလို့ BGF ကို ဘီဘီစီက မေးခဲ့ရာမှာတော့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က '' KK Park ထဲမှာဘာမှ မရှိတော့ဘူး။ ကျွန်တော်တို့ အားလုံးရှင်းလိုက်ပြီ'' လို့ နိုဝင်ဘာ ၁၈ ရက်မှာ တုံ့ပြန်ပါတယ်။
KK Park ထဲက ဖောက်ခွဲမှုတွေဟာ KK Park ဝင်းထဲကို စစ်ကော်မရှင်တပ်တွေ အောက်တိုဘာ တတိယပတ်က ဝင်ရောက်စီးနင်းပြီးနောက်ပိုင်းမှ စတင်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကတော့ ဒီစီးနင်းမှုကို နယ်စပ်က တရားမဝင်လုပ်ငန်းများမရှိစေရေး နယ်မြေစိုးမိုးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ စီးနင်းခဲ့တာလို့ ခေါင်းစဉ်တပ်ထားပါတယ်။
အဆောက်အဦတွေဖျက်ဆီးတာက အဖြေလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြေပြင်ရင်းမြစ် ၂ ဦးထက်မနည်းရဲ့ ပြောကြားချက်အရ KK Park ထဲက အဆောက်အဦတွေကိုဖျက်ဆီးချိန်မှာ အများစုက BGF ထိန်းချုပ်ထားတဲ့ တခြားနေရာတွေကို ရွှေ့ပြောင်းသွားကြတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ဒုတိယအပတ်အထိ KK Park ရဲ့ ဆိုက်တွေထဲက လူသုံးကုန်ပစ္စည်းတွေနဲ့ လုပ်ငန်းသုံး ကွန်ပျူတာ၊ စားပွဲခုံ စတဲ့ ပစ္စည်းတွေအားလုံးကို သယ်ယူရွှေ့ပြောင်းနေကြတာလို့ မျက်မြင်တွေ့ခဲ့သူ ကိုဝင်းမြင့်ကပြောပါတယ်။
ရွှေ့ပြောင်းသွားတဲ့နေရာတွေကလည်း ကျားဖြန့်လုပ်ငန်းတွေရှိတဲ့နေရာတွေပဲလို့ဆိုပါတယ်။ မြေပြင်ရင်းမြစ် ၂ ဦးရဲ့တူညီတဲ့ အပြောအရ အဲဒီပြောင်းရွှေ့မှုတွေထဲက အများစုကို ကရင်နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်တချို့က လုပ်ပေးနေတာလို့ ဆိုပါတယ်။
"KK Park ဝင်းထဲက ပစ္စည်းတွေကို သယ်ကြတာ ဘာဆို ဘာမှမကျန်ဘူး။ အကုန်သယ်နေတာ ထိုင်ခုံနဲ့ ကွန်ပျူတာလည်း သယ်တယ်၊ စားပွဲတွေလည်းသယ်နေတာတွေ့တယ်" လို့ မြေပြင်သတင်းရင်းမြစ် တစ်ဦးက သူတွေ့ခဲ့တဲ့အခြေအနေကို ပြောပါတယ်။
KK Park ဝင်းထဲက ဆိုက်အချို့ကိုဖျက်ဆီးဖြိုခွင်းနေပေမဲ့ KK Park ဝင်းနဲ့ ကပ်လျက်က အေအေပါ့ခ် (AA Park) နဲ့ ဧက ၁၀၀ ဝင်းထဲမှာတော့ ဘာမှလုပ်ဆောင်တာမျိုး မတွေ့ရပါဘူး။
''အေအေ ဝင်းနဲ့ ဧက ၁၀၀ ဝင်းထဲမှာ ဖောက်ခွဲမှုတွေမရှိသလို ပစ္စည်းတွေရွှေ့ပြောင်းတာလည်းမရှိသေးဘူး''လို့ ကိုဝင်းမြင့်က ပြောပါတယ်။
ဧက ၁၀၀ ထဲမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးကလည်း '' ၁၀၇ (အရပ်အခေါ် ဧက ၁၀၀) ထဲမှာတော့ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေသေးတယ်" လို့ ဆိုပါတယ်။
အေအေပါ့ခ် (AA Park) နဲ့ ဧက ၁၀၀ ဝင်းတွေကိုလည်း စစ်တပ်လက်အောက်ခံ BGFရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကပဲ နယ်မြေအလိုက် တာဝန်ခွဲဝေယူပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အဲဒီကျားဖြန့်လုပ်ငန်းဆိုက်တွေဟာ ကပ်လျက်ရှိနေတာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတလျှောက်မှာပဲ အခြေတည်ထားတာဖြစ်ပါတယ်။
KK Park အပါအဝင် အေအေပါ့ခ်နဲ့ ဧက ၁၀၀ ဝင်း စတဲ့ လုပ်ငန်းဆိုက်တွေကိုလည်း BGF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကပဲ နယ်မြေအလိုက် တာဝန်ခွဲဝေယူပြီး လည်ပတ်နေတာဖြစ်ပါတယ်။
မြဝတီခရိုင်ထဲက နာမည်ကျော် ရွှေကုက္ကိုမြို့သစ်ကိုတော့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကိုယ်တိုင် ထိန်းချုပ်တယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"ဧက ၁၀၀ ဆိုရင် BGF ရဲ့ ဗိုလ်မှူးချုပ် စောမုတ်သုန်က ထိန်းချုပ်ပြီးလည်ပတ်တယ်" လို့ အမည်မဖော်လိုတဲ့ BGF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အစောပိုင်းကတည်းက ဘီဘီစီကို ပြောပါတယ်။
Justice For Myanmar(JFM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီဒေသထဲက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ နိုင်ငံတကာအနေနဲ့ မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင်တပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။
KK Park ထဲက ကျားဖြန့်လုပ်ငန်းတွေဘယ်ရောက်

ဓာတ်ပုံ ရင်းမြစ်, Thai News PIX
စစ်တပ်က KK Park ထဲကို စီးနင်းမှုမလုပ်ခင် နာရီပိုင်းအလိုမှာပဲ KK Park ထဲက တရုတ်ကျားဖြန့်လုပ်ငန်းရှင်တွေနဲ့ ရာထူးအကြီးပိုင်းတွေ တခြားနေရာတစ်ခုကို ပြောင်းရွှေ့သွားခဲ့တယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။ နောက်ထပ် မြဝတီမြို့ခံ တစ်ဦးကလည်း သူသိထားတဲ့ အချက်နဲ့ တူညီတယ်လို့ဆိုပါတယ်။
KK Park ထဲက "တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ကြီးကြပ်နေတဲ့ ရာထူးအကြီးပိုင်း တရုတ်ဝန်ထမ်းအများစုက စီးနင်းမယ့်သတင်းကြိုရပြီး ယာဉ်တန်းတွေနဲ့ခေါ်သွားတာ" လို့ အဲဒီအခြေအနေကိုသိရှိသူ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
ဒါပေမဲ့ KK Park ထဲမှာ လုပ်ကိုင်ခဲ့တဲ့ ကိုဝင်းမြင့်လို ရာထူးအကြီးပိုင်းထဲက မဟုတ်တဲ့ သူတွေအပါအဝင် နိုင်ငံခြားသားတွေကတော့ စစ်တပ်စီးနင်းမှုလုပ်မယ်ဆိုတာကို ကြိုတင်မသိခဲ့ဘူးလို့ ဘီဘီစီကို ဖြေပါတယ်။
KK Park ထဲက "အောက်ခြေဝန်ထမ်းတွေ ဘာသတင်းမှ မရခဲ့ဘူး။ နောက်ထပ် ဝင်စီးခံရရင် အဖမ်းခံရမှာကြောက်လို့ နိုင်ငံခြားသားတွေက ကြောက်လန့်ပြီး ထိုင်းဘက်ထွက်ပြေးခဲ့ကြတာ"လို့ ကိုဝင်းမြင့်က ပြောပါတယ်။
လုပ်ငန်းရှင်တွေနဲ့ ရာထူးကြီးပိုင်းတွေကိုတော့ မြဝတီမြောက်ဘက်ပိုင်းက ကျားဖြန့်လုပ်ငန်းတွေရှိတဲ့ ရွှေကုက္ကိုအပါအဝင် နေရာတချို့ကို ပို့ဆောင်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
"သစ်ကတေကျေးရွာ၊ ဝမ်ခ၊ သဲပုံ၊ ရွှေကုက္ကို" စတဲ့နေရာတွေကို BGF ယာဉ်တန်းတွေက ပို့ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီက BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီမေးခွန်းကို ပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။
ဒါပေမဲ့ "နေရပ်ပြန်ချင်တဲ့သူတွေကို အခက်အခဲမဖြစ်အောင်၊ ရွှေကုက္ကိုမြို့ထဲက စည်းကမ်းထိန်းသိမ်းရေးရုံးကို ခေါ်လာပြီးကူညီစောင့်ရှောက်ထားတာ" လို့ အောက်တိုဘာ နောက်ဆုံးပတ် က သူက ဘီဘီစီကို တုံ့ပြန်ခဲ့ဖူးပါတယ်။
လက်ရှိမှာ သစ်ကတေကျေးရွာကို BGF က ၆ ဘီးကား၊ ၁၀ ဘီးကားတွေနဲ့ လုပ်ငန်းသုံး၊ အိမ်သုံးပစ္စည်းတွေ အများဆုံးပို့နေတယ်"လို့ သူကဆိုပါတယ်။
သစ်ကတေကျေးရွာက မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စုထဲမှာ ပါဝင်ပါတယ်။ မြဝတီဒေသခံ ၂ ဦးကတော့ သစ်ကတေ ကျေးရွာက ရွှေကုက္ကိုမြို့သစ်ရဲ့ အထက်ဘက် တောင်ကြောကြားထဲမှာ ရှိတယ်လို့ အတည်ပြုပြောပါတယ်။ အဲဒီနေရာကို ဂူဂဲလ်မြေပုံမှာတောင် ရှာလို့မရပါဘူး။
ရွှေကုက္ကိုမြို့သစ်အပါအဝင် သစ်ကတေ၊ ဝမ်ခနေရာတွေကတော့ မြဝတီမြို့မြောက်ဘက်မှာရှိပြီး KK Park ကတော့ မြဝတီမြို့ တောင်ဘက်မှာရှိပါတယ်။
BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ "စစ်ဒေသ ၂ ကို ရွှေ့တယ်ဆိုပြီး သစ်ကတေကျေးရွာဘက် ကားကြီးတွေနဲ့ သယ်နေတာပဲ။ လူများများမသိသေးတဲ့ နေရာတစ်ခုမှာ စားကျက်ပြောင်း အခြေချဖို့ လုပ်နေတာ" လို့ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၁၈ ရက်မနက်အစောပိုင်းမှာတော့ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတွေကို ဝင်ရောက်စီးနင်းပြီလို့ BGF က ဘီဘီစီကို ဖြေပါတယ်။
BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က မြဝတီဒေသထဲက ကျားဖြန့်လုပ်ငန်းတွေကို စီမံချက် ၃ ခုနဲ့ နှိမ်နင်းရှင်းလင်းမယ်လို့ ဘီဘီစီကို ပြောပါတယ်။
"ကျားဖြန့်လုပ်နေတဲ့ နေရာတွေကို ဝင်ရောက်စီးနင်းမယ်၊ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုသိမ်းဆည်းမယ်။ တရားမဝင် နိုင်ငံခြားသားတွေကို စနစ်တကျ ထိန်းသိမ်းပြီး နေရပ်ပြန်ပို့မယ်"ဆိုပြီး စီမံချက်တွေကို ရှင်းပြခဲ့တာပါ။
ဒါကြောင့် KK Park ဘက်ကနေ ရွှေ့ပြောင်းကြတယ်လို့ ပြောတဲ့နေရာတွေကိုပါ BGF က နှိမ်နင်းမယ်လို့ ပြောလာတာဖြစ်ပါတယ်။
ဒါပေမဲ့ ရွှေကုက္ကိုထဲကို စီးနင်းတာတွေမလုပ်ခင် တချို့သော တရုတ်ကျားဖြန့်ခေါင်းဆောင်ပိုင်းတွေကို BGF က ကားတွေနဲ့ ကြိုတင်ရွှေ့ပြောင်းပေးခဲ့တယ်ဆိုတဲ့ သတင်းတွေရှိခဲ့ပါတယ်။
ဒီလို ရွှေ့ပြောင်းပေးခဲ့သလားဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကိုတော့ သူက ငြင်းဆိုပါတယ်။
'' ကျွန်တော်တို့က ဘယ်သူကိုမှသံသယနဲ့မဆက်ဆံသင့်ဘူး။ လက်ပူးလက်ကြပ်မမိဘဲဆိုရင် သူလည်းနစ်နာတယ်။ လက်ပူးလက်ကြပ်မိရင်တော့ ဖမ်းဆီးအရေးယူရမယ်။ တရားမဝင်နိုင်ငံခြားသားဆိုရင်တော့ ပြန်ပို့ခံထိမယ်"လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က တုံ့ပြန်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိတဲ့ အရှေ့တောင်အာရှကနေရာတွေကို ဦးတည်ဖော်ထုတ်နှိမ်နင်းသွားမယ်လို့ပြောဆိုလာတဲ့နောက်မှာ တရုတ်ဦးဆောင်တဲ့ အရှေ့တောင်အာရှ ၆ နိုင်ငံ ကျားဖြန့်နှိမ်နင်းတွေပူးတွဲအဖွဲ့လည်း ပေါ်ထွက်လာပါတယ်။
တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ ၆ နိုင်ငံ ပူးတွဲလုပ်တဲ့ ကူမင်းဆွေးနွေးပွဲကနေ ရလဒ်ထွက်တယ်လို့ စစ်ကော်မရှင်က နိုင်ငံပိုင်သတင်းစာကနေ နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာပါတယ်။
ဒေသတွင်းမှာ အွန်လိုင်းလိမ်လည်မှု အဓိကလုပ်နေတဲ့ နေရာတွေကို အဲဒီနိုင်ငံတွေက ပူးတွဲထိန်းချုပ်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်က ပြောထားပါတယ်။
အမေရိကန်ကနေ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့ ဖွဲ့စည်းပြီး တစ်ရက်အကြာမှာပဲ အရှေ့တောင်အာရှ ၆ နိုင်ငံကလည်း ကျားဖြန့်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ခြေလှမ်းစလာတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်က တရုတ်၊ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံကနေ ကျားဖြန့်အရေးအတွက် ပထမဆုံးလုပ်တဲ့ အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ အွန်လိုင်းလိမ်လည်(ကျားဖြန့်)တွေကို တိုက်ဖျက်ဖို့ နိုင်ငံတကာမဟာမိတ်အဖွဲ့ ပူးတွဲတည်ထောင်ရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေတဲ့နေရာတွေ ရှင်းလင်းဖယ်ရှားရေးနဲ့ ပြည်နှင်လွှဲပြောင်းမှုတိုးမြှင့်ပြုလုပ်ရေး စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ အထူးအဖွဲ့ကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ရှေ့နေရုံးက ပြောထားပါတယ်။
BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ ရွှေကုက္ကိုမှာ ကျားဖြန့်လုပ်ငန်း ၁၀၀၀ နဲ့ ၂၀၀၀ အကြားရှိပြီး အပြီးသတ်နှိမ်နင်းတော့မယ်လို့ ဘီဘီစီကိုဖြေပါတယ်။
ဒါက အမေရိကန်နဲ့ တရုတ်ဖိအားရှိလာလို့ မဟုတ်ဘဲ BGF က ကျားဖြန့် နှိမ်နင်းဖို့ ဆုံးဖြတ်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာလို့ သူက တုံ့ပြန်ပါတယ်။











