ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂၉ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - မိုးကုတ်မြို့ထဲ စစ်တပ်ပြန်ဝင်
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို မနေ့ကစလို့ စစ်ကော်မရှင်တပ်တွေပြန်လည်ဝင်ရောက်နေပြီ လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဘီဘီစီကို အတည်ပြုပါတယ်။
"အင်အားတော့စိစစ်ဆဲပါ။ တခြားတော့ဖြေဖို့မရှိသေးပါဘူးဗျ" လို့ ကိုအော်စမွန်က ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ် (TNLA) နဲ့ စစ်တပ်အပစ်ရပ်ချိန်မှာ TNLA က မိုးကုတ် နဲ့ မိုးမိတ်မြို့ တွေကို ပြန်ပေးမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။
အဲဒီနောက် မန္တလေး (PDF) ၊ မိုးကုတ်ဗျူဟာ စတဲ့ တော်လှန်ရေးအင်အားစုတွေက မိုးကုတ်မြို့ကိုပြန်မပေးရအောင် ကာကွယ်မယ်လို့ ကနဦးတုန်းက ထုတ်ပြန်ခဲ့ကြပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်စလို့ တော်လှန်ရေးအင်အားစုတွေအကုန်လုံး မိုးကုတ်မြို့ပေါ်ကနေ ပြန်လည် ဆုတ်ခွာခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တွေသာကျန်ရှိခဲ့တယ်လို့ မြေပြင်မှာ ရှိနေသူတချို့ဆီက သိရပါတယ်။
"မြို့အတွင်းပိုင်းမှာတော့ TNLA က လုံခြုံရေးအတွက် နေရာတွေအသွားအလာတွေ ပိတ်တာမျိုးတွေ ရှိနေပြီ။ မြို့ထဲဝင်လာတဲ့ အစီးအရေအတွက်က ၁၀၀ လည်းပြောတယ်၊ ၆၀ လည်းပြောကြတယ်" လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အခုလို မိုးကုတ်မြို့ကို စစ်တပ်ပြန်ဝင်လာတာနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကရော TNLA ဘက်ကပါ ဒီနေ့ ညနေပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းတဲ့ ဂီနီ-ဘစ်ဆောက်ရဲ့သမ္မတ ဆီနီဂေါကိုတိမ်းရှောင်
စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချခံခဲ့ရတဲ့ အာဖရိကက ဂီနီ-ဘစ်ဆောက်သမ္မတ အူမာရို ဆစ်ဆိုကို အမ်ဘာလိုကို စစ်တပ်က ပြန်လွှတ်ပေးပြီးနောက် အိမ်နီးချင်း ဆီနီဂေါနိုင်ငံကို လေယာဉ်နဲ့ရောက်ရှိလာခဲ့တယ်လို့ ဆီနီဂေါအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ဂီနီ-ဘစ်ဆောက်မှာ တင်းမာမှုတွေမြင့်တက်လာလို့ ဒေသဆိုင်ရာ အနောက်အာဖရိကနိုင်ငံများအဖွဲ့ အီကိုဝါစ်က သူ့ကိုလွှဲပြောင်းပေးဖို့ စေ့စပ်ဆွေးနွေးပြီးနောက် အမ်ဘာလို ပြန်လွတ်လာတာဖြစ်ပါတယ်။
အမ်ဘာလိုဟာ ဆီနီဂေါကို စစ်ဘက်သုံးလေယာဉ်နဲ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ဘေးကင်းကင်းနဲ့ရောက်ရှိလာတယ်လို့ ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ် ဟိုတာ အင် တမ်ကို အသွင်ကူးပြောင်းရေးကာလခေါင်းဆောင်အဖြစ် ခန့်အပ်ထားပြီး သူဟာ အာဏာမကြာခဏသိမ်းတတ်တဲ့ နိုင်ငံကို တစ်နှစ်အုပ်ချုပ်မှာဖြစ်ပါတယ်။
သမ္မတနဲ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲရလဒ်တွေကို အာဏာပိုင်တွေက မထုတ်ပြန်မီ တစ်ရက်အလို ဗုဒ္ဓဟူးနေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရွေးကောက်ပွဲဖြစ်စဉ်ကို ရပ်ဆိုင်းပြီး ရလဒ်ထုတ်ပြန်တာကို တားဆီးထားပါတယ်။
နာမည်ကျော်မူးယစ်ရာဇာတစ်ဦးရဲ့အကူအညီနဲ့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသမားတွေက နိုင်ငံမတည်ငြိမ်အောင်
ကြိုးပမ်းမှုကို ကြိုတင်တားဆီးနိုင်ဖို့ အာဏာသိမ်းလိုက်ရတာဖြစ်တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။ နိုင်ငံတွင်း ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားပါတယ်။
ဆီနီဂေါနဲ့ ဂီနီနှစ်နိုင်ငံကြားမှာရှိတဲ့ ဂီနီ-ဘစ်ဆောက်ဟာ အာဏာသိမ်းမှုမကြာခဏဖြစ်တတ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုရောင်းချမှုဗဟိုချက်အဖြစ် သိကြကာ ပေါ်တူဂီဆီက လွတ်လပ်ရေးရတဲ့ ၁၉၇၄ ခုနှစ်ကစလို့ စစ်တပ်ဩဇာကြီးမားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အမ်ဘာလိုနဲ့ သူ့ပြိုင်ဘက် ဖာနန်ဒို ဒီးယက်စ်တို့က အနိုင်ရရှိသူတွေအဖြစ် အသီးသီးကြွေးကြော်ထားပါတယ်။
ဒီးယက်စ်ကို ဝန်ကြီးချုပ်ဟောင်း ဒိုမင်ဂိုစ် ပရေရာက ထောက်ခံထားပါတယ်။ ပရေရာရဲ့ PAIGC ပါတီဟာ ပေါ်တီဂူရဲ့ကိုလိုနီအုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့တဲ့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲမှာ အမတ်လောင်းတင်သွင်းခွင့်ပိတ်ပင်ခံထားရပါတယ်။
ဒီးယက်စ်၊ ပရေရာနဲ့ ပြည်ထဲရေးဝန်ကြီး ဘာ့ရှ် ကန်ဒတို့လည်း ထိန်းသိမ်းခံထားရတယ်လို့ အစိုးရသတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။
စစ်အစိုးရကတော့ ဆန္ဒပြတာနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ထိခိုက်စေမယ့် အပြုအမူအားလုံးကို ပိတ်ပင်ထားပါတယ်။
ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်မယ့်လုပ်ဆောင်မှုတွေကို တားဆီးနိုင်ဖို့ စစ်တပ်က ဝင်ရောက်စွက်ဖက်ခဲ့ရတာဖြစ်တယ်လို့ ခေါင်းဆောင်သစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် အင်တမ်က ပြောပါတယ်။
အမ်ဘာလိုဟာ သူရှုံးမှာသိလို့ စစ်တပ်နဲ့ပေါင်းပြီး သူ့ကိုယ်သူဖြုတ်ချအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်တွေ ထုတ်ပြန်တာကို တားဆီးဖို့ ကြိုးပမ်းခဲ့တာလို့ အရပ်ဘက်လူ့အဖွဲ့အစည်းတချို့ကပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် အမ်ဘာလိုက သူဟာ အာဏာရစဉ်အတွင်း အာဏာသိမ်းဖို့ ကြိုးပမ်းတာအကြိမ်ကြိမ်ကြုံခဲ့ရတယ်လို့ ပြောထားပါတယ်။ သူဟာ အတိုက်အခံတွေကို ဖိနှိပ်နိုင်ဖို့အတွက် အကျပ်အတည်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ဖူးကြောင်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာတုန်းကလည်း အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လွှတ်တော်ကိုဖျက်သိမ်းခဲ့ပြီး နိုင်ငံဟာ အဲဒီအချိန်ကတည်းက လွှတ်တော်မရှိတော့တာဖြစ်ပါတယ်။
မဲဆွယ်ဆိုင်းဘုတ်တွေကို ညဘက် ကင်းစောင့်
စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအတွက် ပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေကို ညအချိန်တွေမှာပါ အင်အားအများအပြားနဲ့ လုံခြုံရေးယူပေးနေတယ်လို့ ရန်ကုန်မြို့ခံတချို့ဆီက သိရပါတယ်။
"ဘေးတွဲသမားတွေက လုံခြုံရေးယူကြတာပါ။ အဲဒီဘေးတွဲသမားဆိုင်းဘုတ်လုံခြုံရေးတွေက စည်ပင်တွေ ဝတ်သလို ရောင်ပြန်အင်္ကျီတွေဝတ်ကြတယ်။ လူမိုက်လိုလူတွေလည်းတွေ့တယ် ဘေးတွဲတွေမှာ တချို့ တုတ်တွေ၊ ချိန်းကြိုးတွေ ဆောင်ထားတာတွေ့ခဲ့ရတယ်" လို့ မနေ့ နိုဝင်ဘာ ၂၈ ရက် ညမြင်ကွင်းကို ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ရန်ကင်းနဲ့ ဗဟန်းမြို့နယ်တွေက ပါတီမဲဆွယ်ဆိုင်းဘုတ်တွေအနီးမှာ အခုလိုတွေ့မြင်ခဲ့ရတာလို့ ဆိုပါတယ်။
"ပါတီတွေစုပြုံကြော်ငြာထားတဲ့နေရာတွေ၊ ကြံ့ခိုင်ရေး နဲ့ PPP ပါတီတွေက သီးသန့်လုံခြုံရေးယူပေးထား ကြတာများတယ်။ တချို့နေရာမှာဆိုရင် လုံးဝအထိုင်ချ ဖျာခင်း အရက်ဝိုင်းနဲ့ လုံခြုံရေးပေးနေတာ" လို့ ရန်ကုန်မြို့ခံက ဆက်ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူတချို့ကို ဘီဘီစီကမေးကြည့်ရာမှာတော့ ဘေးတွဲမောင်းနှင်သူတွေက သူတို့ ဆန္ဒအရ လုံခြုံရေးယူပေးနေကြတယ်လို့သာ တုံ့ပြန်ဖြေကြပါတယ်။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ၊ ပိုစတာတွေကို ဖျက်ဆီးတယ်ဆိုပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်တပ်က အရေးယူခံရသူတွေလည်း ရှိနေပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာပြုလုပ်မယ့် အပိုင်းလိုက်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ သတ်မှတ်ခွင့်ပြုထားပါတယ်။ ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပမယ့်မြို့နယ်တွေအတွက် မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ၊ ပိုစတာတွေကို ဒီဇင်ဘာ ၂၆ ရက် ညပိုင်းမှာ နောက်ဆုံးထားဖြုတ်သိမ်းရမှာဖြစ်ပြီး ပထမပိုင်းရွေးကောက်ပွဲအပြီး နောက်တစ်ရက် ဒီဇင်ဘာ ၂၉ ရက်ကစလို့ ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပမယ့်မြို့နယ်တွေအတွက် မဲဆွယ် စည်းရုံးတာကို ဆက်လုပ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၂၀၂၆ ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်အထိ အပိုင်း ၂ ရွေးကောက်ပွဲကျင်းပပြီးတဲ့အချိန်အထိ မဲဆွယ်စည်းရုံးတာတွေရပ်နားထားရမယ်လို့ မနေ့ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့အချိန်အတွင်း မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ၊ ပိုစတာတွေကို ဖြုတ်သိမ်းထားတာမျိုး မရှိရင် စည်ပင်က သိမ်းဆည်းသွားမှာဖြစ်ပြီး ဒီလိုသိမ်းလို့ကုန်ကျမယ့်စရိတ်ကိုလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြန်လည်ပေးချေရမယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်း ဟတ်ယိုင်ရေကြီးမှုမှာ မြန်မာအလုပ်သမားတချို့သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ရေကြီးမှုမှာ မြန်မာဆောက်လုပ်ရေးအလုပ်သမားတစ်ဦးရဲ့ ပျောက်ဆုံးရုပ်အလောင်းကိုရှာဖွေနေတယ်လို့ နီးစပ်သူတချို့ကရော မြန်မာအလုပ်သမားရေးရာအဖွဲ့တချို့ကပါ ဘီဘီစီကို ပြောပါတယ်။
"ရေထဲမြောသွားတဲ့ တူလေးရဲ့ အလောင်းကိုရှာနေတာပါ၊ သူ့မှာက မိန်းမနဲ့ အမြွှာသားလေးနှစ်ယောက် ကျန်ခဲ့တယ်" လို့ နီးစပ်သူမြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
ဟတ်ယိုင်မြို့မှာတည်ထားတဲ့ ရွှေတိဂုံစေတီတော် (ပုံတူဘုရား) အနီးက ချောင်းမှာရေထဲမြောပါသွားခဲ့တာလို့လည်း ဖြစ်စဉ်သိရှိသူ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) အဖွဲ့က ဦးဘရီ ဆီကလည်း သိရပါတယ်။
ဟတ်ယိုင်မြေပြင်မှာရှိနေတဲ့ ဘီဘီစီထိုင်းဘာသာစကားဌာနရဲ့အပြောအရတော့ ရေကြီးမှုကြောင့်သေဆုံးသူ ၁၄၅ ဦးရှိပြီး ဆုန်ခလာခရိုင်ထဲမှာပဲ ၁၁၀ ဦးရှိပေမဲ့ သေဆုံးသူတွေထဲ နိုင်ငံခြားသားတွေ ပါဝင်မှုရှိ၊ မရှိကိုတော့ ထိုင်းအာဏာပိုင်တွေက အသေးစိတ်မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။
ရေဘေးသင့်ခဲ့တဲ့ ဟတ်ယိုင်မြို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ ရှင်းလင်းရေးလုပ်ဆောင်နေဆဲကာလဖြစ်ပြီး မြို့ပေါ်က မြန်မာအလုပ်သမားတွေအတွက် မြန်မာအလုပ်သမားအဖွဲ့တွေကနေ အကူအညီတွေ ပေးနေကြတဲ့ အခြေအနေပါ။
"တစ်မြို့လုံးက ပုပ်စော်နံနေတာ ခွေး နွား လူတွေလည်းသေထားတော့လေ။ ကျွန်တော်တို့တော့ အခု ဟတ်ယိုင်ကအလုပ်သမားတွေကိုဆက်ကူညီနေတယ်။ ကူညီရေး ၅ ရက်မြောက်အတွင်းမှာ မိသားစုဝင် ၆၀၀ ကျော်အတွက်ကူညီပေးထားပြီ" လို့ ဦးဘရီက ပြောပါတယ်။
ဟတ်ယိုင်မြို့က နောက်ထပ်ဆောက်လုပ်ရေးအလုပ်သမားအမျိုးသမီးတစ်ဦးရဲ့ အပြောအရလည်း ဆန်၊ ဆီ နဲ့ စားသောက်ကုန်တွေကူညီတာတွေရှိပေမဲ့ ချက်ပြုတ်ရေးအတွက် အိုးခွက်ပန်းကန်တွေမရှိတော့တာကြောင့် စားသောက်ရေးအခက်တွေ့နေရတယ်လို့ သိရပါတယ်။
နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုမှုအားလုံး အမေရိကန်ဆိုင်းငံ့
ဝါရှင်တန် ဒီစီက အမျိုးသားအစောင့်တပ်သားနှစ်ဦးပစ်ခတ်ခံရတာကြောင့် ထရမ့်အစိုးရဟာ နိုင်ငံရေးခိုလှုံခွင့် (Asylum) ဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို ရပ်ဆိုင်းထားပြီလို့ အမေရိကန် နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ဒါရိုက်တာ Joseph Edlow က ပြောပါတယ်။
နိုင်ငံရေးခိုလှုံခွင့်ယာယီရပ်နားမယ့်အကြောင်း "နိုင်ငံသားမဟုတ်သူဘယ်သူ့ကိုမဆိုစစ်ဆေးပြီး ဖြစ်နိုင်သမျှစိစစ်သွားမယ်" လို့ ဒါရိုက်တာ Edlow က သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ သောကြာနေ့က ရေးသား ဖော်ပြခဲ့ပါတယ်။
"တတိယနိုင်ငံတွေအားလုံး" ကနေ အမေရိကန်နိုင်ငံဆီရွှေ့ပြောင်းအခြေချမှုကို အပြီးပိုင်ရပ်ဆိုင်းမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပြီး နာရီပိုင်းအကြာမှာပဲ အခုလိုကြေညာချက်ထွက်လာတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၂၆ ရက် အစောင့်တပ်သားတွေပစ်ခတ်ခံရမှုမှာ အာဖဂန်နိုင်ငံသားတစ်ဦးကို သမ္မတ ထရမ့်က ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။
အမိမြေလုံခြုံရေးဌာနခွဲဖြစ်တဲ့ USCIS က အရာရှိတွေအနေနဲ့ လက်ခံရရှိတဲ့ ဘယ်နိုင်ငံသားတွေဆီမဆို လျှောက်လာတဲ့ နိုင်ငံရေးခိုလှုံခွင့်တွေကို အတည်ပြု၊ ငြင်းပယ် ဒါမှမဟုတ် ပိတ်သိမ်းတာတွေ မလုပ်ဖို့ ညွှန်ကြားထားကြောင်း BBC ရဲ့ မိတ်ဖက် CBS သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ အမေရိကန်က မြန်မာနိုင်ငံသားတွေအတွက် ယာယီအကာအကွယ်ပေးမှု (TPS) ကို ရုပ်သိမ်း လိုက်တာကြောင့် ထောင်ချီတဲ့ မြန်မာတွေဟာ ရွေးချယ်မှုတခုအနေနဲ့ နိုင်ငံရေးခိုလှုံခွင့်ကို ရွေးချယ်စရာ တခုအဖြစ် လျှောက်ထားဖို့ကြိုးစားနေချိန်မှာပဲ ရပ်ဆိုင်းမှုဖြစ်လာတာပါ။
"TPS တစ်ခုတည်းကိုင်ထားပြီး အခုလိုဖြစ်မှ ခိုလှုံခွင့်လျှောက်ဖို့ ကျွန်တော့်ဆီ ဆက်သွယ်လာသူတွေ ရာနဲ့ချီ ရှိနေတယ်" လို့ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေ အထောက်အကူပေးတဲ့ USIRD ရဲ့ ဦးဆောင်သူ ကိုရဲရင့်မြင့်မိုရ် က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေက နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံပြီဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်က TPS ကို ရုပ်သိမ်းခဲ့ပြီး မြန်မာစစ်တပ်ဘက်ကတော့ ဒီထုတ်ပြန်မှုကြောင့် မြန်မာနိုင်ငံသားတွေ ပြန်လာမှာကို ကြိုဆိုတယ်လို့ တုံ့ပြန်ပြောထားပါတယ်။
Airbus လေယာဉ် အစီး ၆၀၀၀ လောက် ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှာမို့ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးနိုင်
Airbus လေယာဉ် အစီး ၆၀၀၀ လောက် ပြုပြင်အဆင့်မြှင့်တင်တာတွေ လုပ်ဖို့ရှိလို့ ကမ္ဘာတဝန်းက လေယာဉ်ခရီးစဉ်တွေ ကမောက်ကမဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
နေကထွက်လာတဲ့ ပြင်းထန်တဲ့ရောင်ခြည်တွေကြောင့် လေကြောင်းထိန်းချုပ်ရေးအတွက် အရေးပါတဲ့ သတင်းအချက်အလက်ဆိုင်ရာတွေ ထိခိုက်သွားနိုင်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်မှာ အခုလို လုပ်ဆောင်ဖို့ဖြစ်လာတာပါ။
ကမ္ဘာတဝန်းက လေယာဥ်စုစုပေါင်းရဲ့ တစ်ဝက်လောက်ကို ပြုပြင်ရမှာဖြစ်ပြီး အများစုဟာ ဆော့ဝဲလ်အဆင့်မြှင့်တင်ရမယ်လို့ နားလည်ရပါတယ်။ အထူးသဖြင့် A320 လေယာဉ်တွေအပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
အဆင့်မြှင့်တင်တာကြောင့် လေကြောင်းခရီးစဉ်တွေ နှောင့်နှေးတာ၊ ဖျက်သိမ်းရတာတွေရှိလာနိုင်တဲ့အကြောင်း ဗြိတိန်ရဲ့လေကြောင်းစည်းကြပ်ရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဂျပန် ANA လေကြောင်းလိုင်းက ဆော့ဝဲလ် ပြန်လည်ပြင်ဆင်နေတာကြောင့် စနေနေ့မှာ ခရီးစဉ် ၆၅ ခုကို ဖျက်သိမ်းခဲ့ပါတယ်။
American Airlines၊ Delta Airlines ၊ Air India ၊ Wizz Air နဲ့ Air New Zealand တို့ကလည်း လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးတာရှိနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မက္ကဆီကိုကနေ အမေရိကန်ပြည်ထောင်စုကို ပျံသန်းလာတဲ့ JetBlue လေကြောင်းလိုင်းဟာ အောက်တိုဘာမှာ အမြင့်ကနေ ရုတ်တရက်နိမ့်ဆင်းသွားပြီးနောက် ဒီပြဿနာကိုတွေ့ခဲ့တာဖြစ်ပါတယ်။
ပြင်းထန်တဲ့နေရောင်ခြည်ကြောင့် လေယာဉ်ရဲ့ အမြင့်ပေကို ထိန်းချုပ်ထားတဲ့ ကွန်ပျူတာရဲ့သတင်းအချက်အလက်တွေကို ထိခိုက်မှုရှိသွားတာဖြစ်ပါတယ်။
နေကထွက်တဲ့ ဓာတ်ရောင်ခြည်တချို့ တအားပြင်းထန်တဲ့အခါ ကမ္ဘာပေါ်က ရေဒီယိုဆက်သွယ်ရေး၊ လေယာဉ်ပျံသန်းမှုတွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း
မန္တလေးတိုင်းအတွက် တော်လှန်ရေးအင်အားစုတွေရဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့ နိုဝင်ဘာ ၂၈ ရက် ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
မနေ့တုန်းက မန္တလေးဒေသလွှတ်တော် ပထမအကြိမ်အစည်းအဝေးပြုလုပ်ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်တာအပါအဝင်၊ မန္တလေးဒေသလွှတ်တော်ရဲ့ ရေးရာကော်မတီတွေ ဖွဲ့စည်းတာ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းတာတွေပြုလုပ်နိုင်ခဲ့တာကို ကြိုဆိုတယ် ဆိုပြီးလည်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) ကလည်း ထုတ်ပြန်လာပါတယ်။
ဒီကြားကာလအုပ်ချုပ်ရေးကောင်စီမှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ ဘဏ္ဍာရေး အခွန်နဲ့ သဘာဝ သယံဇာတစီမံခန့်ခွဲရေး၊ ပညာရေး၊ လူငယ် အမျိုးသမီးနဲ့ ကလေးသူငယ်ရေး၊ လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေး၊ ကျန်းမာရေး ဆိုတဲ့ ဌာနကြီး ၇ ခုနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။
လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေး ဌာနကြီးမှူးအဖြစ် တာဝန်ထမ်းဆောင်မယ့် မအေးမြင့်အောင်အောင်ကတော့ "ဒီကနေ့ကစလို့ ၂ နှစ်တိတိ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ အလုပ်လုပ်သွား ပါမယ်လို့ ကတိပေးပါတယ်။ တဖက်မှာလည်း ဝေဖန်အကြံပြုမှုတွေကိုလည်း စောင့်မျှော်ကြိုဆိုပါတယ်" လို့ မနေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ကြားကာလအစီအမံပေါက်ပေါက်ရေးအတွက် ဆွေးနွေးမှုတွေကို ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက စတင်ပြုလုပ်ခဲ့ကြပြီး အခုနှစ် မေလမှာတော့ အခန်း ၁၂ ခန်းပါဝင်တဲ့ မူကြမ်းကိုထုတ်ပြန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ စစ်ကိုင်းတိုင်းမှာလည်း ကြားကာလအစိုးရဝန်ကြီးချုပ်ကို ရွေးကောက် တင်မြှောက်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုတော်လှန်ရေးအင်အားစုတွေက စုဖွဲ့မှုကြေညာချိန်မှာပဲ စစ်ကော်မရှင်ဘက်ကတော့ သူတို့ဆီ မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၈၃ ဦး လက်နက်ခဲယမ်းတွေနဲ့ ဥပဒေဘောင် အတွင်းဝင်လာတယ်ဆိုပြီး ဒီနေ့ထုတ်သတင်းစာမှာဖော်ပြလာတာပါ။
ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ အမရပူရ၊ သပိတ်ကျင်း၊ မြင်းခြံ၊ ပျော်ဘွယ်၊ ညောင်ဦး၊ ပြည်ကြီးတံခွန်၊ စဉ့်ကိုင်၊ မတ္တရာတို့က PDF အမျိုးသား ၆၇ ဦးနဲ့ အမျိုးသမီး ၁၆ ဦးတို့ ဝင်ရောက်လာပြီး မနေ့တုန်းက သူတို့နဲ့ပါရှိတဲ့ လက်နက်တွေကိုလက်ခံရယူတယ်လို့ဆိုပါတယ်။
DKBA ခွင်ထဲက ကျားဖြန့်တွေမှာပိတ်မိနေသူတွေကိုထိုင်းဘက်ကလက်ခံပေးဖို့ ထိုင်းအရပ်ဘက်အဖွဲ့တောင်းဆို
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ဒေသက ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံ ရတဲ့ နိုင်ငံခြားသား ၃၉ ဦးအပါအဝင် KK Park က လွှဲပြောင်းမယ့်နိုင်ငံခြားသားဆယ်နဲ့ချီကို ထိုင်းနိုင်ငံက လက်ခံပေးဖို့ ထိုင်းအရပ်ဘက်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကျားဖြန့်ဆိုက်တွေဖြစ်တဲ့ ထိုက်ချန် ၂ (Zhong Cheng) က နိုင်ငံခြားသား ၄ ဦး၊ ဝေါလေ (Deko Park) က နိုင်ငံခြားသား ၃၅ ဦးကို ပြီးခဲ့တဲ့သီတင်းပတ်ထဲက DKBA နဲ့ ချိတ်ဆက် ကယ်ထုတ်ခဲ့ပေမဲ့ ထိုင်းဘက်ကအဝင်မခံတာကြောင့် ထိုင်းရဲ့ နယ်ခြားစောင့်တပ် (Naresuan Task Force) ကို ထိုင်းအရပ်ဘက်အဖွဲ့ (CSNHTV) က တောင်းဆိုစာ ပေးပို့ခဲ့တာပါ။
KK Park က အာဖရိကသားအယောက် ၅၀ ကိုလည်း ထိုင်းဘက်ကလက်မခံတာကြောင့် ကယ်ထုတ် ထားပေမဲ့ မြန်မာဘက်မှာဆက်ရှိနေတယ်လို့ မနေ့ နိုဝင်ဘာ ၂၈ ရက်တောင်းဆိုစာမှာဖော်ပြပါတယ်။
"ကျွန်မတို့လွှဲပြောင်းရေးအတွက် နယ်စပ်မှာကိုယ်တိုင်သွားစောင့်ခဲ့ကြတယ်။ ဒါပေမဲ့ ထိုင်းဘက်က ဒါကို လက်မခံခဲ့ဘူး။ အဆင့်ဆင့်ပြန်တင်ပြရမယ့်အခြေအနေဖြစ်နေတယ်" လို့ CSNHTV ဦးဆောင်သူ Kritiya J က ဘီဘီစီကိုပြောပါတယ်။
ထိုင်းနိုင်ငံဟာ ကျားဖြန့်လုပ်ငန်းတွေကနေ လွှဲပြောင်းလာတဲ့နိုင်ငံခြားသားတွေကို မဲဆောက် - မြဝတီ ချစ်ကြည်ရေးတံတားကနေသာ တရားဝင်လက်ခံနေတာကြောင့် ထိုင်းအရပ်ဘက်အဖွဲ့က DKBA နဲ့ တိုက်ရိုက် ချိတ်ဆက်ကယ်ထုတ်ထားတဲ့ နိုင်ငံခြားသားတွေကို လက်မခံနေတဲ့အခြေအနေပါ။
လက်ရှိကယ်ထုတ်ထားတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းရဲ့ Phop Phra ပြည်နယ် Chong Khaep ဒေသအနီး ကရင်ပြည်နယ် ကျောက်ခတ်ရွာတဝိုက်မှာ ရောက်ရှိနေတာဖြစ်လို့ မြန်မာဘက်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ချစ်ကြည်ရေးတံတားဘက်ကိုသွားဖို့ရာအခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ အခုဖြစ်စဉ်သာမက KNU က ဝင်ရောက်စီးနင်းခဲ့တဲ့ DKBA မင်းလက်ပံရွာ ကျားဖြန့်လုပ်ငန်းက ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကိုလည်း လွှဲပြောင်းမခံသေးပါဘူး။
ဘာကြောင့် DKBA နဲ့ KNU တို့ဘက်က လွှဲပြောင်းပေးတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က အဝင်မခံတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို နိုဝင်ဘာ ၂၈ ရက်တုန်းက ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ဒီနေ့ မနက်ပိုင်းအထိ တစုံတရာပြန်လည်ဖြေကြားတာမရှိသေးပါဘူး။