ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာမလာ ဟဲရစ် အကြောင်း သိထားသင့်တဲ့ အဓိက အချက်များ
ကာမလာ ဟဲရစ် အကြောင်း သိထားသင့်တဲ့ အဓိက အချက်များ
အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာနိုင်တဲ့ အသက် ၆၀ အရွယ် ကာမလာ ဟဲရစ်အကြောင်း သိထားသင့်တဲ့ အဓိကအချက် အကျဉ်းချုပ်ကို ဖော်ပြလိုက်ပါတယ်။
ဟဲရစ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒုတိယသမ္မတလောင်းအဖြစ် သမ္မတဂျိုးဘိုင်ဒန်နဲ့အတူ ဝင်ရောက်အရွေးခံခဲ့ပြီး ဒေါ်နယ်ထရမ့်ကို အနိုင်ရခဲ့ပါတယ်။ သူဟာ အမေရိကန်ရဲ့ ပထမဆုံး လူမည်း ဒုတိယသမ္မတ ဖြစ်သလို အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတလည်း ဖြစ်ပါတယ်။
နောက်အကျဆုံးအချိန်မှာ ပြိုင်ပွဲထဲရောက်လာတဲ့ သမ္မတလောင်း
ဟဲရစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းပြိုင်ပွဲမှာ ထူးခြားတဲ့အခြေအနေတွေ ကြုံခဲ့ရပါတယ်။ သမ္မတဘိုင်ဒန်က သမ္မတလောင်းအဖြစ်ကနေ ဇူလိုင်လကျမှ လက်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူ့နေရာယူဖို့ ဟဲရစ်ကို သူက ထောက်ခံမှုပေးခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ဟဲရစ်အတွက် အိမ်ဖြူတော်ကို ရောက်နိုင်ဖို့ မမျှော်လင့်နိုင်ခဲ့တဲ့ အခွင့်အရေး ပေါ်လာပါတယ်။
ဒီမိုကရက်တစ်ပါတီထဲက သမ္မတလောင်းနေရာအတွက် သူ့ကို စိန်ခေါ်နိုင်သူ ပေါ်မလာတော့တာကြောင့် သူက သမ္မတလောင်း ဖြစ်လာပါတယ်။ ပုံမှန်ဆိုရင် ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲက ၁၂ လကနေ ၁၈ လထိ ကြာတတ်ပြီး အကြိတ်အနယ် ပြိုင်ရလေ့ရှိပါတယ်။ သူ့အတွက်တော့ ရွေးကောက်ပွဲ မလုပ်ခင် လေးလနီးပါးကျမှ တရားဝင်သမ္မတလောင်း ဖြစ်လာခဲ့တာပါ။ သမိုင်းတစ်လျှောက် နောက်အကျဆုံးအချိန်မှာ အတည်ပြုခံရတဲ့ သမ္မတလောင်းဖြစ်ပါတယ်။
မဲဆွယ်ပွဲသီချင်းကို ဘီယွန်းဆေးရဲ့ လွတ်လပ်ခြင်း ‘Freedom’ ကို ရွေးချယ်ခဲ့
လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးက သူ့သမ္မတလောင်းဖြစ်ခြင်းရဲ့ ထူးခြားတဲ့လက္ခဏာတစ်ရပ်ကို ဖော်ညွှန်းနေပါတယ်။ မဲဆွယ်ပွဲမှာ သူရဲ့ အဓိက ကတိစကားကလည်း လူလတ်တန်းစားတွေရဲ့ အခွင့်အရေး လွပ်လပ်ခြင်း ပေးမယ်ဆိုတာပါ။
ဟဲရစ်ဟာ အမျိုးသမီးတွေ မျိုးဆက်ပွား လွတ်လပ်ခွင့်ရှိရေးကိုလည်း တောင်းဆိုတိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ တချို့ပြည်နယ်တွေက ကိုယ်ဝန်ဖျက်ချခွင့်ကို ကန့်သတ်ထားဆဲပါ။ လွတ်လပ်စွာ မဲပေးခွင့်၊ သေနတ်နဲ့ အကြမ်းဖက်မှုတွေနေ လွတ်ကင်းမှုရှိရေးကိုလည်း သူက ထောက်ခံထားပါတယ်။ သူကိုယ်တိုင်ကတော့ သေနတ်ပိုင်ဆိုင်သူ ဖြစ်ပါတယ်။
သူ့ကို ဝေဖန်သူတွေကတော့ ဟဲရစ်ဟာ အခုလည်း ဒုတိယသမ္မတအနေနဲ့ ဒီကတိတွေကို လုပ်နိုင်ရက်နဲ့ လုပ်မနေသေးတဲ့အပေါ် မေးခွန်းထုတ်ကြပါတယ်။ နောက်ပြီး တရားမဝင် ဝင်ရောက်လာသူတွေအရေးနဲ့ပတ်သက်ပြီးလည်း သူဟာ ဝေဖန်တိုက်ခိုက်ခံနေရပါတယ်။
ဟဲရစ် သမ္မတလောင်း ဝင်ပြိုင်ဖူးပြီး မအောင်မြင်ခဲ့
၂၀၁၉ တုန်းက ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းပြိုင်ပွဲမှာ ဟဲရစ်ဟာ အစောပိုင်းအဆင့်တွေမှာ ဝင်ပြိုင်ခဲ့ဖူးပြီး သိပ်မကြာခင်မှာပဲ မဲဆွယ်ပွဲမှာ အောင်မြင်မှုကြီးကြီးမားမား မရလို့ ပရိုင်မာရီရွေးကောက်ပွဲ ပထမအဆင့် မတိုင်ခင်မှာပဲ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။
အဲဒီတုန်းက သူနုတ်ထွက်လို့ အံ့သြခဲ့ကြပါတယ်။ အကြောင်းကတော့ သူဟာ အထက်လွှတ်တော်အမတ်အနေနဲ့ လူတွေကြား အတော်လေး စိတ်ဝင်စားမှု ခံနေရသလို ဒီပြိုင်ပွဲမှာ သူ အတော်ခရီးရောက်နိုင်တယ်လို့ ခန့်မှန်းထားကြလို့ပါ။
ကွန်ဂရက်ကြားနာပွဲတွေမှာ သူ့ရဲ့ ရဲရင့်တဲ့အပြန်အလှန်ပြောဆိုမှုတွေက လူမှုကွန်ရက်မှာ လူကြိုက်များခဲ့
အိမ်ဖြူတော်အတွက် သူမပြိုင်ခင်က ကွန်ဂရက်လွှတ်တော် ကြားနာပွဲတွေမှာ သက်သေတွေအပေါ် ချက်ကောင်းထိအောင် စစ်ဆေးမေးမြန်းမှုတွေက သူ့ရဲ့အကြီးမားဆုံးလုပ်ရပ်တွေထဲက တချို့ ဖြစ်ပါတယ်။
အဲဒီထဲက ဥပမာတစ်ခုကတော့ တရားရုံးချုပ်တရားသူကြီးတစ်ဦး ဖြစ်လာဖို့ ရှိတဲ့ ဘရက် ကာဗန်နော့ကို ကိုယ်ဝန်ဖျက်ချမှုနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးတုန်းက ဖြစ်ပါတယ်။
အဲဒီတုန်းက သူက အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အစိုးရမှာ ဆုံးဖြတ်ပိုင်ခွင့်အာဏာ ပေးထားတဲ့ ဥပဒေတစ်ခုခု စဉ်းစားမိတာမျိုး ရှိလားလို့ မေးတဲ့အခါ ဘရက် ကာဗန်နော့ ကောင်းကောင်း မဖြေနိုင်ခဲ့ပါဘူး။
ဆန်ဖရန်စစ္စကိုအနီးမှာ မိခင်လက်အောက် ကြီးပြင်းခဲ့သူ
ကင်ဆာသုတေသီနဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ မိခင် ရှီယာမလာ ဂိုပါလန် ဟဲရစ်က သူ့ခင်ပွန်း ဂျမေကာနိုင်ငံမှာ မွေးဖွားသူ ဒေါ်နယ် ဟဲရစ်နဲ့ ကွဲပြီးနောက်ပိုင်း ကာမလာ ဟဲရစ် ငယ်စဉ်အရွယ်မှာ အဓိက ပြုစုစောင့်ရှောက်ပေးခဲ့သူ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့သူ ရှီယာမလာဟာ သူ့သမီးကို အိန္ဒိယထုံးတမ်းတွေ သွန်သင်ပြသခဲ့ပါတယ်။ ဒါပေမဲ့ လူမည်းယဉ်ကျေးမှုစင်တာတစ်ခုဆီကိုလည်း ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ ဟဲရစ်ဟာ အမေရိကန်ကွန်ဂရက်လွှတ်တော်က ပထမဆုံးလူမည်းအမျိုးသမီး နိုင်ငံရေးသမား ရှာလီ ချစ်ဆင်မ် နဲ့ အဆိုတော် နီနာ ဆင်မုန်း တို့ကို အားကျခဲ့ပါတယ်။ ဟဲရစ်က သူ့မိခင်ဟာ သူ့ဘဝအတွက် ‘အရေးကြီးဆုံးပုဂ္ဂိုလ်’ လို့ ရည်ညွှန်းပြောလေ့ရှိပါတယ်။
ပထမဆုံးအသက်မွေးဝမ်းကျောင်းအလုပ်က အစိုးရရှေ့နေ
သူ့မိခင်အလုပ်လုပ်ရာ မွန်ထရီယယ်လ်မြို့မှာ ငါးနှစ် ကျောင်းတက်ခဲ့ပြီးနောက် ဟဲရစ်ဟာ ဝါရှင်တန်ဒီစီက လူမည်းတက္ကသိုလ်ဖြစ်တဲ့ ဟောင်းဝပ်ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီနောက် အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းကို ပြန်လာပြီး အစိုးရရှေ့နေ အလုပ်လုပ်ပါတယ်။ အဲဒီနောက် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရှေ့နေချုပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ မှာတော့ အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် ဖြစ်လာပါတယ်။
ခင်ပွန်းကို အောင်သွယ်ကတစ်ဆင့် တွေ့ခဲ့ပြီး အသက် ၄၈ မှာ လက်ထပ်
ဟဲရစ်ဟာ ဖျော်ဖြေရေးဆိုင်ရာရှေ့နေ ဒေါက် အမ်းဟော့ဖ်ကို နှစ်ဖက်သိ မိတ်ဆွေရဲ့ ချိတ်ဆက်ပေးမှုကတစ်ဆင့် တွေ့ခဲ့ပါတယ်။ အဲဒီလူက ဒေါက်ရဲ့ အမှုသည်လည်း ဖြစ်ပါတယ်။
၂၀၁၄ မှာတော့ သူတို့ လက်ထပ်ခဲ့ပြီး ဒေါက်ရဲ့ မယားပါသမီးနှစ်ဦးဖြစ်တဲ့ ကိုးလ်နဲ့ အယ်လာ တို့ရဲ့ မိထွေးလည်း ဖြစ်လာပါတယ်။ သူတို့က ကာမလာ ဟဲရစ်ကို ‘ကာ’ နေရာမှာ ‘မမ်’ (အမေ) ဆိုတဲ့အဓိပ္ပာယ်နဲ့ ‘မမ်မလာ’ ဆိုပြီး ခေါ်ကြပါတယ်။
‘‘ကျွန်မတို့ရဲ့ မိသားစုအချိန်က တနင်္ဂနွေညစာလိုပဲ’’ လို့ ကာမလာက အဲလ် Elle မဂ္ဂဇင်းကို ပြောပါတယ်။ ‘‘ကိုးလ်က စားပွဲပြင်တယ်။ ဖွင့်ဖို့ သီချင်းရွေးရတယ်။ အယ်လာက အချိုပွဲလှလှလေး ပြင်ပေးတယ်။ ဒေါက်က လက်ထောက်စားဖိုမှူးပေါ့။ ကျွန်မကတော့ စားဖိုမှူး လုပ်ရတယ်။’’
ကိုယ်ဝန်ဖျက်ချခွင့်ရှိရေးကို မဲဆွယ်ပွဲမှာ အဓိကထား ပြော
ဟဲရစ်ဟာ မျိုးဆက်ပွား အခွင့်အရေးနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဥပဒေတစ်ခုထွက်လာဖို့ ကြိုးပမ်းနေပါတယ်။ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်ကို ကန့်သတ်မယ့် ဘယ်လုပ်ဆောင်မှုကိုမဆို ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ကတိပေးထားပါတယ်။
အိမ်သုံးကုန်ပစ္စည်းတွေအပေါ် မတရားသဖြင့် စျေးတင်ရောင်းချမှုကို တားမြစ်ပြီး လူနေမှုစရိတ်မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုပြီးလည်း ကတိပေးထားပါတယ်။ နောက်ပြီး ပထမအကြိမ် အိမ်ဝယ်သူတွေကိုလည်း ကူညီမယ်လို့ ပြောထားပါတယ်။
နိုင်ငံတောင်ပိုင်းက နယ်စပ်တွေကနေ တရားမဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီးလည်း ပြီးခဲ့တဲ့တစ်နှစ်လောက်က တင်းကျပ်တဲ့မူဝါဒ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဒီလို တရားမဝင်လာရောက်နေကြတာကို စောစောစီးစီး တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။
ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကို ဆက်ထောက်ခံမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ အမေရိကန်က ငွေကြေးဆက်ထောက်ပံ့ဖို့ဆိုရင် ကွန်ဂရက်လွှတ်တော်ရဲ့ ထောက်ခံမှု ရဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။