ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီလွန်မတ်စ်ခ်ကို အေအိုင်အကြောင်း ယူကေဝန်ကြီးချုပ် မေးမြန်းခန်း
နည်းပညာလောကရဲ့ ဘီလျံနာသူဌေး အီလွန်မတ်စ်ခ်က အေအိုင်ခေါ် ဉာဏ်တုကြောင့် တချိန်မှာ လူတွေ ဘာအလုပ်မှ လုပ်စရာလိုတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဗြိတိသျှ ဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ်နဲ့ ဒီသီတင်းပတ်ထဲမှာ ကျင်းပတဲ့ အေအိုင် ညီလာခံမှာ တွေ့ဆုံစဉ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သူတို့ နှစ်ဦး တွေ့ဆုံမေးမြန်းခန်းက မိနစ် ၅၀ ကြာခဲ့ပြီး မစ္စတာ မတ်စ်ခ်က နည်းပညာကြောင့် လုပ်ခလစာပေးတဲ့ အလုပ်တွေ မလိုတော့တဲ့ အထိ ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်သွားပါတယ်။
နောက်ပြီး လူတူစက်ရုပ်တွေ လူတွေနောက် တကောက်ကောက် လျှောက်လိုက်တာမျိုးတွေလည်း ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ သူတို့နှစ်ဦးက လန်ဒန်ဟာ အေအိုင် နည်းပညာနဲ့ ပတ်သက်ရင် အချက်အချာကျတဲ့ နေရာ ဖြစ်လာနိုင်ဖို့နဲ့ နည်းပညာကြောင့် သင်ကြားရေးမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မစ္စတာဆူးနတ်ခ်က လူတွေက သူတို့ အလုပ်တွေနေရာမှာ အေအိုင်ကအစားထိုးလာမှာကို စိုးရိမ်နေကြတဲ့ အကြောင်း ပြောတဲ့အခါ မစ္စတာ မတ်စ်ခ်ကလည်း လက်ခံပါတယ်။
အလုပ်အားလုံးကို အေအိုင်ကြောင့် ဆုံးရှုံးသွားစေမှာမဟုတ်ဘဲ ပျင်းစရာကောင်းတဲ့ အလုပ်တွေကို လူသားတွေအတွက် လုပ်ပေးမှာ၊ အေအိုင်ကို လူတွေအတွက် ပိုအကျိုးရှိအောင် အသုံးချဖို့ လုပ်နေတာဆိုတဲ့ အယူအဆတွေကိုလည်း နည်းပညာသမားတွေလည်း ပြောထားကြပါတယ်။ ဒါပေမဲ့ သိပ်မဝေးတဲ့ အနာဂတ်မှာ ဘာတွေ တကယ်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
အနာဂတ်မှာ စူပါ ကွန်ပျူတာတွေကို စောင့်ကြည့်ထိန်းကွပ်ပေးမယ့် သူတွေရှိဖို့ လိုတယ်ဆိုတာကိုလည်း မစ္စတာ မတ်စ်ခ်တို့ ၂ ဦးစလုံး သဘောတူခဲ့ကြပါတယ်။
နည်းပညာလောကမှာ ရင်းနှီးမြှုပ်နှံမှုတွေလည်းလုပ်၊ ဖန်တီးတီထွင်မှုတွေလည်း လုပ်နေတဲ့ မစ္စတာ မတ်စ်ခ်ဟာ အေအိုင် ကုမ္ပဏီတွေမှာလည်း ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ နောက်ပြီး သူ့ရဲ့ မောင်းသူမဲ့ တက်စလာ ကားတွေမှာလည်း အဲဒီ နည်းပညာတွေကို သုံးထားပါတယ်။ နောက်ပြီး အေအိုင်က လူ့အသိုက်အမြုံကိုရော လူသားတွေရဲ့ ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာမလား ဆိုတဲ့ သူ့ စိုးရိမ်မှုကိုလည်း ပြောခဲ့ပါတယ်။
မစ္စတာ မတ်စ်ခ်က လုံခြုံရေး အတွက် စိုးရိမ်မှုတွေ ရှိနေကြမယ်၊ အထူးသဖြင့် လူတူစက်ရုပ်မျိုးတွေအတွက်ပေါ့၊ ဒါပေမယ့် ကားကျတော့ လူတွေ အိမ်ထဲ ဝင်ပြေးရင်၊ သစ်ပင်ပေါ် တက်ပြေးရင် လိုက်လို့ မရတော့ဘူးလို့ သူတို့ တွေ့ဆုံမေးမြန်းမှုကို တက်ရောက် နားဆင်ကြတဲ့ ပရိသတ်တွေကို ပြောပါတယ်။
ယူကေရဲ့ နည်းပညာလောကမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြင်ချင်တဲ့ မစ္စတာ ဆူးနတ်ခ်ကတော့ ဒါမျိုး လာမရောင်းပါနဲ့ ဆိုပြန်ပြောပါတယ်။
တိုင်းပြည်တပြည်ရဲ့ ဝန်ကြီးချုပ် တယောက်က စီးပွားရေးလုပ်ငန်းရှင် တယောက်ကို တွေ့ဆုံမေးမြန်း အင်တာဗျူးလုပ်တယ်ဆိုတာ အင်မတန် ရှားပါတယ်။ မစ္စတာ ဆူးနတ်ခ်ကတော့ ကျေကျေနပ်နပ်ပဲ ဒီတွေ့ဆုံမှုမှာ မေးမြန်းသူအဖြစ် လုပ်သွားခဲ့ပါတယ်။
သူက ပျော်နေပုံလည်း ရပါတယ်။ တကယ်တော့ တချိန်က ဆီလီကွန် တောင်ကြား ဒေသရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်ခဲ့ဖူးပြီး နည်းပညာကို စိတ်ဝင်စားတဲ့သူ ဖြစ်နေတာကြောင့် ဒါက မဆန်းဘူးလို့ ဆိုရမှာပါ။ ဒီပွဲကို လန်ဒန်မြို့က လန်ကန်စကတာ ဟောက်စ်မှာ ရှိတဲ့ ခန်းမကြီး တခုမှာ ကျင်းပတာ ဖြစ်ပြီး နည်းပညာ လောကက ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်လာခဲ့ပါတယ်။
သူတို့ တွေ့ဆုံမေးမြန်းတဲ့ ဟောခန်းမကြီးကလည်း ကြီး၊ မစ္စတာမတ်စ်ခ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ပြုံးရယ်စရာလေးတွေက သူပြောပုံက မသဲမကွဲဖြစ်နေတဲ့ အတွက် နားထောင်ရခက်နေပါတယ်။ ဒါပေမယ့် ဒေါင်းနင်းလမ်းက လူတွေ အရှက်ရစေမယ့် စကားမျိုးတွေကိုတော့ မပြောဘဲ ရှောင်သွားခဲ့ပါတယ်။
ခါတိုင်းနဲ့ မတူတာကတော့ ဒီတခါ ဝန်ကြီးချုပ် ပွဲကို တီဗီ ကင်မရာတွေ ပေးမဝင်တာပဲ ဖြစ်ပါတယ်။ အားလုံးပြီးမှ ဒေါင်းနင်းလမ်းက သူတို့ဘာသာ ဗီဒီယိုတွေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို သတင်းထောက် တချို့ကိုတော့ ပေးဝင်ခဲ့ပါတယ်၊ မေးခွန်းတော့ မေးခွင့် မပြုခဲ့ပါဘူး။
သူတို့ နှစ်ဦးအကြား အေအိုင်ရဲ့ အကျိုးပြုနိုင်ပုံတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ မစ္စတာ မတ်စ်ခ်က သူ့သားတယောက်ဆိုရင် အပေါင်းအသင်း သူငယ်ချင်းသိပ်မရှိဘူး၊ သူ့ကလေးအတွက် အေအိုင်က အင်မတန် အကျိုးရှိစေနိုင်ပါတယ်လို့ ပြောပါတယ်။
နောက်ပြီး ငယ်ရွယ်သူတွေ လေ့လာသင်ကြားရေးမှာ အေအိုင်ရဲ့ အကျိုးပြုနိုင်ပုံတွေ အပေါ်မှာလည်း နှစ်ဦးအကြား သဘောတူနိုင်ခဲ့ကြပါတယ်။ မစ္စတာမတ်စ်ခ်က အေအိုင်ဟာ သည်းခံနိုင်စွမ်း အရှိဆုံး အကောင်းဆုံး ဆရာ ဖြစ်နိုင်တယ်လို့တောင် ပြောခဲ့ပါတယ်။
ဒါပေမယ့် သမားရိုးကျ အလုပ်တွေအပေါ်မှာ အေအိုင်က ခြိမ်းခြောက်လာနိုင် တာကိုလည်း သတိပေးသွားပါတယ်။
မစ္စတာ မတ်စ်ခ်က သမိုင်းတလျှောက် ဖျက်အားအကောင်းအဆုံး အရာနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။ ဒါကြောင့် တချိန်မှာ ဘာအလုပ်မှ လူမလိုဘဲ လုပ်နိုင်လာလိမ့်မယ်၊ လူကတော့ ကိုယ့် စိတ်ကျေနပ်ဖို့ အလုပ်လုပ်ချင်လုပ်ပေါ့၊ ဒါပေမယ့် လုပ်မယ့်လူ မရှိလည်း အေအိုင်ကပဲ အကုန်လုပ်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။
ဒါက အဆိုးအကောင်း ရောထွေးနေမှာပါ။ နောက် အနာဂတ်မှာ ကြုံလာရမယ့် စိန်ခေါ်တွေမှာ ဘဝ အဓိပ္ပါယ်ဆိုတာ ဘာလဲသိဖို့ ရှာဖွေရတာလည်း ပါလာတော့မှာလို့ သူက ဆိုပါတယ်။
အဲဒီလို ရော်ရမ်းမှန်းဆ ဟောကိန်းထုတ်နေကြပေမယ့် ယူကေမှာ နည်းပညာနဲ့ ပတ်သက်လို့ စည်းကမ်းတကျ ဘယ်လို အသုံးချကြမယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကြေညာချက်အသစ်မျိုးတွေတော့ သိပ်မမြင်ရပါဘူး။ ယူကေ ဝန်ကြီးချုပ်က အစိုးရရဲ့ ကိုယ်ပိုင် ဝက်ဆိုက် ပိုကောင်းလာစေဖို့ အေအိုင်ကို သုံးမယ်ဆို ပြောတာလောက်ပဲ ကြားရပါတယ်။။
တကယ်တော့ မစ္စတာ မတ်စ်ခ်ဟာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ ညီလာခံကို တက်ရောက်လာတဲ့ အထူးဧည့်သည်တွေထဲက တယောက်ပါ။ ဒါပေမယ့် မစ္စတာ ဆူးနတ်ခ်နဲ့ တွေဆုံမေးမြန်းခန်းက ပိုပြီး လူစိတ်ဝင်စားခံခဲ့ရပါတယ်။
သူတို့ မတွေ့ဆုံခင်ကလေးမှာပဲ မစ္စတာ မတ်စ်ခ်က သူ့ရဲ့ တချိန်က တွစ်တာ အခု အိတ်စ် လို့ခေါ်တဲ့ စာမျက်နှာပေါ်မှာ ဒီညီလာခံနဲ့ ပတ်သက်လို့ ခနဲ့ တဲ့တဲ့ ရေးခဲ့ပါသေးတယ်။
ဘလက်ချလီ ပါ့ခ်မှာ မစ္စတာ ဆူးနတ်ခ်က သတင်းစာရှင်းလင်းပွဲ လုပ်နေစဉ်မှာ မစ္စတာ မတ်စ်ခ်ကလည်း အေအိုင် လုံခြုံရေးဆိုင်ရာ ထိပ်သီးညီလာခံဆိုတဲ့ သရော် ကာတွန်း တခုကို မျှဝေ ရှယ်လုပ် တင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ယူကေ၊ ဥရောပသမဂ္ဂ၊ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကို ကိုယ်စားပြုထားသူတွေက အေအိုင်ဟာ လူသားမျိုးနွယ်အပေါ် အန္တရာယ်ပေးလာနိုင်တယ် လို့ ကြေညာကြောင်း ပါးစပ်က ပြောနေစဉ်မှာပဲ ဒီနည်းပညာကို မြန်မြန် အကောင်အထည်ဖော်မှဆိုပြီး စိတ်ကူးနေကြပုံ ရေးဆွဲထားတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုရဲ့ အဆုံးပိုင်းမှာတော့ သူတို့ နှစ်ဦး သက်တောင့်သက်သာပဲ ရှိနေကြပါတယ်။ မစ္စတာ ဆူးနတ်ခ် အနေနဲ့ သူမေးမြန်းခဲ့တဲ့ တမူထူးတဲ့ ဘီလျံနာ သူဌေးအပေါ် သဘောကျသွားပုံလည်း ရပါတယ်။ အင်မတန်တော်တဲ့ ဖန်တီးတီထွင် စိတ်ကူးရှင်နဲ့ နည်းပညာရှင်တယောက်လို့ တောင်ခေါ်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာ နာမည်ကျော် ထင်ရှားတဲ့ နည်းပညာ သူဌေးကို မေးခွန်းတွေ ထုတ်ခဲ့တဲ့ မစ္စတာ ဆူးနတ်ခ်နဲ့ မေးသမျှ ဖြေပြီး အများဆုံး ပြောသွားခဲ့တဲ့ မစ္စတာ မတ်စ်ခ်တို့ အကြား ဘယ်သူကပိုပြီး သြဇာကြီးခဲ့သလဲ ဆိုတာ ခွဲပြဖို့တော့ မလွယ်ပါဘူး။ သေချာတာ တခုကတော့ အေအိုင်ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့တော့ နှစ်ယောက်စလုံးက ထိန်းမတ်ပေးချင်ကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ယူကေက ဘာကင်ဟမ် ရှိုင်းယားမှာ ရှိတဲ့ ဘလက်ချလီပါ့ခ် မှာ ကျင်းပတဲ့ အေအိုင်ခေါ် ဉာဏ်တုရဲ့ လုံခြုံမှုဆိုင်ရာ ထိပ်သီးညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ယူကေ အစိုးရက အန္တရာယ်အရှိနိုင်ဆုံး အေအိုင်တွေကို ဘယ်လို ကိုင်တွယ် ထိန်းချုပ်သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဘလက်ချလီ ကြေညာစာတမ်းထဲမှာ အမေရိကန်၊ အီးယူနဲ့ တရုတ်တို့လည်း ပါဝင်လက်မှတ်ရေးထိုး ထားပါတယ်။
ညီလာခံမှာ အထူးအားဖြင့် အင်မတန် အဆင့်မြင့်နေတဲ့အတွက် ဘယ်အထိ ခရီးရောက်မလဲ ဆိုတာတောင် မပြောနိုင်သေးတဲ့ ရှေ့ကပြေးနေတဲ့ အေအိုင်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတာပါ။
ညီလာခံမတိုင်ခင်မှာ တက်စလာနဲ့ အိတ်စ် ကုမ္ပဏီတွေကိုပိုင်တဲ့ ဘီလျံနာ သူဌေး အီလွန်မတ်စ်က အေအိုင်ကြောင့် လူသားတွေ ပျောက်သွားနိုင်တယ်လို့ ပြောထားခဲ့ဖူးပေမယ့် ဘာကြောင့် ဒီလို ဖြစ်နိုင်ခြေရှိသလဲလို့ မပြောခဲ့ပါဘူး။ တချို့ကလည်း မရောက်သေးတဲ့ အနာဂတ်ထက် ပစ္စုပ္ပန်မှာ ရှိနေတဲ့ အေအိုင်က ပေးလာနိုင်တဲ့ အလုပ်အကိုင်ဆုံးရှုံးတာ ဘက်လိုက်အသားပေးမှုမျိုးတွေ အမြစ်ပိုတွယ်လာတာ စတဲ့ အန္တရာယ်တွေကိုသာ အာရုံထား ကိုင်တွယ်ဖို့ ပြောကြပါတယ်။
တတိယမြောက် ချားလ်စ် ဘုရင်ကတော့ ညီလာခံဖွင့်ပွဲ မိန့်ခွန်းထဲမှာ အေအိုင်ကို အဆင့်မြှင့်တင်ပေးဖို့က လျှပ်စစ်ဓာတ်အားကို ရှာတွေ့စဉ်ကလိုပဲ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်၊ ဒါကြောင့် အေအိုင်က ပေးလာနိုင်တဲ့ အန္တရာယ်တွေကို ကိုင်တွယ်ရာမှာလည်း လူ့အသိုက်အမြုံတွေ၊ အစိုးရတွေ၊ အရပ်ဘက်နဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ အရေးကြီးကြောင်း ပြောသွားခဲ့ပါတယ်။
ဘလက်ချလီ ကြေညာစာတမ်းမှာ တက်ရောက်လာတဲ့ ၂၈ နိုင်ငံစလုံးက အေအိုင်က ပေးနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ ညီညွတ်စွာ ပူးပေါင်း အဖြေရှာသွားကြဖို့ သဘောတူထားကြတာ ဖြစ်ပါတယ်။