နိုင်ငံရေးစကားပြောဖို့ ကမ်းလှမ်းလာတဲ့ RCSS

ရှမ်းပြည်နယ်ထဲက အခြားလက်နက်ကိုင်တွေနဲ့ မတူဘဲ သီးခြားဖြစ်နေတဲ့ RCSS ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနေသလို တစ်ဖက်မှာလည်း ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။

 ရှမ်းပြည်နယ်ထဲက စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဒီလိုကမ်းလှမ်းခဲ့တာလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်ထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေဟာ သတင်းစီးဆင်းမှုအမှားတွေကြောင့် ဖြစ်ရလို့ အဖွဲ့တွေအချင်းချင်းကြား တွေ့ဆုံဆွေးနွေးကြရင် အထင်မှားမှုတွေကိုလျှော့ချနိုင်လိမ့်မယ် လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

RCSS အဖွဲ့ ဟာ ရှမ်းပြည်နယ်ထဲမှာ အငြင်းပွားဖွယ်ရာတွေ နဲ့ ဝေဖန်မှုတွေခံနေရတဲ့ အဖွဲ့ဖြစ်တာကြောင့် ကျန်အဖွဲ့တွေနဲ့ တွေ့ဆုံရေးက ဖြစ်လာဖို့ အခွင့်အလမ်းနည်းတယ်လို့ ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

ဒီကမ်းလှမ်းမှုဟာ လက်ရှိပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ မတူညီသလို NCA စာချုပ်အတိုင်း လုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့လည်း မတူဘူးလို့ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

ဒီဆွေးနွေးပွဲတွေ ဖိတ်ခေါ်ဖို့ စစ်ကောင်စီနဲ့ ဘာသဘောတူညီမှုမှ မယူထားဘူးလို့ RCSS ကပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တိုက်ပွဲတွေဖြစ်နေတာထက်စာရင် အခုလိုဆွေးနွေးဖို့ဖိတ်ခေါ်မှုကို ကြိုဆိုတယ်လို့ ပြောပါတယ်။

 RCSS ဟာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ ကတည်းက စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ ၁၀ ဖွဲထဲမှာ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှက်ထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ပါပြီး အပစ်ရပ်လက်မှက် မထိုးတဲ့ အဖွဲ ၃ ဖွဲ့လည်း ပါပါတယ်။

အဲ့ဒီ လက်မှက်မထိုးတဲ့ အဖွဲ့ ၃ ဖွဲ့ကတော့ ဝ၊ မိုင်းလား နဲ့ SSPP တို့ဖြစ်ကြပါတယ်။

RCSS ဟာ SSPP နဲ့ တိုက်ပွဲတွေဖြစ်ပွားမှုရှိ

 ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဟာ RCSS နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပြီးတော့ စစ်ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အဖွဲ့တွေထဲ ပါဝင်နေပါတယ်။

ရှမ်းမြောက်ဒေသတချို့မှာ ဒီရှမ်းတပ် ၂ တပ် တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပြီး သူတို့ တွေ့ဆုံမှုဖြစ်ရင်တော့ ရှမ်းပြည်နယ်အတွင်းက ဒီ တပ် ၂ခုအတွက် အဖြေတစ်ခုခုရ နိုင်တယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။

တခြားတစ်ဖက်မှာတော့ နယ်မြေသတ်မှတ်တောင်းဆိုမှုလို တခြားကွဲလွဲမှုမျိုး ဖြစ်နိုင်ခြေတချို့ ရှိတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဘက်ကို RCSS ရဲ့ ဖိတ်ခေါ်မှုနဲ့ ပတ်သက်လို့ သဘောထားကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိသေးပါဘူး။

 RCSS ရဲ့ ထုတ်ပြန်ချက်အထဲ တွေ့ဆုံဆွေးနွေးရေးကနေ မဟာမိတ်ဖြစ်လာနိုင်ရေးအထိ ရည်မှန်းထားတယ်လို့ ရေးသားထားပေမယ့် လက်တွေ့အခြေအနေအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်လာဖို့တောင် ခက်ခဲလိမ့်မယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

 RCSS ဟာ ရှမ်းပြည်မှာ အထီးကျန်ဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး KIA နဲ့ AA တို့ပါဝင်တဲ့ တပ်မတော်မြောက်ပိုင်း မဟာမိတ်အဖွဲ့လို့ လူသိများတဲ့ FPNCC မှာတောင် RCSS မပါဝင်တဲ့အကြောင်းသူက သုံးသပ်ပြပါတယ်။

 အဲဒီအဖွဲ့ထဲ ရှမ်းပြည်အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်၊ မိုင်းလားအဖွဲ့၊ ကိုးကန့်အဖွဲ့၊ တအာန်းပလောင်အဖွဲ့နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)တို့ ပါဝင်နေတာဖြစ်ပါတယ်။

NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ပါဝင်ကြပါတယ်။

အခု RCSS တွေ့ဆုံရေးကမ်းလှမ်းမှုဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက ဒီအဖွဲ့တွေကို ပါကမ်းလှမ်းခဲ့တာလည်း ယူဆမှုတွေရှိပါတယ်။

“ရှမ်းတောင်ပိုင်းက အဖွဲ့အစည်းတွေပေါ်မှာတော့ သြဇာ သက်ရောက်မှု ရှိမှာပေါ့နော် မြောက်ပိုင်းက အဖွဲ့တွေပေါ်မှာတော့ရှိလိမ့်မယ်မထင်ဘူး၊ သမိုင်းကြောင်းဖြတ်သန်းမှု အရ မြောက်ပိုင်းက အဖွဲ့အစည်းတွေက မြန်မာပြည်ကွန်မြူနစ်ပါတီ က ခွဲထွက်လာတာဖြစ်တယ်သူတို့ကတော့ သူတို့ရဲမူအတိုင်း သွားကြလိမ့်မယ်၊တောင်ပိုင်းက NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေကတော့ အလေးအနက်ထားပြီးတုံ့ပြန်လိမ့်မယ်”

သီပေါမြို့နယ်အခြေစိုတ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကပြောပါတယ်။