သြဂုတ် ၃ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ပုသိမ်မှာ ဆင်ဖြူရှာဖို့ နေပြည်တော် အမိန့်ပေး

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဆင်ဖြူတော် “ရဋ္ဌနန္ဒက”

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဆင်ဖြူတော် “ရဋ္ဌနန္ဒက”

ဧရာဝတီတိုင်း၊ပုသိမ်က ရာဘာခင်းစောင့်တဲ့ အလုပ်သမားတွေ ညဘက်ရိုက်ကူးခဲ့တဲ့ ဆင်တစ်ကောင်ရဲ့ ဓာတ်ပုံ ထွက်ပေါ်လာပြီးတဲ့နောက် ဆင်ဖြူတော်ရှာဖို့ နေပြည်တော်က အမိန့်ပေးခဲ့တယ် လို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တိုင်းမှူး နဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် က တဆင့် သစ်တောဌာနကို ရှာဖွေဖို့ အမိန့်ပေးထားပြီး ချောင်းသာသစ်တောကြိုးဝိုင်းနဲ့ အနီးဝန်းကျင်ကြိုးဝိုင်းတွေထဲတောနင်းပြီး ရှာဖွေနေတယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ဆင်ဖြူတော်တွေကို အလိုရှိကြပြီး မြန်မာပြည်မှာ ဆင်ဖြူတော် ၁၁ ကောင်အထိ ပေါ်ထွန်းပြီးပြီလို့ သတ်မှတ်ထားကြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ ပေါ်ထွန်းလာတဲ့ ဆင်ဖြူတော် “ရဋ္ဌနန္ဒက” ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလွန်တန်ဖိုးထားတယ် လို့ စစ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဆင်ဖြူတော် “ရဋ္ဌနန္ဒက”ရဲ့ သတင်းကို ခေါင်းကြီးသတင်းအဖြစ် ည ၈ နာရီသတင်းမှာတောင် မကြာခဏ ထုတ်လွှင့်တတ်ပြီး သတင်းစာမျက်နှာဖုံးတွေမှာလည်း ပါဝင်တတ်ပါတယ်။

၂၀၂၃ မှာ ပြုလုပ်တဲ့ ဆင်ဖြူတော် “ရဋ္ဌနန္ဒက”ရဲ့ တစ်နှစ်ပြည့်မွေးနေ့တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကစလို့ စစ်ကောင်စီတစ်ဖွဲ့လုံး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာရှိတဲ့ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ မှာ ဆင်ဖြူတော် “ရဋ္ဌနန္ဒက”ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

ဆင်ဖြူတော် “ရဋ္ဌနန္ဒက”ဟာ ရတနာဆင်ဖြူတော်တွေရဲ့ ကြန်အင်လက္ခဏာတွေထဲက မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးမှာ ရှေ့ခြေသည်း ၅ ခုစီနဲ့နောက် ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စတဲ့ ရတနာဆင်ဖြူတော်တွေရဲ့ ကြန်အင်လက္ခဏာ ၇ ချက်နဲ့ ကိုက်ညီတယ် လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် သူတို့သားအမိကို နေပြည်တော်ကို ခေါ်လာပြီး ဥပ္ပါတသန္တိစေတီတော် အတွင်းမှာရှိတဲ့ ရတနာဆင်ဖြူတော်ဆောင်မှာထားရှိတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ္ဘောဒီးယားကို အထူးကိုယ်စားလှယ် စေလွှတ်

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ

ဓာတ်ပုံ ပုံစာ, မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ အထူးကိုယ်စားလှယ်အဖြစ် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်ကို ကမ္ဘောဒီးယားကို စေလွှတ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ ဟွန်ဆန်သားအဖ က လက်ခံတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို မကြာခင်မှာ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဟွန်မာနက် က သူ့ရဲ့ လူမှုကွန်ရက် ကနေ သြဂုတ် ၁ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ်ရဲ့ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဥ်အတွင်း မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့လည်း မစ္စတာ ဟွန်မာနက် က ပြောပါတယ်။

အဲဒီအထဲမှာ စီးပွားရေး၊ကုန်သွယ်ရေး၊ယဥ်ကျေးမှု နဲ့ ခရီးသွားလုပ်ငန်းတွေအပြင် ပြည်သူချင်းဆက်ဆံရေး တွေပါ ပါဝင်တယ်လို့လည်း ကမ္ဘောဒီးယားအစိုးရ က ထုတ်ပြန်ခဲ့ပါတယ်။

ဦးကိုကိုလှိုင် ဟာ ဇူလိုင် ၃၁ ရက်နေ့က နေ သြဂုတ်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကမ္ဘောဒီးယား ခရီးစဥ်အတွင်း ဝန်ကြီးချုပ် မစ္စတာ ဟွန်မာနက် အပြင် အထက် လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန် နဲ့ လည်း သြဂုတ်လ ၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ က သြဂုတ် ၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ကမ္ဘာပေါ်မှာ ခေါင်းဆောင်တစ်ဦးတည်းက အာဏာရယူထားမှု သက်တမ်းအရှည်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားမှာ ဟွန်ဆန်က နိုင်ငံကို ဆယ်စုနှစ် လေးစုနီးပါး အုပ်ချုပ်ပြီးနောက် သူ့သားကို အာဏာလွှဲပေးခဲ့ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်မှာ မြန်မာ-ကမ္ဘောဒီးယား သံတမန်ထူထောင်တာ နှစ် ၇၀ ပြည့် မှာ ဖြစ်ပါတယ်။

နိုင်ငံလေးခုက တရုတ်သံရုံးတွေ ရှေ့မှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေ တရုတ်ကို ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, NYCBC

ဓာတ်ပုံ ပုံစာ, အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေ တရုတ်ကို ဆန္ဒပြ

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေဘက်ကရပ်တည်ဖို့နဲ့ စစ်ကောင်စီ ကို ကူညီနေတာတွေ ရပ်တန့်ဖို့ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား နဲ့ ဂျပန် နိုင်ငံတွေမှာရှိတဲ့ တရုတ်သံရုံးတွေရှေ့မှာ ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း ဆန္ဒပြပွဲ တွေပြုလုပ်ခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ဇူလိုင် ၃၀ ရက်နေ့က ဗြိတိန်ရောက် မြန်မာနိုင်ငံသား တစ်ရာကျော်လောက်က စုဝေးတောင်းဆိုခဲ့ကြပါတယ်။

ဇူလိုင် ၃၀ ရက် မှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တယ်လို့ မြန်မာ့အရေးတက်ကြွ လှုပ်ရှား သူတွေနဲ့ဖွဲ့စည်းထားတဲ့ နယူးယောက်အခြေစိုက် NYCBC အဖွဲ့ က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က ဝါရှင်တန်ဒီစီ မြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ မြန်မာစစ်အာဏာ ရှင်ချုပ်ငြိမ်းရေးနဲ့ တရုတ်နိုင်ငံက စစ်ကောင်စီ ကို ကူညီနေတာတွေ ရပ်တန့်ရေး ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ အမေရိကန်အခြေစိုက် Anti Dictatorship in Burma အဖွဲ့ က ထုတ်ပြန်ပါတယ်။

ဆန္ဒပြပွဲတွေက အာရှနိုင်ငံတွေမှာပါရှိလာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇူလိုင် ၃၁ ရက်ကလည်း ဆန္ဒပြပွဲလုပ်ခဲ့ကြတယ်လို့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောကြပါတယ်။

သြဂုတ် ၂ ရက်မှာလည်း ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

မလေးရှားပို့မယ့် ကျပ် ၉၆ ဘီလီယံ ဖိုး မူးယစ်ဆေးဝါးတွေ ဖမ်းမိ

၂၀၂၃ ခုနှစ်က စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းအနားမှာတွေ့ရတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းအနားမှာတွေ့ရတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါးများ

မလေးရှားနိုင်ငံကို ပို့ဆောင်မယ့် ကျပ်ငွေ ၉၆ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး တွေကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

ဖမ်းမိတဲ့အိုက်စ်(မက်သ်အဖက်တမင်း)တွေက ရှမ်းပြည်နယ် တောင်ပိုင်းကနေလာတာ ပြီး မလေးရှား ကို ပင်လယ်ရေလမ်း ကနေ ပို့ဆောင်မှာလို့ ဖမ်းဆီးရမိတဲ့ တရားခံတွေက ထွက်ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်က အိုက်စ် ၂ ဒသမ ၃ တန် သယ်လာတဲ့ ကုန်တင်စက်လှေ မရပ်ပေးလို့ လိုက်ဖမ်းရာကနေ ဒီဖြစ်စဉ်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ စက်လှေပိုင်ရှင်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ဖြစ်ပြီး သူ့အိမ် ကနေ ပစ္စတိုသေနတ် ၁ လက်နဲ့ ကျည်ဆံတွေ ဖမ်းမိခဲ့တယ်လို့လည်း စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

ဒီအမှုမှာ ရန်ကုန် နဲ့ ပြင်ဦးလွင်က လူ ၁၂ ဦးကို ကွင်းဆက်လိုက်ပြီး ဖမ်းဆီးအမှုဖွင့်ထားတာဖြစ်ပါတယ်။