နိုဝင်ဘာ ၂ ရက် ထိပ်တန်းသတင်းများ - ရှမ်းမြောက်တိုက်ပွဲ ချက်ချင်းအပစ်ရပ်ဖို့ တရုတ်တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတွေထဲက တစ်ဦးဖြစ်သူ မစ္စတာ ဝမ် ဝမ်ဘင်း

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတွေထဲက တစ်ဦးဖြစ်သူ မစ္စတာ ဝမ် ဝမ်ဘင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်နိုင်ငံဘက်က ဒီနေ့မှာ တိုက်တွန်းပြောကြားလာပါတယ်။

ကိုးကန့်ဒေသ၊ ရှမ်းမြောက်က လားရှိုး၊ သန္နီနဲ့ နောင်ချိုမြို့နယ်တွေ၊ နောက် ရှမ်းမြောက်နဲ့ မန္တလေးအစပ် မိုးကုတ်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ တွေ သီတင်းတစ်ပတ်ထဲဝင်လာချိန်မှာ တရုတ်ဘက်က အခုလိုပြောလာတာပါ။

‘‘သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအနေနဲ့ တိုက်ခိုက်တာရပ်ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဖို့ တိုက်တွန်းပါတယ်’’ လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဝမ် ဝမ်ဘင်းက ပြောပါတယ်။

ကွဲပြားချက်တွေကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ငြိမ်းချမ်းစွာဖြေရှင်းဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေး သေချာစေဖို့ လက်တွေ့ကျပြီး ထိရောက်တဲ့ အစီအမံတွေ ပြုလုပ်ဖို့ကိုလည်း သူက တိုက်တွန်းသွားတာတွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့က အောက်တိုဘာလ ၂၇ ရက်မှာ စတင်တဲ့ စစ်ဆင်ရေးဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီစခန်းပေါင်း ၉၀ ကျော်ကို တိုက်ခိုက်ထားနိုင်တယ်လို့ ကိုးကန့်တပ်ပြောခွင့်ရသူက ဘီဘီစီကို ‌ပြောထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ကြူကုတ်မြို့တွေကို လက်လွှတ်လိုက်ရပြီဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ဝန်ခံပြောဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ နေ့မှာပဲ ‘‘အပစ်အခတ်ရပ်စဲပြီး တိုင်ပင်ညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းကြဖို့၊ တရုတ်-မြန်မာနယ်စပ်မှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးရရှိအောင် လုပ်ကြဖို့’’ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရှိသူ မော်နင်းကပြောထားတာကြောင့် တရုတ်ရဲ့ အခုတစ်ကြိမ်ပြောဆိုမှုဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

မုန်းမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် လူငယ်အမျိုးသမီး ၁ ဦးသေဆုံး

သေဆုံးခဲ့တဲ့ အမျိုးသမီးငယ်

ဓာတ်ပုံ ရင်းမြစ်, KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ -၃(ညောင်လေးပင်ခရိုင်)ထဲက မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် လူငယ်အမျိုးသမီး ၁ ဦး သေဆုံးပြီး နောက်ထပ် လူ ငါးထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ KNU ဘက်က သတင်းထုတ်ပြန်လာပါတယ်။

အောက်တိုဘာလ ၃၁ ရက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ရေလဲ(အရှေ့ဘက်ကမ်း)ရွာမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ညာဘက်ဒူးပြတ် သေဆုံးခဲ့သလို အသက် ၂၀ အရွယ်နဲ့ ၉ နှစ်အရွယ် အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရတယ်။

စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၃၉ ခြေမြန်တပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄ လုံးထဲက ၂ လုံး အဲဒီရွာထဲ ကျရောက်ခဲ့ချိန်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁ ရက်မှာလည်း နတ်သံကွင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သပြေကုန်းကျေးရွာက အသက် ၇၀ ကျော်အရွယ် အဖိုးအိုတစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း KNU ဘက်က ထုတ်ပြန်ပါတယ်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ စစ်တမ်းအရ လက်ရှိမှာ ဒေသခံအယောက် ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး မှာ ပူးပေါင်းမယ်လို့ တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာ ၂ ရက်အထိ စစ်ကောင်စီစခန်းပေါင်း ၉၀ ကျော် ကို သိမ်းပိုက်ထားနိုင်

ဓာတ်ပုံ ရင်းမြစ်, the kokang

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာ ၂ ရက်အထိ စစ်ကောင်စီစခန်းပေါင်း ၉၀ ကျော် ကို သိမ်းပိုက်ထားနိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၀၂၇ စစ်ဆင်ရေး ကို အားပေးထောက်ခံတယ်လို့ နိုင်ငံတဝန်းက တော်လှန်ရေးအဖွဲ့အစည်း ၁၄ ခုက ထုတ်ပြန်လိုက်ပြီး အဲဒီထဲက တချို့အဖွဲ့အစည်းတွေကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်း၊မကွေး၊ဧရာဝတီ၊ချင်း၊ရန်ကုန်၊ရခိုင် အခြေစိုက် တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နဲ့ ချင်းအမျိုးသားတပ်ဦး တို့လည်း ပါဝင်ပါတယ်။

မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ဧရာဝတီလူငယ်များသမဂ္ဂ၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ဆန္ဒရှိတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွက် စစ်ရေးအရရောနိုင်ငံရေးအရပါ ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ ဟန်ချက်ညီ လှုပ်ရှားဖို့ တိုက်တွန်းထားကြပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ နဲ့အတူ တခြားမဟာမိတ်တချို့ပူးပေါင်းစစ်ဆင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာ ၂ ရက်အထိ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီစခန်းပေါင်း ၉၀ ကျော် ကို သိမ်းပိုက်ထားနိုင်တယ် လို့ မဟာမိတ်တွေက ထုတ်ပြန်ထားပါတယ်။