ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ကောင်စီတို့ ကြား သံတမန်ရေး တင်းမာမှုရှိနေပြီလား

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလဆန်းမှာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလဆန်းမှာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ခဲ့

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို မြို့တော် ဒါကာကို ပြန်ခေါ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို အတည်ပြုပါတယ်။

စစ်ကောင်စီဘက်က ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ ထိတွေ့ ဆက်ဆံမှုတွေကို ကန့်ကွက်ရှုတ်ချခဲ့ပြီးတဲ့နောက်မှာ ဒီဖြစ်စဥ်တွေ ပေါ်ထွက်လာတာပါ။

ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိ ကြားကာလအစိုးရအဖွဲ့ အကြံပေး မိုဟာမက် ယူနွတ် ကတော့ ရန်ကုန်မြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးရဲ့ သံအမတ်ကြီး မက် မိုနိုဝါ ဟူစိန်ဟာ မြန်မာစစ်ကောင်စီဘက်က နှင်ထုတ်လို့ ပြန်ရတာမျိုးမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်ပြန်ခေါ် ထားတာလို့ တုံ့ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်ကောင်စီတို့ ကြား သံတမန်ရေးတင်းမာမှုတွေရှိလာပြီလား။

ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ကောင်စီတို့ကြားဘာတွေဖြစ်ခဲ့လဲ

ရန်ကုန်မြို့ က ဘင်္ဂလားဒေ့ရှ်သံရုံး

ဓာတ်ပုံ ရင်းမြစ်, Jakaria Jalal

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ က ဘင်္ဂလားဒေ့ရှ်သံရုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့ စစ်သံမှူးတွေကို ပြန်ခေါ် လိုက်တာဟာ ပုံမှန် သံတမန်အစည်းအဝေးရှိလို့ ဖြစ်ကြောင်း ဘီဘီစီရဲ့မေးမြန်းမှုကို တုံ့ပြန်ဖြေကြားလာပါတယ်။

စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖ်တက်ဘ် ဟူစိန်က ဒီလဆန်းမှာ မြို့တော် ဒါကာကို ပြန်လည်ရောက်ရှိပြီး သံအမတ်ကြီး မက် မိုနိုဝါဟူစိန်ကတော့ မကြာသေးမီကပဲ ပြန်ရောက်လာတယ်လို့ သံတမန် အသိုင်းအဝိုင်းထံက စုံစမ်းသိရှိရပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်မြေအများစုကို ကြီးစိုးထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေတာကြောင့်ဆိုပြီး စစ်ကောင်စီက မကြာသေးမီက ကန့်ကွက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရဆီကို သံတမန်ရေးအရ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက သူ့သံတမန်တွေကို အခုလို ပြန်ခေါ်တာဟာ အာရက္ခတပ်တော်နဲ့ဘင်္ဂလားဒေ့ရှ်တို့အကြား ဆက်ဆံမှုတွေကို စစ်ကောင်စီက ကန့်ကွက်ရှုတ်ချခဲ့တာကြောင့် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမှာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ ဗိုလ်မှူးကြီး အမ်ဘာဒက်ဟာကွီ က ဘီဘီစီကို ပြောပါတယ်။

'' ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက နှစ်ကာလများစွာကတည်းက ဆက်ဆံရေးကောင်းမွန်တဲ့နိုင်ငံတွေပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က သံအမတ်တွေကို ပြန်ခေါ်တာ အရင်က ဒီလိုမျိုး လုံးဝမရှိခဲ့ပါဘူး။ နေပြည်တော်က ဒါကာကို တုန့်ပြန်မှုက နှစ်လိုဖွယ်မကောင်းတဲ့အတွက် အခုလိုပြန်ခေါ်တယ်လို့ ယူဆပါတယ်'' ဗိုလ်မှူးကြီး အမ်ဘာဒက်ဟာကွီက သူ့ယူဆချက်ကိုပြောပါတယ်။

သံတမန်တွေကို ပြန်ခေါ်တာ ဘာသဘောဆောင်လဲ

ပြီးခဲ့တဲ့မတ်က ကျင်းပခဲ့တဲ့ ဘင်းစတက်မ် အစည်းအ‌ဝေးမှာ တွေ့ရတဲ့ ကြားကာလအစိုးရအဖွဲ့ အကြံပေး မိုဟာမက် ယူနွတ် (ဒုတိယမြောက်) နဲ့ မြန်မာစစ်ခေါင်းဆောင် ( ပဥ္စမမြောက်)

ဓာတ်ပုံ ရင်းမြစ်, Thai Govt

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့မတ်က ကျင်းပခဲ့တဲ့ ဘင်းစတက်မ် အစည်းအ‌ဝေးမှာ တွေ့ရတဲ့ ကြားကာလအစိုးရအဖွဲ့ အကြံပေး မိုဟာမက် ယူနွတ် (ဒုတိယမြောက်) နဲ့ မြန်မာစစ်ခေါင်းဆောင် ( ပဥ္စမမြောက်)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာရေးရာဌာန ညွှန်ကြားရေးမှူး မစ္စတာ ဆူဂျန်ဒက်ဘ်နက်ထ်ကတော့ မြန်မာက ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ပြန်လည် ခေါ်ယူတာ မှန်ကန်ပေမဲ့ ဒါဟာ လုပ်ရိုးလုပ်စဥ်ကိစ္စသာ ဖြစ်ကြောင်း ဘီဘီစီ ဘင်္ဂါလီဌာနကို ဖြေကြားပါတယ်။

မြန်မာနိုင်ငံကနေ သံအမတ်ကို လုံးဝ ရုပ်သိမ်းခေါ်ယူတာ မဟုတ်ကြောင်းနဲ့ ပုံမှန်ရှင်းလင်းတင်ပြစရာတွေ ​ရှိတဲ့အတွက် ခေါ်ယူတာလို့လည်း ဖြည့်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် သံအမတ်က မြန်မာနိုင်ငံကို ပြန်လာဖို့ရှိသလားလို့ ဆက်လက်မေးမြန်းတဲ့အခါ ပြန်လာဖို့ရှိမယ်လို့သာပြောဆိုပြီး ချက်ချင်ဆင့်ခေါ်ရတဲ့ အကြောင်းရင်းကို မေးမြန်းတာကိုတော့ ပြန်လည် ဖြေကြားတာမရှိပါဘူး။

နှစ်နိုင်ငံရေးရာကိစ္စရပ်တွေရှိသေးတာကြောင့် သံအမတ်ကြီးက မြန်မာနိုင်ငံကို ပြန်လာနိုင်တယ်လို့လည်း ဗိုလ်မှူးကြီး အမ်ဘာဒက်ဟာကွီ က ဘီဘီစီကို ပြောပါတယ်။

ကြားကာလအစိုးရအဖွဲ့ အကြံပေး မိုဟာမက် ယူနွတ်က ၂၀၂၅ မတ်လ ၄ ရက်က Sky News ဌာနနဲ့ မေးမြန်းခန်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်လည် နေထိုင်နိုင်ဖို့ လုံခြုံတဲ့နယ်မြေ တစ်ခုဖန်တီးရေးအတွက် အေအေနဲ့ ဆွေးနွေးညှိနှိုင်းနေကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး ခါလီလာရာမန် ကလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ မှာ ကျင်းပတဲ့ ပြည်သူ့ဆွေးနွေးပွဲတစ်ခုမှာ အေအေက နယ်စပ်မှာ အလံစိုက်ထူလိုက်ပြီးတဲ့နောက် AA နဲ့လည်း သင့်တင့် လျောက်ပတ်အောင် ဆက်ဆံရမယ်လို့ လည်း ပြောထားပါတယ်။

အာရက္ခတပ်တော် (AA)က ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ကပ်လျက်က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို သိမ်းထားချိန်မှာ အဲဒီမြို့နယ်တွေကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေအရေးနဲ့ အဲဒီဒေသတွေမှာရှိနေတဲ့ ရိုဟင်ဂျာတွေအရေးကို နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုပေးနိုင်မလားဆိုတဲ့ စဉ်းစားချက်တွေရှိနေပါတယ်။

ဒီလိုစဉ်းစားချက်ရှိတဲ့အကြောင်းကိုလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အခုနှစ်ဆန်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေစခန်းကို သွားအပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြုလုပ်တဲ့ အခုနှစ်ဆန်းပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ နယ်စပ်က မြေပြင်နဲ့ ရေပိုင်နက်ကို ထိန်းချုပ်ထားသူက AA ဖြစ်တာကြောင့် AA မပါဘဲ နှစ်နိုင်ငံ နယ်စပ်က ပြဿနာတွေကို ဖြေရှင်းလို့မရဘူးလို့ သူကပြောပါတယ်။

''ဘင်္ဂလားဒေ့ရှ် အနေနဲ့ မြန်မာစစ်အစိုးရနဲ့ နိုင်ငံချင်းဆက်သွယ်လုပ်ရမယ့်ကိစ္စတွေရှိပေမဲ့ နယ်စပ်မှာ မြန်မာအစိုးရနဲ့ စစ်တပ်မရှိတော့တဲ့အတွက် သူတို့က အာရက္ခတပ်တော်နဲ့ ဆက်လုပ်ရတဲ့ သဘောရှိတယ်'' လို့ ဦးဖေသန်းက ဆိုပါတယ်။

အာရက္ခတပ်တော်ခေါင်းဆောင်တွေဘက်ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ သွားရောက်ဆွေးနွေးမှု နှစ်ကြိမ်ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တိကျတဲ့ရလဒ်ထွက်လာတာတော့ မတွေ့ရဘူးလို့ ရခိုင်အရေးစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ လက်ထက်မှာ လစ်လျူရှုခံခဲ့ရတဲ့ ရိုဟင်ဂျာအရေးတွေကို အခု ဘင်္ဂလား‌ဒေ့ရှ် ကြားကာလအစိုးရက ပြန်ပြီး အာရုံစိုက်လာနေပါတယ်။ ဒီလိုရိုဟင်ဂျာအရေးနဲ့ လူသားစာနာအကူအညီ ကိစ္စရပ်တွေမှာ ဆောင်ရွက်တဲ့အခါမှာလည်း သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

စစ်ကောင်စီက အခုလိုအာရက္ခတပ်တော်နဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကန့်ကွက်မှုတွေကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က ဒီနှစ် မေလထဲမှာပြန်ပြီး ပယ်ချခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော်ပြဿနာတွေ အာရက္ခတပ်တော်နဲ့ ဆက်သွယ်ဆောင်ရွက်နေသလို ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိုလည်း စစ်ကောင်စီရော အာရက္ခတပ်တော်နဲ့ပါ ဆက်သွယ်နေကြောင်း သူက ပြောထားပါတယ်။

မြေပြင်မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပိုင်နက်ကို ပိုင်းခြားထားတဲ့ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တို့ကို ဖြတ်သန်းစီးဆင်းရာ နတ်ဖ် မြစ်ထဲ မြန်မာရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတယ်လို့ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေနဲ့ ငါးဖမ်းသမားတစ်ချို့ကို ပြီးခဲ့တဲ့ လတွေအတွင်း အေအေက ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ လက်ထဲကို လွှဲပြောင်းတာတွေရှိထားပါတယ်။

နယ်စပ်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ တရားဝင်ဆွေးနွေးတာ ရှိ မရှိကိုတော့ အေအေဘက်က တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်နဲ့ စစ်သံမှူးတွေ ပြန်ခေါ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်ကတော့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို နှင်ထုတ်တယ်ဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး နောက်ကွယ်မှာ အဝါမီအဖွဲ့ချုပ်က တက်ကြွလှုပ်ရှားသူတွေနဲ့ အိန္ဒိယနွယ်ဖွားအချို့လည်း ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ဒါကာကို ဘာကြောင့် အမြန်ပြန်ခေါ်တယ်ဆိုတာတော့ ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်ကလည်း ရှင်းရှင်းလင်းလင်း မပြောပါဘူး။

မက် မိုနိုဝါ ဟူစိန် ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအဖြစ် စတင်ခန့်အပ်ခံရပြီး ရန်ကုန်က ဘင်္ဂလားဒေ့ရှ်သံရုံးမှာ သံအမတ်ကြီးအဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်လကစလို့ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

ရခိုင် ပြည်နယ်၊မြို့တော် စစ်တွေမှာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ ဗိုလ်မှူးကြီး အမ်ဘာဒက်ဟာကွီ ကတော့ '' ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဒီဆုံးဖြတ်ချက်က ဘယ်လိုမှလုပ်လို့မရတဲ့အဆုံးလုပ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ သံတမန်ရေးမှာ နောက်ဆုံးအဆင့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး'' လို့ မှတ်ချက်ပြုထားပါတယ်။