ကူကီးချင်းတပ်က ဖမ်းသွားတဲ့ ဘဏ်မန်နေဂျာကို ဘင်္ဂလားဒေ့ရှ်ရဲကယ်

bangladesh

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံမှာ မတည်ငြိမ်မှု တိုးလာပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို ရိုက်ခတ်

မြန်မာ လူမျိုးစု လက်နက်ကိုင် အဖွဲ့လို့ သံသယရှိသူတွေက ဖမ်းဆီးသွားတဲ့ ဘဏ်မန်နေဂျာတယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲက ပြောပါတယ်။

အင်္ဂါနေ့က ဘန်ဒါဘန်ခရိုင်မှာ ကူကီးချင်း အမျိုးသားရေးတပ်ဦး KNF အဖွဲ့က ဘဏ်ဓားပြတိုက်ဖို့ ကြံစည်ရာမှာ ဒီလူကို ဖမ်းခေါ်သွားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်နက်ကိုင် ၇၀- ၈၀ လောက်က ဆိုနာလီဘဏ်ရဲ့ ရူမားဘဏ်ခွဲကို အင်္ဂါနေ့ညက ၀င်စီးပြီး ဘဏ်ငွေတိုက်ကို ဖောက်ဖို့ ကြံစည်ကြောင်း ဒါကာကထုတ်တဲ့ Prothom Alo သတင်းစာက ရေးပါတယ်။

ငွေထုတ်ယူလို့မရတဲ့အတွက် ဘဏ်မန်နေဂျာ နီဇမ်အူဒင်ကို ဖမ်းဆီးသွားပါတယ်။

ဒီဘဏ်တိုက်ဖောက်မှုဖြစ်ပြီး ၁၇ နာရီအတွင်း တခြားဘဏ်ခွဲနှစ်ခုမှာလည်း ငွေနဲ့ သေနတ်တွေ လုယက်တာတွေ ဖြစ်ခဲ့ပါတယ်။

bangladesh

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်မှာ လုံခြုံရေး တိုးချ

ဘဏ်မန်နေဂျာကို ကယ်ဆယ်ပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့ညကလည်း ဒီနယ်မြေက ရဲစခန်းတခုကို လက်နက်ကိုင် တစုက တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိကြီးတဦးက ပြောပါတယ်။

KNF ဘက်ကလို့ ယူဆရတဲ့ ဒီလက်နက်ကိုင်တွေကို တုံ့ပြန်ဖို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်တွေ တိုးချထားပါတယ်။

bangladesh

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောတောင်ထူထပ်တဲ့ ဘန်ဒါဘန်ခရိုင်

ဘန်ဒါဘန်ဒေသမှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အငိုက်မိခဲ့ပါတယ်။

စစ်တကောင်းတောင်တန်းဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ပေါ်ပေါက်ရေး အတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ ကူကီးချင်း အမျိုးသားရေးတပ်ဦး KNF ကို ၂၀၁၇ မှာ ဖွဲ့စည်းတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ တိုးပွားလာပြီးနောက် ဒီအဖွဲ့ လှုပ်ရှားမှုတွေ တိုးလာတယ် လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး KNF ဘက်က ဘာထုတ်ပြန်ချက်မှ မပေးသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အဆာဒူဇာမန်းခန်းလည်း ဘန်ဒါဘန်က အခြေအနေတွေ ကြည့်ဖို့ စနေနေ့ လာဖို့ ရှိတယ်လို့ The Business Post သတင်းစာက ရေးပါတယ်။

အစိုးရအနေနဲ့ စစ်တကောင်းတောင်တန်းဒေသမှာ လက်နက်ကိုင် လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေတယ်လို့ အာဏာရ အဝါမီ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး အိုဘေးဒိုးကွာတာက ပြောကြောင်း ဒါကာထရီဗြွန်း သတင်းစာက ရေးပါတယ်။