ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပင်လယ်ကွေ့ကို ဦးစားပေးပြီး ခရီးသွားတဲ့ ထရမ့်ရဲ့ အကြောင်းရင်း ၄ ချက်
- ရေးသားသူ, အက်မာ ရာဝပ်ရှ်
- ရာထူးတာဝန်, ဘီဘီစီ သတင်း အာရေဗျ
အမေရိကန် သမ္မတ တယောက် သူ့ ပထမဆုံး နိုင်ငံခြားခရီးစဥ်က ဘယ်ကိုလဲဆိုတာ ရွေးချယ်မှုက သိပ်အရေးပါ ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက ဘာကို ဦးစားပေးမှာဆိုတာ ညွှန်ပြတာပဲလို့ မှတ်ယူကြပါတယ်။
ပထမအကြိမ် အာဏာရလာတဲ့ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၇ ခုနှစ်၊ မေလမှာ အရင်အစဥ်အဆက်က အမေရိကန် သမ္မတတွေနဲ့ မတူဘဲ အစဥ်အလာကို ချိုးဖောက်ထွက်ခဲ့ပါတယ်။ အရင်သမ္မတတွေတုန်းက သူတို့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဥ်တွေက ကနေဒါ၊ မက္ကဆီကိုနဲ့ ဥရောပတို့ ဆီကိုပါ။
သူကတော့ သူ့ သမ္မတ သက်တမ်း ပထမဆုံး နိုင်ငံခြားခရီးအဖြစ် ရေနံကြွယ်ဝတဲ့ ဆော်ဒီ အာရေဗျနိုင်ငံကို ရွေးခဲ့ပါတယ်။ အခု ဒုတိယတစ်ခေါက် သူ အိမ်ဖြူတော်ကို ပြန်ရောက်လာတော့လည်း ပင်လယ်ကွေ့ကို ဒီသီတင်းပတ် (မေ ၁၃ - မေ ၁၆) အထိ ခရီးထွက်ပါပြီ။
ဆော်ဒီအာရေးဗျ၊ ကာတာနဲ့ ယူအေအီး တို့ကို ထရမ့်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဥ်တွေအဖြစ် စီစဥ်သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လအတွင်းက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စျာပနကို တက်ရောက်ဖို့အတွက် သူ ဗာတီကန်ကို ရုတ်တရက် သွားခဲ့ပါတယ်။
ထရမ့်ဟာ ပင်လယ်ကွေ့ကို ဦးစားပေးခရီးသွားတော့ ဒီလို ရွေးချယ်အောင် သူ့အတွေးထဲ ဘာတွေရှိမလဲဆိုတာကို စဥ်းစားစရာပါ။
ပင်လယ်ကွေ့ ခေါင်းဆောင်တွေက ဒေသတွင်းမှာဖြစ်စေ၊ ကမ္ဘာတဝန်းမှာ ဖြစ်စေ သြဇာကြီးတာ၊ အမေရိကန်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးနိုင်တာမို့ သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင်လုပ်တာက နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးအမြတ်တွေ အကြီးအမားရနိုင်တယ်ဆိုတာကို ထရမ့်က သိမြင်ထားကြောင်း ပင်လယ်ကွေ့ရေးရာတွေကို အထူးပြု လေ့လာနေတဲ့ အိုမန်နိုင်ငံသားပါမောက္ခ အဘ္ဘဒ္ဒူလာ ဘာဘွတ်က ဘီဘီစီကို ပြောပါတယ်။
အကြီးအမား စီးပွားဖြစ်မှု
မတ်လမှာ ကနဦးအစီအစဥ်ကို ကြေညာရင်း ထရမ့်က ဆော်ဒီနဲ့ တခြား ပင်လယ်ကွေ့နိုင်ငံတွေ အတွက် ကုန်ပစ္စည်းတွေထုတ်လုပ်မယ့် အမေရိကန်ကုမ္ပဏီတွေအတွက် "ဒေါ်လာ ဘီလျံ ရာနဲ့ချီပြီး" အရင်းအနှီးတွေ စီးလာစေဖို့ ရည်ရွယ် ပိုင်းဖြတ်ထားတယ်လို့ဆိုရင်း ချမ်းသာတဲ့ အာရပ်နိုင်ငံတွေနဲ့ စီးပွားရေး သဘောတူညီချက်တွေလုပ်ဖို့ ထိပ်တန်းကနေ ဦးစားပေးထားတာကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။
"ပင်လယ်ကွေ့နိုင်ငံတွေဟာ သူတို့ရဲ့ ဘဏ္ဍာရေး အရန်ငွေတွေ၊ နိုင်ငံပိုင်ရန်ပုံငွေတွေ၊ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံနိုင်မှုတွေနဲ့အတူ ကမ္ဘာ့စီးပွားရေးမှာ အချက်အချာကျတဲ့နေရာက ပါဝင်နေတယ်" လို့ ပါမောက္ခ ဘာဘွတ်က ပြောပါတယ်။
အမေရိကန်ပြည်တွင်းမှာ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ကြုံနေရတဲ့ ထရမ့်ဟာ ချမ်းသာတဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းရင် အကျိုးအမြတ်များမယ့်အရေးကို သိမြင်ထားတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၁၁၀ ဘီလျံ တန်ဖိုးရှိတဲ့ စစ်ရေးဆိုင်ရာ ကုန်ပစ္စည်းတွေ ရောင်းချနိုင်တာ အပါအဝင် ဒေါ်လာ ၄၅၀ ဘီလျံကျော်တန် စီးပွားရေးသဘောတူညီချက်တွေကို သူ့ ခရီးစဥ်က ဆောင်ယူနိုင်လာခဲ့ပါတယ်။
အခုတကြိမ်မှာ ဆော်ဒီ ဆီကနေ ဒေါ်လာ ၁ ထရီလျံ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဖို့ မျှော်လင့်ထားကြောင်း ထရမ့်က ကြွေးကြော်ထားပါတယ်။
ဒါ့အပြင် ယူအေအီးဟာ အမေရိကန်မှာ ၁၀ နှစ်ကာလအတွင်း ဒေါ်လာ ၁.၄ ထရီလျံ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဆန္ဒရှိနေကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။
ထရမ့်က "ချက်ချင်းအကျိုးဖြစ်မှုတွေ" ကို ခရီးစဥ်ကနေ ဆောင်ယူပြဖို့ ဆန္ဒရှိကြောင်း ဝါရှင်တန် ခြေစိုက် အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ရေးရာ သုံးသပ်သူ ဟာဆန် မနီယမ်နတ်က ဘီဘီစီကို ပြောပါတယ်။
အကြီးအမား ရင်းနှီးမြှုပ်နှံမှုတွေ၊ အထူးသဖြင့် စစ်ရေးပစ္စည်းတွေနဲ့ပတ်သက်တဲ့သဘောတူညီချက်တွေကို ခပ်မြန်မြန်ရဖို့ အမေရိကန်သမ္မတက မျှော်လင့်ထားကာ ဒါတွေနဲ့ သူ့ ကုန်သွယ်ရေး ပေါ်လစီတွေ မှန်ကန်ကြောင်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။
မတည်ငြိမ်တဲ့ အရှေ့ အလယ်ပိုင်း
အမေရိကန်နိုင်ငံခြားရေးမူဝါဒအတွက် ဂါဇာစစ်ပွဲနောက်ပိုင်းအစီအစဥ်နဲ့ အီရန်နဲ့ပတ်သက်တဲ့ အစီအစဥ်တွေက လုပ်ရမယ့် အလုပ်တွေမို့ ဒီ ၂ ခုလုံးအတွက် ပင်လယ်ကွေ့ မဟာမိတ်တွေက အသုံးဝင်ပါတယ်။
ထရမ့် အခုတခေါက် အာဏာရယူပြီး သိပ်မကြာခင်မှာပဲ သူ့နိုင်ငံအနေနဲ့ ဂါဇာကို ယူမယ်၊ ဂါဇာကို "အရှေ့အလယ်ပိုင်းမှာ အပန်းဖြေစခန်းတွေနဲ့ ပြည့်နေတဲ့ကမ်းခြေ" အဖြစ် အသွင်ပြောင်းမယ်လို့ ပြောပြီး တကမ္ဘာလုံးကို သွေးလန့်စေခဲ့ပါတယ်။
လူ ၂.၁ သန်း လောက်နေထိုင်တဲ့ ဂါဇာက လူအများစုကို နှင်ထုတ်တာတွေ ပါဝင်တဲ့ သူ့ရဲ့ အစီအစဥ်က "အဲဒီက အိမ်နီးချင်းနိုင်ငံတွေကို ဓနကြွယ်ဝမှုတွေ ပေးလိမ့်မယ်" လို့ သူက ဆိုပါတယ်။
အဲဒီအစီအစဥ်ကို ကမ္ဘာအနှံ့က အကျယ်အပြန့် ရှုတ်ချကြပါတယ်။ ဂါဇာကမ်းမြောင်ကို စစ်ပွဲအပြီးမှာ ဘယ်လို ပြန်တည်ဆောက်မယ်ဆိုတဲ့ အာရပ်နိုင်ငံတွေရဲ့ အစီအစဥ်ကိုလည်း အမေရိကန်နဲ့ အစ္စရေးတို့က ပယ်ချပါတယ်။
ဒီခရီးစဥ်အတွင်း စစ်ကြောင့် ကြေမွခဲ့တဲ့ ဂါဇာနယ်မြေ ပြန်လည်တည်ဆောက်ရေးအတွက် ဘဏ္ဍာရေး အကူအညီရဖို့ ထရမ့်က ကြိုးစားနိုင်တယ်။ ဒါပေမဲ့ လောလောလတ်လတ်အရေးတွေကိုပဲ ဦးစားပေးမှာပါလို့ ပါမောက္ခ ဘာဘွတ်က ပြောပါတယ်။
"အခုကာလမှ ထရမ့်က ဂါဇာမှာ ကျန်နေသေးတဲ့ ဒါးစာခံတွေကို ပြန်လွတ်လာရေးအတွက် ပင်လယ်ကွေ့ မဟာမိတ်တွေကို တိုက်တွန်းနိုင်ပါတယ်" လို့ ပါမောက္ခ ဘာဘွတ်က ပြောပါတယ်။
ကာတာမှာ အရှေ့အလယ်ပိုင်းအတွင်း အမေရိကန်ရဲ့ အကြီးဆုံး လေတပ်အခြေစိုက်စခန်းရှိထားတဲ့ အမေရိကန်ဟာ အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်ရေးနဲ့ ဓားစာခံတွေ ပြန်လွတ်လာရေးတို့အတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ကို ရည်ရွယ်ထားပါတယ်။
ပင်လယ်နီ ရေကြောင်းကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ယီမင် ဟူသီလက်နက်ကိုင်တွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ပြီး အရှေ့အလယ်ပိုင်းမှာ သူတို့ရဲ့ အင်အားတွေကို မကြာသေးခင်ကပဲ တိုးဖြည့်ထားပါတယ်။
ထရမ့်ခရီးစဥ် မစခင်တပတ်လောက်က ဝါရှင်တန်နဲ့ ဟူသီတို့အကြား အပစ်အခတ်ရပ်ဖို့အတွက် အိုမန်က ကြားခံဆက်သွယ် ဆောင်ရွက်ပေးခဲ့ပါတယ်။
ဆော်ဒီက သူတို့ဆီကို လာတဲ့ ခရီးစဥ် မတိုင်မီ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ပေးဖို့ အမေရိကန်ကို တိုက်တွန်းထားခဲ့ပုံရတယ်လို့ မစ္စတာ မနီယမ်နတ်က ယုံကြည်ပါတယ်။
နောက်အရေးတခုမှာတော့ အီရန်အနေနဲ့ သူတို့နဲ့ နျူးကလီးယားဆိုင်ရာသဘောတူညီမှု မလုပ်ဘူးဆိုရင် ဗုံးကြဲဖို့ ထရမ့်က ခြိမ်းခြောက်ထားပါတယ်။
"အီရန်ကို ကိုင်တွယ်မယ့် နည်းလမ်း ၂ ခု ရှိပါတယ်။ တခုက စစ်ရေးပါ။ နောက်တခုကတော့ သဘောတူညီချက်တခုယူတာပါ။ သူ့အနေနဲ့ကတော့ "သဘောတူညီမှုရဖို့" ပိုလိုလားတယ်လို့ ထရမ့်က ဖောက်စ် သတင်းဌာနကို မတ်လတုန်းက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဧပြီလ ၃၀ ရက်နေ့က "အီရန်အစိုးရဟာ အရှေ့အလယ်ပိုင်းအတွင်းက ပဋိပက္ခတွေကို မီးထိုးပေးနေတယ်၊ နျူကလီးယား အစီအစဥ်ကို တိုးမြှင့်လုပ်ဆောင်နေတယ်၊ အကြမ်းဖက်သမားတွေနဲ့ လက်ဝေခံတွေကို ပံ့ပိုးပေးနေတယ်လို့ ထုတ်ပြန်ကြေညာချက်ထဲမှာရေးခဲ့ပါတယ်။
ဒါပေမဲ့ နှစ်ဘက်စလုံးက စစ်ပွဲကို ရှောင်လိုတဲ့ပုံရှိပြီး အိုမန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အီရန်နဲ့ အမေရိကန်အကြား အီရန်ရဲ့ နျူကလီးယားအရေးကို ဆွေးနွေးကြနိုင်ပါတယ်။
ကမ္ဘာ့အကျပ်အတည်းအရေးတွေမှာ ပင်လယ်ကွေ့ရဲ့ အရေးပါမှု
အမေရိကန်၊ ရုရှား၊ ယူကရိန်းတို့အကြားမှာ ဆော်ဒီက အဓိကကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာလို့ မှတ်ယူနိုင်ပါတယ်။
ဖေဖော်ဝါရီလအတွင်း ရီယတ်ဒ်မြို့မှာ အမေရိကန်နဲ့ ရုရှားအကြား အဆင့်မြင့်အရာရှိတွေ တွေ့ဆုံပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို ယူကရိန်းမပါဝင်စေပဲ ကျင်းပခဲ့တာဖြစ်ပြီး ဒါဟာ ရုရှားတို့ အလုံးအရင်းနဲ့ ဝင်ကျူးကျော်တဲ့ ၂၀၂၂ ကတည်းကကြည့်ရင် ပထမဆုံး ဆွေးနွေးပွဲဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ မော်စကိုကို အထီးကျန် ဖယ်ထုတ်ထားဖို့အရေး အနောက်နိုင်ငံတွေက စုစုစည်းစည်း လုပ်ဆောင်နေမှုကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
မတ်လမှာလည်း ဆော်ဒီဟာ အဲဒီ ၃ နိုင်ငံစလုံးက ကိုယ်စားလှယ်အဖွဲ့တွေကို လက်ခံခဲ့ပြီး ယူကရိန်း စစ်ပွဲအရေးကို သီးခြားစီဆွေးနွေးခဲ့ပါတယ်။
ဖေဖော်ဝါရီအစောပိုင်း အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းအတွင်း သမ္မတထရမ့်နဲ့ သမ္မတ ဇယ်လန်းစကီးတို့ ရုပ်သံ မီဒီယာရှေ့မှာ စကားများကြပြီးတဲ့နောက် အမေရိကန်နဲ့ ယူကရိန်းအကြား ပထမဆုံး တွေ့ဆုံစကားပြောမှုကို ဂျက်ဒါးမှာ ကျင်းပခဲ့ပါတယ်။
နောက်ထပ် ဆွေးနွေးမှုတွေကိုတော့ ရီယတ်ဒ်မြို့မှာ လုပ်ခဲ့တာပါ။ ဒီဆွေးနွေးပွဲတွေအပေါ် ယူကရိန်းတို့က "အကျိုးဖြစ်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပြီး ဒါတွေက နှစ်ဘက်အကြား ပေါင်းကူးတံတားတွေအဖြစ် ဆော်ဒီက ကူညီခဲ့တာပါ။
ရုရှားနဲ့ ယူကရိန်းအကြား စစ်သုံ့ပန်း လဲလှယ်ရေးတွေမှာလည်း ဆော်ဒီနဲ့ ယူအေအီးတို့က ကြားခံ ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ "ဒေသတွင်းနဲ့ ကမ္ဘာ့ အကျပ်အတည်းအရေးတွေမှာ ကြားဝင်ညှိနှိုင်းပေးတာ၊ ဘဏ္ဍာရေး ပါဝါရှိတာ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကြွယ်ဝတာ စတဲ့ အချက်တွေကြောင့် စီးပွားရေး၊ နိုင်ငံရေး ဆိုင်ရာ ကြီးမားတဲ့ သြဇာ" ရှိနေတယ်လို့ ပါမောက္ခ ဘာဘွတ်က ပြောပါတယ်။
တရုတ်နဲ့ တခြားအမေရိကန်ရဲ့ ပြိုင်ဖက်နိုင်ငံတွေကလည်း ပင်လယ်ကွေ့ဟာ သေနင်္ဂဗျူဟာ အချက်အချာကျကြောင်း သိမြင်ထားတဲ့အတွက် ဝါရှင်တန်အနေနဲ့ အရှေ့အလယ်ပိုင်းက မဟာမိတ်တွေကို ခိုင်မာတဲ့ ဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းထားချင်တာပါလို့ သူက ဆက်ပြောပြပါတယ်။
ဆော်ဒီ - အစ္စရေး ပုံမှန်ဆက်ဆံရေး ဖြစ်နိုင်ခြေ
ထရမ့်က သူ့ ပထမ သမ္မတ သက်တမ်းအတွင်း အစ္စရေးနဲ့ အာရပ် ၄ နိုင်ငံ - ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန် - တို့အကြား ပုံမှန် ဆက်ဆံရေးရဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးကာ သမိုင်းဝင် အောင်မြင်မှု တခုကို ရရှိခဲ့ပါတယ်။
ဆူဒန်ပြည်တွင်းစစ်က ဒီလုပ်ငန်းစဥ်ကို ရပ်တန့်သွားစေခဲ့ပေမဲ့ ကျန်နိုင်ငံ ၃ နိုင်ငံကတော့ အီဂျစ်နဲ့ ဂျော်ဒန်လို အစ္စရေးနဲ့ ပုံမှန် သံတမန် ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့ အာရပ်နိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။
အာရပ်နဲ့ အစ္စလာမ္မစ်နိုင်ငံတွေမှာ အခရာကျတဲ့ဆော်ဒီအာရေးဗျကတော့ အစ္စရေးကိုနိုင်ငံအဖြစ် တရားဝင် အသိအမှတ်မပြုသေးပါဘူး။
ဟားမတ်စ်တို့ အစ္စရေးကို အောက်တိုဘာ ၇ ရက် ၂၀၂၃ မှာ တိုက်ခိုက်မှု မလုပ်ခင်ကာလမှာ ဆော်ဒီနဲ့ အစ္စရေးအကြား သဘောတူညီမှုရဖို့ နီးနေတဲ့အဆင့်ကို ရောက်နေပြီလို့ ဆော်ဒီအဆင့်မြင့်အရာရှိတယောက်က ဘီဘီစီကို မနှစ်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ သဘောတူညီမှုရရေးအတွက် လိုအပ်ချက်အနေနဲ့ ပါလက်စတိုင်းကို လွတ်လပ်တဲ့ နိုင်ငံအဖြစ်တည်ရှိမှုကို လက်ခံရမယ်လို့ ဆော်ဒီအနေနဲ့ မတိုက်တွန်းသင့်ကြောင်း ထရမ့်က မကြာသေးခင်က အကြံပေးခဲ့ပြီး ဒီအပေါ် ဆော်ဒီက "အဲဒီအချက်မရဘဲ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး မလုပ်နိုင်" လို့ ပြန်တုံ့ပြန်ထားပါတယ်။
ရီယတ်ဒ်အနေနဲ့ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့ ဆိုတာကို လက်မလက်မခံဖို့ ပိုများတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဂါဇာမှာ စစ်က ဆက်ဖြစ်နေတာမို့ အခုခရီးစဥ်အတွင်း ဆော်ဒီက ဒီအရေးကို ဆွေးနွေးလိုမှာ မဟုတ်ကြောင်း ပါမောက္ခ ဘာဘွတ်က ပြောပါတယ်။
အစ္စရေးနဲ့ နောက်ထပ် ပင်လယ်ကွေ့နိုင်ငံတွေအကြား ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ အမေရိကန်က ဆက်ကြိုးစားမှာပါ၊ ဒါပေမဲ့ အစ္စရေးနဲ့ ဆော်ဒီကြား အနာဂတ်မှာ ဖြစ်လာမယ့် သဘောတူမှုတွေက သိပ်အရေးပါတဲ့ သမိုင်းမှတ်တိုင်တွေ ပေါ်လာပြီးနောက်မှ ရလာနိုနိုင်မှာပါ။