ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားနဲ့ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ယူကရိန်း အသင့်ရှိ
ဆော်ဒီအာရေးဗျနိုင်ငံမှာ လုပ်တဲ့ အမေရိကန်-ယူကရိန်း ဆွေးနွေးမှုအပြီး တစ်ရက်အကြာမှာ ကြားခံ အမေရိကန်က အဆိုပြုထားတဲ့ ရုရှားနဲ့ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ အသင့်ရှိတယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။
အဲဒီကမ်းလှမ်းချက်ကို ရုရှားကို ကမ်းလှမ်းသွားဖို့ရှိပြီး ရုရှားဘက်က ဘယ်လိုဆက်ဆုံးဖြတ်မလဲဆိုတဲ့ တုံ့ပြန်ချက်သာ လိုတော့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မာကိုရူဘီရိုက ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်းစကီးကတော့ အပြုသဘောဆောင်တဲ့ ဒီအဆိုပြုချက်ကို ရုရှားဘက်က သဘောတူဖို့ လုပ်ရမယ့်တာဝန်ဟာ အမေရိကန်အပေါ် မူတည်သွားပြီလို့ ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးမြို့မှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အဲဒီဆွေးနွေးမှုဟာ ဘဲဥပုံရုံးခန်းမှာ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတထရမ့်တို့ ကြား ထူးခြားဖြစ်ရပ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးတဲ့နောက် ယူကရိန်းနဲ့ အမေရိကန်တို့ နှစ်နိုင်ငံကြားမှာ ပထမဆုံးအကြိမ်တရားဝင် ပြန်လည် တွေ့ဆုံမှု ဖြစ်ပါတယ်။
ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်မှာ အမေရိကန် က ယူကရိန်းအတွက် ထောက်လှမ်းရေး အချက်အလက် မျှဝေမှု ဆိုင်းငံ့ထားတာနဲ့ လုံခြုံရေးအကူအညီတွေကို ချက်ချင်းပြန်လည်စတင်မယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ နှစ်ဦး အချေအတင်ဖြစ်ခဲ့တဲ တွေ့ဆုံမှုနောက်မှာ အမေရိကန်က ယူကရိန်းကို ပေးထားတဲ့ အကူအညီတွေကို ဝါရှင်တန်က ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။
"ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့စလုံးက ယူကရိန်းရဲ့ ရေရှည်လုံခြုံရေးတည်တံ့ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ချက်ချင်းစတင်ခဲ့ပါတယ်" လို့ အမေရိကန်-ယူကရိန်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီရို ကတော့ အင်္ဂါနေ့နှောင်းပိုင်းက ဂျက်ဒါးမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားဘက်က ဒီဆွေးနွေးပွဲအဆိုပြုချက်ကို လက်ခံလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
"ယူကရိန်းဘက်က ပစ်ခတ်မှုကို ရပ်တန့်ပြီး စကားပြောဖို့ အဆင်သင့်ဖြစ်နေပါပြီ"လို့ သူက ပြောပြီး ရုရှားဘက်ကသာ ကမ်းလှမ်းမှုကို ပယ်ချခဲ့ရင် "ကံမကောင်းစွာပဲ ငြိမ်းချမ်းရေးအတွက် အတားအဆီးက ဘာလဲဆိုတာ သိသွားကြပါလိမ့်မယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုက ပြောပါတယ်။
"ဒီကနေ့ ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးနဲ့ ချက်ချင်းစေ့စပ်ဆွေးနွေးဖို့ ယူကရိန်းဘက်က လက်ခံထားတဲ့ ကမ်းလှမ်းချက်တခုကို လုပ်ခဲ့ပါတယ်"
"ရုရှားဘက်က အခုကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ငြိမ်းချမ်းရေးအတွက် Yes လို့ ခေါင်းငြိမ့် လိုက်ဖို့ ပဲလိုပါတယ်။ ရုရှားဘက်က ဘယ်လိုဆက်ဆုံးဖြတ်မလဲဆိုတဲ့ အချက်သာ လိုပါတော့တယ်'' လို့ သူကဖြည့်ပြောပါတယ်။
ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ဟာ လေကြောင်းနဲ့ ရေကြောင်းကနေ တိုက်ခိုက်မှုတွေရဲ့ တစိတ်တပိုင်းအတွက် အပစ်အခတ်ရပ်စဲရေးအတွက် ဇလန်းစကီးရဲ့ အဆိုပြုချက်ထက်တောင် ကျော်လွန်နေတာဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ကတော့ ဂျက်ဒါး ဆွေးနွေးပွဲအပြီးမှာ'' ထရမ့်ရဲ့ အပြုသဘောဆောင်မှု''ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာ ဇလန်းစကီးက ရုရှား အနေနဲ့ "စစ်ပွဲကိုရပ်တန့်ဖို့ ဒါမှမဟုတ် စစ်ပွဲကိုဆက်လက်လုပ်ဆောင်ဖို့ ဘယ်တခုဖြစ်ဖြစ် သူတို့ရဲ့ ဆန္ဒကိုပြသဖို့ " လိုအပ်တယ်လို့ ပြောကြားထားပါတယ်။
"အမှန်တရား အပြည့်ပြဖို့ အချိန်တန်ပြီ" လို့ ဇလန်းစကီးက ပြောပါတယ်။
မော်စကိုဘက်ကတော့ ဒီဆွေးနွေးပွဲအပြီး သူတို့ရဲ့ သဘောထားနဲ့ပတ်သက်လို့ တုံ့ပြန်တာမရှိသေးပါဘူး။ ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး ဝါရှင်တန်ဘက်ကပဲ အကျဉ်းချုံးပြီး ကြေညာချက်ထုတ်ပြန်မယ်လို့ ကရင်မလင်နန်းတော်က အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားထားပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဝင်ရောက်ခဲ့ပြီး မော်စကို ဘက်က လက်ရှိမှာ ယူကရိန်းပိုင်နက်ရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါတယ်။
ထရမ့် ကတော့ သူနဲ့ သမ္မတပူတင် စကားပြောမှာဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် အဆိုပြုချက်ကို သဘောတူလိမ့်မယ်လို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကိုပြောထားပါတယ်။
"သူတို့ နှစ်ဖက်လုံးက လက်ခံဆုံးဖြတ်ကြဖို့ပဲလိုတာ'' လို့ ထရမ့်က ပြောကြားခဲ့ပြီး သဘောတူညီချက်ဟာ လာမယ့် ရက်အနည်းငယ်အတွင်း ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။
"ရုရှားနဲ့ ကြီးမားတဲ့ တွေ့ဆုံမှုတစ်ခု ရှိနေပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" လို့ထရမ့်က ဆိုပါတယ်။
ဇလန်းစကီးကိုလည်း ဝါရှင်တန်က အမြဲကြိုဆိုပြီး တံခါးဖွင့်ထားတယ်လို့ သူကပြောပါတယ်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ ကတော့ ရုရှားအနေနဲ့ ဂျက်ဒါးဆွေးနွေးပွဲကို တက်မယ် မတက်ဘူးဆိုတာ ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ ရုရှားနိုင်ငံပိုင် သတင်းဌာန Tass ကို ပြောကြားထားပါတယ်။
ထရမ့် နဲ့ ဇလန်းစကီးတို့ရဲ့ ဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာသလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ရူဘီရိုက လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိနေတဲ့ "ငြိမ်းချမ်းရေး" ဖြစ်မယ်လို့ မျှော်လင့်ကြောင်း တုံ့ပြန်ပါတယ်။
'' ဒါက အထက်တန်းကျောင်းတွေက မိန်းကလေးတွေရဲ့ အနိုင်ကျင့်စော်ကားမှုတွေ။ ဒရာမာချိုးပြပြီး ဇာတ်နာတဲ့ ရုပ်သံရှိုးတွေလိုမဟုတ်ပါဘူး'' လို့ ရူဘီရိုက သတင်းထောက်ကို ထေ့ငေါ့ ပြီး ပြန်ဖြေပါတယ်။
"ဒီနေ့ စစ်ပွဲဆို ဒီနေ့ လူတွေသေမယ်၊ မနေ့က စစ်ပွဲဆို မနေ့က သေကြမှာပဲ။ ဒါတွေက ဝမ်းနည်းစရာပဲ၊ အပစ်အခတ်ရပ်စဲရေးကို မလုပ်ရင် မနက်ဖြန်လည်း ထပ်သေကြေကြရလိမ့်မယ်။" လို့ လူ့အသက်တွေရင်းထားရတဲ့စစ်ပွဲတွေလို့ သူက ဥပမာပြုပြောပါတယ်။
ဂျက်ဒါးက ဆွေးနွေးပွဲမတိုင်ခင်ညပိုင်းမှာ ယူကရိန်းက မော်စကို ကို မောင်းသူမဲ့ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သလို အပျက်အစီးတွေလည်းရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် ယူကရိန်းဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သံခင်းတမန်ခင်း နည်းလမ်းကို ငြင်းပယ်တဲ့ သဘောလို့ ရုရှားဘက်က တုံ့ပြန်ထားပါတယ်။
တပြိုက်နက်တည်းမှာပဲ ထရမ့်နဲ့ ဇလန်းစကီးတို့ကြားမှာလည်း အရေးကြီးတဲ့ အမေရိကန်အတွက် အရေးကြီးတဲ့ ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်ကို "တတ်နိုင်သမျှ အမြန်ဆုံး" အပြီးသတ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ဘက်က ယူကရိန်းဘက်က မြေရှားသတ္တုသိုက်တွေကို လုံခြုံရေးအာမခံချက်နဲ့ အလဲအလှယ်လုပ်ပြီး သဘောတူညီချက်ရဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အိမ်ဖြူတော်က အချေအတင်ဖြစ်မှုက နှောင့်နှေးခဲ့စေတာဖြစ်ပါတယ်။
ဒါပေမဲ့ သတ္တုသိုက်တွေတူးဖော်ရေးကိစ္စက ဂျက်ဒါးဆွေးနွေးပွဲရဲ့ အဓိက အကြောင်းအရာမဟုတ်ပေမဲ့ ယူကရိန်းနဲ့ အမေရိကန်ဘဏ္ဍာရေးဌာနတာဝန်ရှိသူတွေ ညှိနှိုင်းခဲ့တယ်လို့ ရူဘီရိုက ထုတ်ပြောပါတယ်။
ဂျက်ဒါးမြို့က ဆွေးနွေးပွဲမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး မိုက်ဝေါ့ဇ် ၊ အရှေ့အလယ်ပိုင်း အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် တို့ ပါဝင်ပါတယ်။
ဝစ်ကော့ဖ်ဟာ လာမယ့်ရက်တွေအတွင်း ရုရှားနိုင်ငံကို သွားရောက်ရန် ရှိကြောင်း နီးစပ်သူ တစ်ဦးက ဘီဘီစီ ကိုပြောကြားထားပေမဲ့ အပြောင်းအလဲတွေလည်းရှိနိုင်ပါတယ်။
အမေရိကန်-ယူကရိန်း ပူးတွဲထုတ်ပြန်ချက်မှာ ကိယက်ဗ်ဟာ ဘယ်လိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာမဆို ဥရောပ ပါဝင်သင့်တယ်လို့ ထပ်လောင်း ပြောကြားထားပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ယူကရိန်း - ရုရှားအရေး ဆွေးနွေးပွဲတွေမှာ ဥရောပကို ဖယ်ထားတာနဲ့ အမေရိကန်ရဲ့ ချဉ်းကပ်မှုတွေက မကြာသေးမီက ဥရောပခေါင်းဆောင်တွေလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲတွေအထိဖြစ်လာအောင် လှုံဆော်နိုင်ခဲ့ပါတယ်။
အီးယူကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန် ကတော့ "အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှု" ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကို အမြန်အဆုံးသတ်ရေးဟာ အမေရိကန်သမ္မတအတွက် အဓိကကျတဲ့ ကတိကဝတ်တစ်ခုဖြစ်ပါတယ်။
ယူကရိန်းသမ္မတ တောင်းဆိုထားတဲ့ လုံခြုံရေးအာမခံချက်တွေကို ချက်ချင်းမပေးဘဲ အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့သာ ဇလန်းစကီးကို ထရမ့်က ဖိအားတွေပေးခဲ့တာဖြစ်ပါတယ်။
သောကြာနေ့ မှာ ထရမ့်ရဲ့ သဘောတူညီချက်တစ်ခုအတွက် တွန်းအားပေးတဲ့အနေနဲ့ မော်စကိုအပေါ် နောက်ထပ်ပိတ်ဆို့မှုများပြုလုပ်ဖို့ ရှားရှားပါးပါး ခြိမ်းခြောက်မှုတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တမ်းတော့ စစ်ပွဲအတွက် ရုရှားကို အမေရိကန်က ပြင်းပြင်းထန်ထန် ပိတ်ဆို့ထားပြီးသားဖြစ်ပါတယ်။
"ရုရှားက အခု စစ်မြေပြင်မှာ ယူကရိန်းကို လုံးလုံးလျားလျား အပြတ်တိုက်နေတဲ့ လုပ်ရပ်အတွက်လည်း စဉ်းစားနေတယ်လို့ ထရမ့်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲ စတင်ချိန်ကစပြီး ရုရှားမြို့တော် မော်စကို ကို အကြီးမားဆုံး ဒရုန်းနဲ့ တိုက်ခိုက်မှုက မော်စကိုဒေသခံ ၃ ဦး သေဆုံးခဲ့ပါတယ်။
ကလေး သုံးဦး အပါအဝင် နောက်ထပ် လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားကျန်းမာရေးအာဏာပိုင်တွေက ရုရှားမီဒီယာတွေမှာဖြေကြားထားပါတယ်။
ယူကရိန်းဘက်ကလာတဲ့ ဒရုန်း ၃၃၇ စင်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး ဒရုန်းအစင်း ၉၁ စင်း မော်စကိုဒေသမှာ ပစ်ချခံခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
မြို့တော် ကိယက်ဗ်နဲ့ အခြားဒေသအများအပြားကိုလည်း ရုရှားဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်တွေဘက်ကလည်း သတင်းထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၂၆ စင်းထဲက ၇၉ စင်းအပြင် Iskander-M ပဲ့ထိန်းဒုံးကျည်တစ်စင်းကိုလည်း ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။
အသေအပျောက် ရှိ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သဘောကတော့ ဆွေးနွေးပွဲစကားတွေပြောနေတဲ့ ဒီအတောအတွင်းမှာပဲ စစ်ပွဲကလည်း ဆက်ပြင်းထန်နေပါတယ်။