ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပစ်ခတ်စီးနင်းခံရလို့ အမြွှာကလေးငယ်တစ်ဦးသေဆုံး
သြဂုတ် ၁၇ ရက် ကြသပတေးနေ့ ညပိုင်းက ခင်ဦးမြို့နယ်၊ မြကန်သာရပ်ကွက် အရှေ့ပိုင်းကိုစစ်ကောင်စီတပ် အင်အား ၅၀ လောက် ဝင်ရောက်လာပြီးနေအိမ်တစ်အိမ်ကိုလက်နက်တွေနဲ့ပစ်ခတ်ခဲ့ပြီးပိတ်ဆို့လိုက်ပါတယ်။ လက်နက်သံတွေ ညံခဲ့တဲ့ အဲဒီအိမ်မှာ သွေးတွေလည်းချင်းချင်းရဲဖြစ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
အထိန်းအကွပ်မဲ့ပစ်ခတ်တဲ့ကျည်ဆံတွေကြောင့် နေအိမ်ထဲကအသက်သုံးနှစ်အရွယ်အမြွှာပူးကလေးငယ်နှစ်ဦးထဲက တစ်ဦးဟာသေနတ်ထိမှန်ခဲ့ပြီးသေဆုံးခဲ့ရပါတယ်။ မျက်စိရှေ့မှာရင်နဲ့လွယ်မွေးထားတဲ့သားကြီးသေဆုံးသွားတာကို မြင်နေရတဲ့ မိခင်မသီတာဦးဟာ ကျန်တဲ့နောက်ထပ်သားငယ်နဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခံရပါတယ်။
'' သူတို့အိမ်မှာ UG - မြို့ပြပြောက်ကျားတွေ ရှိတယ်ဆိုပြီးပစ်ခတ်ပြီးဝင်ဖမ်းသွားတာ'' လို့ မြကန်သာဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ မောင်သုတကိုကိုထက်ဖြစ်ပြီး ခေါင်းကို သေနတ်ထိမှန်ကာဦးနှောက်ပွင့်ထွက်သေဆုံးခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်မောင်သုတကိုကိုထက်အပြင် ဘေးအိမ်က အသက် ၅၀ ကျော်အရွယ်ဦးဖိုးပိန်လည်း ခြေထောက်ကျည်ထိမှန်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီးသေဆုံးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့မိခင်၊အသက်ရှင်ကျန်ခဲ့တဲ့ ညီဖြစ်သူ မောင်သုတညီညီထက်တို့နဲ့အတူ မောင်သုတကိုကိုထက်အလောင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။
အဲဒီနောက် မိခင်ရင်ခွင်ထဲကသွေးအလိမ်းလိမ်းနဲ့အသက်မဲ့နေတဲ့ သားအကြီးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမူးချောင်းမြစ်ထဲမျှောပြီးလက်စဖျောက်လိုက်တယ်လို့ ဒေသခံတစ်ဦးကသူသိထားရတဲ့အချက်အလက်ကိုပြောပါတယ်။ ဒါပေမဲ့ ဘီဘီစီအနေနဲ့ သေဆုံးခဲ့ရတဲ့ကလေးငယ် မောင်သုတကိုကိုထက် ရုပ်အလောင်းဘယ်လိုဆက်ဖြစ်ခဲ့ရလဲဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
အဲဒီနေ့က ဖမ်းဆီးခံရတာ မသီတာဦးနဲ့ သားငယ်မောင်သုတညီညီထက်တို့တင်မကပါဘူး။ သူတို့ကို လာရောက်ကူညီခဲ့တဲ့ မသီတာဦးရဲ့ ဆွေးမျိုးဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ရဲမင်းထက်ကိုလည်းဖမ်းဆီးသွားခဲ့ပါတယ်။
သြဂုတ် ၁၉ ရက်မှာတော့ စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မောင်ရဲမင်းထက်ကို ရွှေဘိုမြို့ မဟာနန္ဒာကန်တော်တူးမြောင်းအတွင်းမှာဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့ရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
'' အလောင်းကိုဆယ်ခဲ့တဲ့ သူကပြန်ပြောပြတာတော့ နှိပ်စက်ထားတဲ့ဒဏ်ရာတွေပုံစံနဲ့ပြန်တွေ့ရတာပြောပြတယ်။ဖမ်းသွားတုန်းအတိုင်းလက်ပြန်ကြိုးတုပ်လျက်ပဲတွေ့တာ'' လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးက သူတို့သိထားတဲ့အချက်အလက်ကိုပြောပါတယ်။
စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အမြွှာကလေးငယ်ရဲ့ မိခင်မသီတာဦးကိုလက်နက်တွေနဲ့ ဖမ်းမိတယ်ဆိုပြီး ဖော်ပြနေကြတာပါ။
ဒါပေမဲ့ ဒေသခံအများစုကတော့ စစ်ကောင်စီအဖွဲ့ ပစ်ခတ်ခဲ့တဲ့ နေအိမ်ဟာ ဈေးသည်မိသားစုအိမ်ဖြစ်ပြီး မသီတာဦးရဲ့ခင်ပွန်းကို တော်လှန်ရေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လာရောက်ပစ်ခတ်ဖမ်းဆီးတာလို့ဆိုပါတယ်။ အမြွှာကလေးငယ်တွေရဲ့ဖခင် မသီတာဦးရဲ့ ခင်ပွန်းကတော့စစ်ကောင်စီလာဖမ်းချိန်မှာထွက်ပြေးလွတ်မြောက်သွားပါတယ်။
'' မသီတာဦး နဲ့ ကလေးတွေက အပြစ်မဲ့တဲ့ပြည်သူတွေ၊သူ့ယောက်ျား ကိုဖမ်းမယ်ဆိုရင်သူတို့ဘာသာမိအောင်ဖမ်းပေါ့။ အခုက မဆိုင်တဲ့သူတွေကို လိုက်ဖမ်းတဲ့အနေအထားဖြစ်နေတယ်'' လို့ ခင်ဦးဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် သေဆုံးရသူနှစ်ဦးအပြင် မြကန်သာရပ်ကွက်ထဲက အမျိုးသား ၃ ဦးလည်းသေနတ်ထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြကန်သာရပ်ကွက်ထဲ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးရတဲ့ အခြေအနေတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဆိုပါတယ်။
လက်ရှိမှာလည်း ခင်ဦးမြို့ကို စစ်ကောင်စီအဖွဲ့က အင်အား ၁၀၀ကျော်တိုးလာပြီး မြို့တွင်းမှာ ပိုက်စိတ်တိုက်စစ်ဆေးနေသလို စစ်ကြောင်းဝင်ဖို့ပြင်နေတယ်လို့ ခင်ဦးမြို့ နယ်မြေခံ ပကဖခေါင်းဆောင် ကပြောပြပါတယ်။
'' လတ်တလောမှာမြို့အခြေအနေကမကောင်းဘူး။ သူတို့ဘက်ကစစ်ကြောင်းထိုးဖို့ပြင်လာတော့ ကျွန်တော်တို့လည်းအဆင်သင့်စောင့်နေကြတယ်'' လို့ ပကဖခေါင်းဆောင် ကပြောပါတယ်။
နောက်ဆုံးရသတင်းအချက်အလက်အရ ဖမ်းဆီးခံရတဲ့ မသီတာဦးကို ခင်ဦးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး သားအငယ်ဖြစ်တဲ့ မောင်သုတညီညီထက်ကိုတော့ ဆွေမျိုးတွေကိုခေါ်ပြီးပြန်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကဖော်ပြချက်တွေမှာတော့ မြကန်သာရပ်ကွက်မှာနေတဲ့ ပြည်သူ့လုံခြုံရေး - ပလဖ အဖွဲဝင်ယာဥ်မောင်း ကိုမျိုးကျော်ရဲ့ နေအိမ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာလို့ သတင်းဖြန့်ဝေပါတယ်။
စစ်ကောင်စီဘက်ကတော့ မြကန်သာရပ်ကွက်က နေအိမ်ကိုစီးနင်းပြီး အသက်သုံးနှစ်အရွယ်အမွှာပူးကလေးငယ်တစ်ဦးကပစ်ခတ်ခံရလို့သေဆုံးတာနဲ့ နောက်ထပ်ကလေးငယ်နဲ့မိခင် မသီတာဦးရဲ့ အခြေအနေကို ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေကြောင့် နိုင်ငံတဝန်းကလေးသူငယ် ၄၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ဇွန်လ ၂၇ ရက်က ထုတ်ပြန်ခဲ့တဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြချက်အရ မြန်မာမှာ ၂၀၂၂ ခုနှစ်အတွင်း ကလေးသူငယ်ထိခိုက်သေဆုံးမှုပေါင်း ၅၂၁ မှုဖြစ်ခဲ့ပြီး အဲဒီထဲက ၃၇၇ မှုကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။