မွေးနေ့ဟာ မီးသင်္ဂြိုဟ်တဲ့နေ့ဖြစ်ခဲ့ရတဲ့ဆရာဝန်

"ဒေါက်ဒေါက်" ဆိုတဲ့ နာမည်က မုံရွာအကျဥ်းထောင်ထဲက အချုပ်သား၊ အကျဥ်းသားတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ နာမည်ပါ။ နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင်ကို ရင်းနှီးကျွမ်းဝင်မှု ချစ်ခင်မှု အရ ထောင်ထဲမှာ အကျဥ်းသားတွေက "ဒေါက်ဒေါက်" လို့ အတိုကောက်နာမ်စား နဲ့ ခေါ်ကြတာပါ။

အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာဇော်ထွယ်အောင်ဟာ မုံရွာထောင်တလှည့်၊ အမှတ် ၂ ရဲစခန်းတလှည့်နဲ့ ၆၈၇ ရက်ကြာ အချုပ်အနှောင်နဲ့ နေခဲ့ရပါတယ်။

၆၈၈ ရက်‌မြောက်နေ့ဖြစ်တဲ့ ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းမှာတော့ သူ့ကိုနောက်ဆုံး ထိန်းသိမ်းထားတဲ့ မုံရွာအမှတ် ၂ ရဲစခန်းကနေ မန္တလေးထောင်ကို ပြောင်းရွှေ့ဖို့ ဖြစ်လာပါတယ်။

ဒါပေမဲ့ ကံဆိုးမှုက သူ့ဆီရောက်ခဲ့ပါတယ်။ မန္တလေး - မုံရွာလမ်း မုံရွာမြို့အထွက် မြေနဲရပ် မှာ သူအပါအဝင် အကျဥ်းသားတွေကို တင်ဆောင်လာတဲ့ ထောင်ပြောင်းရွှေ့ကား မိုင်းဆွဲခံခဲ့ရပါတယ်။

နောက်ဆုံးရသတင်းအချက်အလက်တွေအရ နိုင်ငံရေးအကျဥ်းသား တစ်ဦးနဲ့ ထောင်ပြောင်းရွှေ့ကား ရဲ့ ယာဥ်မောင်းအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး အကျဥ်းသား ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ထောင်သတင်းရင်းမြစ်က ပြောပါတယ်။ သေဆုံးသူ နိုင်ငံရေးအကျဥ်းသားဟာ ဒေါက်တာဇော်ထွယ်အောင် ဖြစ်ခဲ့ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် သူ့ရဲ့ ခေါင်းအတွင်း နဲ့ အပြင်မှာဒဏ်ရာတချို့ရခဲ့လို့ သွေးထွက်လွန်တာရော၊ အတွင်းကြေပုံစံနဲ့ပါ သေဆုံးခဲ့တယ်လို့ ရင်ခွဲရုံကိုသွားကြည့်ခဲ့တဲ့ထောင်သတင်းရင်းမြစ်က ပြောပါတယ်။

မိုင်းဆွဲခံရတဲ့အချိန်က နေရာမှာပဲ သူအသက်ဆုံးခဲ့သလားဆိုတာ မပြောနိုင်ပါဘူး၊ အာဏာပိုင်တွေကတော့ သူ့ကို မုံရွာဆေးရုံကို ပို့ခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အချိန်မှာတော့ သေဆုံးတာ အတည်ပြုနိုင်ခဲ့ပြီး ရင်ခွဲရုံကိုပို့ဆောင်ချိန်မှာ မိသားစုဆီလည်း သတင်းရောက်ခဲ့ပါတယ်။

မွေးနေ့ဟာ မီးသင်္ဂြိုဟ်တဲ့နေ့ဖြစ်ခဲ့

မိသားစုထဲမှာ အကြီးဆုံးသားဖြစ်တဲ့ ဒေါက်တာဇော်ထွယ်အောင်ဟာ မွေးချင်း ၃ ယောက်ရှိပါတယ်။ အေးအေးဆေးဆေးနေတတ်တဲ့ သားကြီးဖြစ်သလို စာလည်းတော်လို့ မိဘတွေရဲ့ အဦးဆုံးသား အဖြစ်အချစ်ပိုခဲ့ရသူလည်းဖြစ်ပါတယ်။

‘’ အမေကတော့ စိတ်တင်းထားတာပေါ့။ အစ်ကိုဖမ်းခံရတယ်ဆိုကတည်းကလည်း သူ့စိတ်ကို တော်တော်ကို ပြင်ဆင်ထားပုံရပါတယ်။ အခုအချိန်အထိကို အမေကမပြိုမလဲဘဲ တင်းထားတာပေါ့’’ လို့ ဒေါက်တာဇော်ထွယ်အောင်ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

သြဂုတ် ၁၇ ရက်မွေးဖွားခဲ့တဲ့သူ့အတွက် အသက် ၃၄ နှစ်ပြည့်တဲ့နေ့ဟာ သူ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်တဲ့နေ့ဖြစ်ခဲ့ရပြီး လူ့လောကကို အပြီးတိုင်နှုတ်ဆက်ခဲ့ရတာပါ။

သူ့စျာပနကို မုံရွာမြို့မ သုဿန်မှာပြုလုပ်ခဲ့ပြီး မိသားစုနဲ့ မိတ်ဆွေတွေသာမက မြို့ခံတချို့ပါ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

‘’ သူ့အမျိုးသမီးက အလောင်းကိုပဲကြည့်နေတာ၊ မျက်ရည်တွေလည်း တွေတွေကျနေတာပေါ့။ အော်ကြီး ဟစ်ကျယ်တော့ ငိုတာပြောတာမရှိဘူး။ တည်တည်ငြိမ်ငြိမ်ပဲ သူ့ယောက်ျားကို ကြည့်ပြီး နေနေတာ’’ လို့ ဒီကနေ့ စျာပနမှာ ဒေါက်တာဇော်ထွယ်အောင်ရဲ့ ဇနီးဖြစ်သူအခြေအနေကို မရီးတော်စပ်သူကပြောပြပါတယ်။

ဒေါက်တာဇော်ထွယ်အောင်ဟာ သူ့ဇနီးဘက်ကအမျိုးတွေကိုလည်း ဂရုစိုက်တတ်ပြီး သူ့ရဲ့ ကူညီတတ်တဲ့ အမူအကျင့်ကြောင့် အမျိုးအားလုံးရဲ့ ချစ်ခင်ခြင်းခံရသူလို့ မရီးဖြစ်သူက ပြောပြပါတယ်။

ထောင်ထဲက အားကိုးရာ ဒေါက်ဒေါက်

ဒေါက်တာဇော်ထွယ်အောင် ဟာ မုံရွာအကျဥ်းထောင်ထဲက အကျဥ်းသားအားလုံးရဲ့ အားကိုးတိုင်ပင်ရာ ဖြစ်ခဲ့သလို ကျန်းမာရေးအတွက်အားထားရတဲ့ ဆရာဝန်တစ်ဦးလည်း ဖြစ်ခဲ့တယ်လို့ မုံရွာထောင်ထဲ တစ်နှစ်ကျော်အတူနေခဲ့တဲ့ အကျဉ်းသားဟောင်း ကိုကိုကြီးက ပြောပါတယ်။

အကျဥ်းသားတွေ ရဲ့ ကျန်းမာရေးအတွက် ဆီးချိုစစ်တာကအစ HIV/AIDS ရောဂါပိုးစစ်တာမျိုးအထိ လုပ်‌ဆောင်ခွင့်ရဖို့ တက်တက်ကြွကြွလုပ်ဆောင်ပေးခဲ့သူလို့လည်း ဆိုပါတယ်။

‘’ တချို့အကျဥ်းသားတွေဆိုရင် ထောင်ကိုရောက်လာတဲ့အချိန်မှာ စစ်ကြောရေးတွေဘာတွေကြောင့် ကျန်းမာရေးအခြေအနေ တော်တော် ဆိုးလာတာရှိတယ်။ သူတို့ကိုဆို ဒေါက်ဒေါက်က ကုပေးတယ်။ ထောင်ဘက်ကကြည့်ရင်လည်း သူရှိတော့အကျဥ်းသားတွေရဲ့ကျန်းမာရေးစိတ်ချရတဲ့ အနေအထားအထိဖြစ်ခဲ့တယ်’’

ကချင်တိုင်းရင်းသားဖြစ်တဲ့ ဒေါက်တာဇော်ထွယ်အောင်ဟာ ကချင်အစားအစာကိုပိုခုံမင်ပေမဲ့ ထောင်ထဲမှာတော့အားလုံးနဲ့အတူ အဆင်ပြေသလို ရောင့်ရဲတတ်သူလို့ ထောင်တွင်းအတူနေခဲ့သူက မှတ်ချက်ပြုပါတယ်။

‘’ ဒေါက်ဒေါက် ဆုံးပြီလို့ သိလိုက်ရတဲ့အချိန်မှာ ယူကြုံးမရဖြစ်တယ်။ ထောင်ထဲကျန်ခဲ့တဲ့ အကျဥ်းသားတွေ အတွက်လည်း ဆုံးရှုံးမှုကြီးတယ်လို့လည်းပြောချင်တယ်။ဆရာဝန်တစ်ယောက်အနေနဲ့မဟုတ်ရင်တောင် လူတော်လူကောင်းတစ်ယောက်ဆုံးရှုံးသွားတာပါ။"

စွပ်စွဲမှုတွေနဲ့ ထောင် ၁၁ နှစ်ချမှတ်ခံရ

မုံရွာတစ်နယ်လုံးရဲ့ ကျန်းမာရေးနဲ့ပရဟိတအရေးတက်ကြွခဲ့တဲ့ ဒေါက်တာဇော်ထွယ်အောင်ဟာ စစ်အာဏာသိမ်းချိန်မှာတော့ သူတတ်ကျွမ်းနဲ့ဆေးပညာနဲ့ ဒဏ်ရာရတဲ့ လူထုတွေကိုဆေးကုသပေးခဲ့ပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ‌နောက်ပိုင်းကာလမှာ စစ်ကိုင်းတိုင်းက လက်နက်ကိုင်ခုခံမှုတွေဖြစ်လာတော့ မုံရွာနဲ့နီးတဲ့ အမြင့် နဲ့ချောင်းဦးလို ဒေသဘက်တွေသာမက စစ်ကိုင်းတခွင်လုံးနီးပါးက စစ်ရှောင်ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေကို နယ်လှည့်ပြီး ကုသပေးခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက သူ့ကို အကြမ်းဖက်မှုကို အားပေးတယ်ဆိုတဲ့စွပ်စွဲချက်၊ လက်နက်ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှာ မုံရွာမြို့၊ ချမ်းမြဝတီရပ်က သူ့အိမ်မှာဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးပြီး ၁ နှစ် နဲ့ ၆ လအကြာ ၂၀၂၃ ခုနှစ် မတ်လမှာ မုံရွာအကျဥ်းထောင်အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင် ၁၁ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူကပြောပြပါတယ်။

‘’ ကျွန်တော်အပွင့်လင်းဆုံးပြောပြပါမယ်။ ဒေါက်ဒေါက်ကို စစ်ကောင်စီသတင်းပေးတစ်ယောက်က သူဟာ လက်နက်တွေ‌ထောက်ပံ့နေတယ်။ ထောက်ပို့လုပ်နေပါတယ်ဆိုပြီး မဟုတ်မမှန်ဘဲ တိုင်လိုက်လို့ သူဖမ်းခံရတာပါ။’’

‘’ အပြင်မှာလည်းဆေးခန်းဖွင့်ထားတဲ့သူ တစ်ယောက်အနေနဲ့ စစ်ရှောင်တွေကိုကူညီပေးတဲ့သူပါ’’လို့ ထောင်ထဲမှာ ၁ နှစ်ကျော်အတူနေခဲ့တဲ့ ကိုကိုကြီးက သူသိထားတဲ့ အခြေအနေကို ပြောပြပါတယ်။

စွပ်စွဲမှုတွေနဲ့ ထောင်ထဲထိန်းသိမ်းခံနေရပေမဲ့ နောင်တရတာ၊ စိတ်ဓာတ်ကျတာလည်း မရှိသလို လူတိုင်းကိုလည်း စိတ်ဓာတ်မကျဖို့ အားပေးသူလို့ ထောင်တွင်းမှာအတူနေခဲ့သူတချို့က မှတ်ချက်ပြုကြပါတယ်။

တောစိမ့် မှ ထန်း‌တောဆီသို့

ကချင်ပြည်နယ် မိုးညှင်းခရိုင် နမ္မတီးမြို့ ဇာတိ ဒေါက်တာဇော်ထွယ်အောင်ဟာ မကွေးဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရခဲ့ပါတယ်။ အလုပ်သင်ဆရာဝန်ဘဝမှာ မကွေးဆေးတက္ကသိုလ်က ဆရာဝန်တိုင်းကွင်းဆင်းရတဲ့ မကွေး (တောစိမ့်) က တောစိမ့်လူထုဆေးပညာသင်တန်း (Community Medicine) မှာ စစ်ကိုင်းတိုင်း မုံရွာ ထန်းတောရပ်က ဆရာဝန်ဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဆုံတွေ့ခဲ့ပါတယ်။

မြစ်ကြီးနား နဲ့ ဖားကန့် က ပုဂ္ဂလိကဆေးရုံတွေနဲ့ ကျန်းမာရေးဆိုင်ရာအရပ်ဖက် NGO တချို့မှာလည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၈ ခုနှစ်က အိမ်ထောင်ပြုခဲ့ကြပြီး ဇနီးဖြစ်သူရဲ့ ဇာတိ မုံရွာမြို့၊ မုံရွာတက္ကသိုလ်နားမှာ မနောဥယျာဥ် ကချင်အစားအစာဆိုင်ဖွင့်သလို ကိုယ်ပိုင်ဆေးခန်းလည်းဖွင့်ပြီး အခြေချနေထိုင်နေခဲ့ကြတာပါ။

တက္ကသိုလ်နားမှာ အစားအစာဆိုင်ဖွင့်ထားလို့ လူငယ်တွေနဲ့ ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့သူဖြစ်သလို အဲဒီအချိန်ကတည်းက ကျောင်းသား၊ကျောင်းသူတွေရဲ့ ကျန်းမာရေးကိုလည်း အလျဥ်းသင့်သလို ကူညီကုသပေးသူလို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။

အာဏာမသိမ်းခင်ကိုဗစ်ကာလမှာလည်း မုံရွာမြို့မှာ ကိုဗစ်ကုသကာကွယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ဇနီးမောင်နှံနှစ်ယောက်လုံး ဒေသအလိုက်ကူညီကုသပေးတာတွေရှိတာကလည်း ထင်ထင်ရှားရှားရှိခဲ့တယ်လို့ ပြောကြပါတယ်။

ရပ်ရွာအရေးကို တက်တက်ကြွကြွရှိပြီး ပရဟိတစိတ်အပြည့်ရှိကြတဲ့ ဆရာဝန် ဇနီးမောင်နှံအဖြစ်လည်း မုံရွာမြို့မှာလူသိများသူတွေလို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေမျိုးက မှတ်ချက်ပြုပါတယ်။

‘’ တကယ်ယူကြုံးမရဖြစ်တယ်ဗျာ။ ထောင်ထဲမှာရောထောင်ပြင်မှာပါ သူ့တန်ဖိုးကဖြတ်မရဘူး။ ကျွန်တော် သတင်းကြားကြားချင်းမှာ တော်တော်လည်းဒေါသထွက်တယ်။ ဘယ်သူ့အပြစ်တင်လို့ တင်ရမလဲဆိုတာလည်း မသိဘူး’’ လို့ ကိုအောင်နေမျိုးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ဖြစ်စဥ်အပေါ် ဝေဖန်ကြ

သြဂုတ် ၁၅ ရက်နေ့က မုံရွာအကျဥ်းထောင်ထဲက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ကို နှစ်ယောက်တွဲစီ သံခြေကျင်းတွေခတ်ပြီး သံပြားတွေပတ်ပတ်လည်ကာပြီး မိုးကာအပြာအုပ်ထားတဲ့ ကုန်တင်ကားတွေနဲ့တင်ဆောင်ပြီး မန္တလေးထောင်နဲ့ မြင်းခြံ‌ထောင်ကို ပြောင်းတာဖြစ်ပါတယ်။

အကျဥ်းသားတွေရဲ့ မိသားစုတွေကိုကြိုတင်အသိပေးတာမရှိတဲ့ ထောင်အာဏာပိုင်တွေရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့မညီဘူးလို့ ဝေဖန်ကြပြီး တစ်ချိန်တည်းမှာပဲ မိုင်းထောင်တဲ့ အဖွဲ့အစည်းတွေကိုလည်း ပြစ်တင်ကြပါတယ်။

အချုပ်သား၊ အကျဥ်းသားကို အချုပ်ကားနဲ့သယ်ဆောင်တာမလုပ်သလို အကျဥ်းသားတစ်ယောက်ချင်းစီကို သံကြိုးမခတ်ဘဲ နှစ်‌ယောက်တွဲစီသံခြေကျင်းခတ်ခဲ့တာလို့ မျက်မြင်တွေ့တဲ့ ထောင်ရင်းမြစ်ကပြောပါတယ်။

"နှစ်ယောက်တွဲကို သံခြေကျင်းခတ်ထားတော့ဒဏ်ရာရတော့ နှစ်ယောက်တွဲတွေ ရတယ်။ ဒီလိုနှစ်ယောက်တွဲလည်း ခတ်စရာမလိုဘူး’’ လို့ ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဥ်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အခုလို ဖြစ်စဥ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလလောက်ကလည်း မုံရွာထောင်ကနေ ထောင်ပြောင်းရွှေ့တဲ့ကား မိုင်းထိခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသူ ၂ ဦးထက်မနည်းဒဏ်ရာရခဲ့လို့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသရတဲ့ အခြေအနေဖြစ်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူအချို့ကတော့ မန္တလေး - မုံရွာ လမ်းတစ်လျှောက်ဟာ တော်လှန်ရေးအင်အားစုအဖွဲ့ပေါင်းစုံရှိလို့ စစ်ကောင်စီယာဥ်တန်းတွေကို မိုင်းဆွဲတာမျိုးလုပ်လေ့ရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီမိုင်းဆွဲတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကို ၃ ရက်မြောက်ဖြစ်လာတဲ့သြဂုတ် ၁၇ ရက်အထိ ထုတ်‌ပြန်ပြောဆိုတာမရှိ‌သေးသလို စစ်ကောင်စီဘက်ကလည်းထုတ်ပြန်တာမရှိပါဘူး။

‘’ အရမ်းကာရော မလုပ်မိဖို့အရေးကြီးတယ်ဗျ။ တော်လှန်ရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ် ပြည်သူ့အားကို ယူပြီးလုပ်ရတာဗျ။ ပြည်သူမပါဘူး။ ပြည်သူငြိုငြင်သွားပြီဆိုရင်တော့၊ ပြည်သူစိတ်ထိခိုက်မယ့်အဖြစ်ဆိုရင်စကားနဲ့တောင်မစော်ကားပါနဲ့’’ လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်ကိုအောင်နေမျိုးက မှတ်ချက်ပြုပါတယ်။