ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စုန်းချောင်းက အရုဏ်တက် လူသတ်ပွဲ
ဇူလိုင် ၂၁ ရက် မနက် ၂ နာရီဝန်းကျင် လူအိပ်ချိန်မှာပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်အရှေ့ခြမ်းက စုန်းချောင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီစစ်ကြောင်း သုံးကြောင်းက အသံတိတ်ဝင်ရောက်နေခဲ့ပါပြီ။
စုန်းချောင်းတောင်ဘက်ရွာရဲ့ ခေါင်းဆောင်နေအိမ်ကနေ သေနတ်ဖောက်သံထွက်လာကာမှ တစ်ရွာလုံးကိုစစ်တပ်က စီးနင်းမိနေပြီဆိုတာကို ဒေသခံတွေသိရှိခဲ့ရပါတယ်။
“သူတို့ (စစ်ကောင်စီ) တပ်တွေစခန်းချတဲ့ အောင်ဇေယျတပ်ကုန်းနဲ့အနီးဆုံး ရွာတောင်ဘက်က ခေါင်းဆောင်အိမ်ကို ခပ်တိတ်တိတ်ဝင်ပြီး စစ်နေကြတာ၊ နာရီဝက်လောက်နေမှ သေနတ်စဖောက်တာ” လို့ ဒီဖြစ်စဉ်အကြောင်း အသေးစိတ်သိရှိနေတဲ့ စုန်းချောင်းရွာသားတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
သေနတ်ဖောက်ချိန် ရွာသားတွေကအနုကြမ်းစီးနေတယ် ထင်လိုက်ကြတာပါ။
ရွာတောင်ပိုင်းမှာ သေနတ်သံကြားတာကြောင့် ကင်းစောင့်ရွာသားတွေဟာ ရွာမြောက်ပိုင်းက ခေါင်းဆောင် ဆီကို အကြောင်းကြားဖို့ သွားခဲ့ကြပါတယ်။ ဒါပေမဲ့ လမ်းတဝက်မှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီကင်းအဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။
ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာမြောက်ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်က ခေါင်းဆောင်တွေရဲ့ အိမ်ကို စနစ်တကျ တပြိုင်နက်ဝင်ရောက်စီးနင်းခဲ့ကြတာဖြစ်ပါတယ်။
ရွာကင်းစောင့်သူ တွေရှိနေတဲ့ကြားက ဘယ်လိုပုံစံအင်အားဖြန့်ကြက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာလ ဆိုတာကို ရွာသားတွေအခုချိန်အထိ မသိကြပါဘူး။
နာရီပိုင်းအတွင်း လူ ၁၄ ယောက်သတ်ဖြတ်ခံရ
ရွာဝင်အစီးခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ၂ နာရီ ၁၅ မိနစ် မှာ သတင်းရောက်ပြီး PDF တွေ ရွာနားရောက်ချိန်မှာ ရွာအနောက်ဘက် ခေါင်းဆောင်အိမ် မီးရှို့ခံနေရပါပြီ။
“မီးခိုးတွေ လှမ်းမြင်ရချိန် ကျွန်တော်တို့ ရောက်တော့တင် ရွာလမ်းမှာ ကင်းသမား ၃ ယောက်အသတ်ခံ ထားရပြီ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဦးက ပြောပါတယ်။
စုန်ချောင်းရွာခေါင်းဆောင်တွေရဲ့ အိမ်တွေအပြင် တော်လှန်ရေးလှုပ်ရှားတယ်လို့ ယူဆသူတွေရဲ့ နေအိမ်တွေကို အတိအကျဝင်ရောက်ကာ အမျိုးသားတွေချည်းဖမ်းဆီးသွားပြီး စစ်ကောင်စီတပ်အားလုံး က ရွာ့တောင်ဘက်ခြမ်းကို ဆုတ်ခွာကြတာပါ။
“သူတို့ဆုတ်တာကို ကျွန်တော်တို့က အရှေ့လိုက်တိုးရင်း ဖြည်းဖြည်းချင်းရွာထဲအခြေအနေကြည့်ရတာဗျ” လို့ မျက်မြင်လည်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။
ဝင်ရောက်စီးနင်းခံရတဲ့ စုန်းချောင်းရွာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချရာ အောင်ဇေယျရွာကြားက အင်းမှာ ပြန့်ကျဲပြီးသေဆုံးနေတဲ့ ရုပ်အလောင်း ၁၂ လောင်းကို နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲပုံစံနဲ့ ပြန်တွေ့ခဲ့ရပါတယ်။
ဒီအလောင်းတွေကို ပြန်တွေ့ချိန်ဟာ မနက် ၁၁ နာရီကျော်ပြီဖြစ်ပါတယ်။
“မီးပူချောင်း၊ သံချောင်းလိုတွေနဲ့ ခန္ဓာကိုယ်ကို လှိမ့်ထားတဲ့ဒဏ်ရာတွေ လည်းတွေ့တယ်။ သေနတ်ပစ်ခံရပြီးခေါင်းတွေပွင့်ထွက်ပြီးသေနေကြတာလည်းတွေ့တယ်” လို့ အလောင်းကောက်ယူရာမှာပါဝင်ခဲ့သူက သူမြင်ခဲ့ရတဲ့ မြင်ကွင်း အကြောင်း ဘီဘီစီကို ပြောပြပါတယ်။
အချိန် ၉ နာရီဝန်းကျင်မှာတင် စုန်းချောင်းရွာက အမျိုးသား ၁၄ ဦး အသတ်ခံခဲ့ကြရပါတယ်။ အဲဒီထဲ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ဦးနဲ့ သာမန်အရပ်သား ၅ ဦး ပါဝင်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ PDF ၆ ဦးကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့ပြီး သေနတ် ၁၁ လက်ပါ ရတဲ့အကြောင်း ဖော်ပြကြပါတယ်။
ထူးခြားတာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက စုန်းချောင်းရွာကရုပ်အလောင်းတွေ ရှာမတွေ့ခင် မနက် ၁၀ နာရီကျော်ကတည်းက ဒီချန်နယ်တွေမှာ ဓာတ်ပုံတွေဖော်ပြနေကြပြီးဖြစ်ပါတယ်။
“ကျွန်တော်တို့ကလေ သူတို့ တယ်လီဂရန်ချန်နယ်မှာ PDF တွေသတ်ထားကြောင်း ပုံတက်လာမှ အလောင်း လိုက်ရှာကြရတာဗျ” အလောင်းတွေကို ကိုယ်တိုင်သင်္ဂြိုဟ်ပေးခဲ့သူ ပြောပါတယ်။
ဘာကြောင့် စုန်းချောင်းရွာဝင်စီးခံရတာလဲ
မုံရွာ - ယာကြီးလမ်းကနေ ၂ မိုင်နဲ့ ၃ ဖာလုံသာဝေးပြီး တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ စုန်းချောင်းရွာကို စစ်ကောင်စီက အများဆုံး ၄ ကြိမ်သာ စစ်ကြောင်းထိုးဖူးခဲ့ပါတယ်။ နေအိမ်တွေလည်းမီးအရှို့ မခံခဲ့ရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်လေ့ရှိတဲ့ ဒီရွာကို အခုလိုစစ်ဆင်ရေးသဘော အသံတိတ်ဝင်ရောက် စီးနင်းခံရမယ်လို့ သူတို့မထင်မှတ်ခဲ့ကြပါဘူး။
“နောက်တချက်က စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မွေးရပ်ဇာတိ ရွာဖြစ်တာကြောင့်လည်း သူတို့မလုပ်လောက်ဘူးထင်ခဲ့တာ” လို့ စုန်းချောင်းရွာသား တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ မိုးလေးဖွဲဖွဲကျနေတဲ့ ဇူလိုင် ၂၁ ရက် မနက်အရုဏ်ဦးမှာတော့ စုန်းချောင်းရွာတွင်း သေနတ်သံတွေ ဆူညံခဲ့ကြပြီး ဒေသခံတွေအတွက် ထိတ်လန့်စရာဖြစ်စဉ် ကြုံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်အာဏာသိမ်းမှုလက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တွေက ဒီလိုသေဆုံးရနိုင်တယ်ဆိုတာ ကြိုတင်ခန့်မှန်းထားကြပါတယ်။
“လူအစုလိုက်အများဆုံး အသတ်ခံရတဲ့ ဖြစ်စဉ်ပဲ၊ ယင်းမာပင်အရှေ့ခြမ်းမှာ အဆိုးဆုံးဖြစ်စဉ်ပဲ။ ကျွန်တော်တို့မှာ ဘာမှပြောစရာ စကားမရှိတော့ဘူး” လို့ အလောင်းတွေကို ကိုယ်တိုင်ကောက်ယူခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒီစစ်ကြောင်းက နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို နေ့တွင်းချင်းပဲ ပြန်သွားပြီလို့ ကြားတယ်ဗျ၊ ရွာကလည်း အသက်မဝင်တော့ဘူး။ လူတွေက စိုးရိမ်ထိတ်လန့်ပြီး ကျီးလန့်စာစားကျန်နေခဲ့တာပါ” လို့ စုန်းချောင်းရွာရဲ့ ဇူလိုင် ၂၁ ရက်ညနေမြင်ကွင်းကို ဒေသခံတဦးက အခုလိုပြောပြခဲ့ပါတယ်။
သေဆုံးခဲ့သူတွေထဲက အရင်ဆုံးအလောင်းတွေ့ရှိခဲ့သူ သုံးဦးကို မနက် ၈ နာရီမှာ သင်္ဂြိုလ်ခဲ့ပြီး ကျန်တဲ့ ၁၁ ဦးရဲ့အလောင်းကိုတော့ ညနေ ၅ နာရီမှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အစုလိုက်အသတ်ခံရတဲ့ ဖြစ်စဉ်တွေဟာ ဇွန်လနှောင်းပိုင်းကစလို့ စစ်ကိုင်းတိုင်းမှာ ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး စစ်ကိုင်း၊ ဝက်လက် မြို့နယ်တွေက PDF နှစ်ဆယ်ကျော်သေဆုံး ထားခဲ့ပြီဖြစ်ပါတယ်။
စစ်ကောင်စီကတော့ အခုလို စစ်ကိုင်းတိုင်းထဲက စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ဒီကနေ့အချိန်အထိ တစုံတရာ ထုတ်ပြောလာတာမရှိပါဘူး။
စစ်ရေးတင်းမာတဲ့ စစ်ကိုင်းတိုင်းက အရပ်သားပြည်သူတွေ သေဆုံးနှုန်းဟာလည်း အမြင့်ဆုံးဖြစ်နေတာကို အရပ်ဖက်စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ စာရင်းတွေအရတွေ့ရပါတယ်။