ချားစ်ဘုရင်က ထရမ့်ရဲ့ ဒုတိယမြောက် ဗြိတိန်ခရီးစဉ်ကို ဝင်ဆာရဲတိုက်မှာဧည့်ခံမယ်

၂၀၁၉ ခုနှစ်က ထရမ့်ရဲ့ ယူကေခရီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က ထရမ့်ရဲ့ ယူကေခရီး

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ ဒုတိယအကြိမ်အဖြစ် ဗြိတိန်နိုင်ငံကို နိုင်ငံတော်အဆင့် အလည်ပတ်ခရီး ရောက်ရှိနေပါတယ်။

ဗြိတိန်ကိုအလာ အဲဖို့ဝမ်း လေယာဉ်ကြီးပေါ်ကို တက်ချိန်တုန်းကတော့ ထရမ့်က အခုခရီးစဉ်ဟာ ဂုဏ်ယူစရာဖြစ်ပြီး ''ဗြိတိန်နဲ့ ကျွန်တော့် ဆက်ဆံရေးဟာ သိပ်ကို ကောင်းမွန်တယ်'' လို့ အပြုသဘောဆောင်စကား ဆိုထားပါတယ်။

ဗြိတိန်ကို ဒုတိယအကြိမ်မြောက် နိုင်ငံတော်အဆင့် ခရီးစဥ်မှာ သူ့ကို တတိယမြောက်ချားစ်ဘုရင်နဲ့ မိဖုရား ကမီလာတို့က ဧည့်ခံကြိုဆိုမယ်လို့ ဘာကင်ဟမ် နန်းတော်က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် ကနေ ၁၉ ရက်အထိ ကြာမယ့် အခုခရီးစဉ်မှာ သမ္မတနဲ့အတူ သမ္မတကတော် မယ်လာနီယာလည်း အတူလိုက်ပါလာပါတယ်။ သူတို့ကို ဗြိတိန်ဘုရင်နဲ့ မိဖုရားတို့က ဝင်ဆာရဲတိုက်မှာ ဧည့်ခံဖို့ရှိပါတယ်။

နိုင်ငံတော်အဆင့် အခုခရီးစဉ်အတွက် ဝင်ဆာရဲတိုက်ကို ရွေးချယ်ရတဲ့အကြောင်းရင်းက ဘာကင်ဟမ်နန်းတော်မှာ ပြုပြင်မွမ်းမံမှုတွေ လုပ်နေတာကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ထရမ့် ပထမအကြိမ် သမ္မတကာလတုန်းက ဗြိတိန်ကို နိုင်ငံတော်အဆင့် ခရီးစဥ်အဖြစ် သွားခဲ့ပါသေးတယ်။ အဲဒီတုန်းက ဒုတိယမြောက်အဲလိဇဘက်ဘုရင်မကြီး ( အခုတော့ နတ်ရွာစံခဲ့ပြီဖြစ်)က ကြိုဆိုဧည့်ခံခဲ့ပါတယ်။

အစဉ်အလာအားဖြင့်ဆိုရင်တော့ သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ် စတဲ့ နိုင်ငံအကြီးအကဲတစ်ဦးက သူ့ရဲ့ ဒုတိယသက်တမ်းမှာ ဗြိတိန်ကိုလာရင် နိုင်ငံတော်အဆင့်ခရီးစဥ်နဲ့ ကမ်းလှမ်းကြိုဆိုလေ့ မရှိပါဘူး။ အဲဒီအစား ဗြိတိသျှ ထီးနန်းဦးသျှောင်နဲ့ နေ့လည်စာစားတာ၊ လက်ဖက်ရည်အတူ သုံးဆောင်တာမျိုးပဲ ဖိတ်ကြားလေ့ရှိပါတယ်။

အခုတကြိမ်တော့ ထရမ့် ခရီးစဥ်ကိုအပြည့်အစုံကို မကြေညာသေးပေမဲ့ အရင်တစ်ခေါက်တုန်းက နိုင်ငံတော်အဆင့် ခရီးစဉ်အတိုင်းပဲ ဖြစ်နိုင်ခြေရှိပါတယ်။ ဝင်ဆာရဲတိုက်က စိန့် ဂျော့ချ်ခန်းမမှာ နိုင်ငံတော်အဆင့် အခမ်းအနားအပြည့်နဲ့ ကြိုဆိုမှာဖြစ်သလို နိုင်ငံတော်အဆင့် ညစာစားပွဲလည်းပါမှာဖြစ်ပါတယ်။

တော်ဝင်မိသားစုရဲ့ ထိပ်တန်း ဘွဲ့ထူးရာထူးခံတွေ အားလုံးလည်း တက်ရောက်မှာဖြစ်ပြီး အဲဒီထဲမှာ ဝင်ဆာရဲတိုက်ဝန်းအတွင်းမှာ နေထိုင်တဲ့ ဝေလမင်းသားနဲ့ မင်းသမီးတို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ဇွန်လ က G7 ထိပ်သီးဆွေးနွေးပွဲမှာတွေ့ရတဲ့ ပြင်သစ်သမ္မတမက်ခရွန်၊ ထရမ့်နဲ့ ယူကေဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇွန်လ က G7 ထိပ်သီးဆွေးနွေးပွဲမှာတွေ့ရတဲ့ ပြင်သစ်သမ္မတမက်ခရွန်၊ ကနေဒါဝန်ကြီးချုပ်၊ ထရမ့်နဲ့ ယူကေဝန်ကြီးချုပ်တို့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ပြီးခဲ့တဲ့ရက်က ဗြိတိန်ခရီးစဥ်မှာလည်း ဝင်ဆာရဲတိုက်မှာ ဘုရင်ကြီးက ဧည့်ခံခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာအတွင်း ဘက်ခ်ရှိုင်းယားက တော်ဝင်နေအိမ်မှာ ပထမဆုံးနိုင်ငံတော်ခရီးစဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

မက်ခရွန်နဲ့ သူ့ရဲ့ကတော်ဟာ ဝင်ဆာမြို့ မှာ ရထားလုံးစီးပြီးလည်းမြို့ကို ပတ်ခဲ့ပါသေးတယ်။

အမေရိကန်သမ္မတတစ်ဦးရဲ့ ဘယ်ခရီးစဉ်မဆို လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေလည်း ကပ်ပါလာလေ့ရှိပါတယ်။ အခုတစ်ခေါက် ထရမ့် ခရီးစဉ်မှာတော့ အများပြည်သူကြားထဲ သွားတဲ့ ပွဲ အစီစအစဉ်တွေ ပါဖို့ရာ မဖြစ်ဖို့ များပါတယ်။

သူ့ရဲ့ ၂၀၁၉ ခုနှစ် ခရီးစဉ်အတွင်းမှာ လုံခြုံရေးအကြောင်းပြချက်ကြောင့် The Mall မှာ စီတန်းလှည့်လည်တာမလုပ်ခဲ့ပါဘူး။ ဒါအပြင် ထရမ့်ဟာ သွားမယ့်နေရာ တစ်ခုနဲ့ တစ်ခုကြား ကားလမ်းသုံးတာထက် လေကြောင်းကိုပဲ အများဆုံး အသုံးပြုခဲ့ပါတယ်။

နိုင်ငံတော် ခရီးစဉ်တွေမှာပါဝင်လေ့ရှိတဲ့ ဗြိတိန် ပါလီမန်အမတ်တွေနဲ့ ထရမ့်တွေ့ဆုံမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ထရမ့် ဗြိတိန်ကို လာမယ့်ကာလဟာ ဗြိတိန်အောက်လွှတ်တော်ဟာ ပါတီညီလာခံရာသီရောက်လို့ လွှတ်တော်ကို ရပ်နားချိန်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဗြိတိန်အထက်လွှတ်တော်မှာတော့ လွှတ်တော် အစည်းအဝေးတွေ ရှိနေမှာပါ။

ဖေဖော်ဝါရီလတုန်းက ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာရဲ့ အိမ်ဖြူတော်ခရီးစဥ်မှာ ဗြိတိန်ကိုလာရောက်လည်ပတ်ဖို့ ဘုရင့်စာ ဖိတ်ကြားလွှာကို ထရမ့်ကို ပေးခဲ့တာ ဖြစ်ပါတယ်။

ဘဲဥပုံရုံးခန်းထဲ ဘေးချင်းကပ်ထိုင်နေချိန်မှာ အဲဒီသဝဏ်လွှာကို ပေးချိန်မှာတော့ ထရမ့်က ''ကျွန်တော့်အတွက် ဂုဏ်ယူလို့ မဆုံးပါပဲ" လို့ပြောသလို ''ဝင်ဆာ ကိုလာဖို့ ဖိတ်တာလို့ပြောထားတော့ ... ဒါ အလေးထားစရာပါ'' လို့လည်း ထရမ့် ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ထရမ့်ရဲ့ အခု နိုင်ငံတော် ခရီးစဉ်ဟာ အမေရိကန်ရဲ့ အိမ်နီးချင်း ကနေဒါနိုင်ငံကို ချားလ်စ် ဘုရင် ပြီးခဲ့တဲ့လပိုင်းတွေက သွားရောက်ခဲ့အပြီးမှာ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အဲဒီတုန်းကတော့ ဘုရင်ကြီးဟာ ကနေဒါ ဝန်ကြီးချုပ် မာ့ခ် ကာနေး ဝန်ကြီးချုပ်တာဝန် စတင်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ ကနေဒါ လွှတ်တော်ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ကနေဒါနိုင်ငံသားအများစုကတော့ ချားလ်စ် ဘုရင်ရဲ့ ၂ ရက်တာ ခရီးစဉ်ကို ကနေဒါအပေါ် ထောက်ခံမှုပြတဲ့ပြယုဂ်အဖြစ် မြင်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိမ်နီးချင်း ကနေဒါကို ထရမ့်က ကုန်သွယ်ခွန်တိုးကောက်တာ၊ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက်ဖြစ်အောင်လုပ်မယ်လို့ ခြိမ်းခြောက်တာတွေ အစောပိုင်းတုန်းက ပြုလုပ်ထားတာကြောင့်ဖြစ်ပါတယ်။

ထီးမူနန်းရာနဲ့ဆက်နွှယ်တဲ့ကိစ္စတွေမှာ တက်တက်ကြွကြွရှိတယ်လို့ ယူဆခံရတဲ့ သမ္မတ တစ်ဦး ဖြစ်တာကြောင့် ထရမ့်ကို အခုလို နိုင်ငံတော်ဆင့် ဖိတ်ကြားလိုက်တာဟာ ဗြိတိန်အစိုးရအတွက်တော့ သံခင်းတမန်နည်းအရ အားရှိတဲ့အရွေ့တစ်ခုဖြစ်လာနိုင်ပါတယ်။

တော်ဝင်မိသားစုနဲ့ပတ်သက်ပြီး ဧပြီလက ပြောခဲ့တဲ့အထဲမှာတော့ '' ဘုရင်ကြီး ချားစ်က ကျွန်တော်ရဲ့ မိတ်ဆွေရင်းပါ။ မင်းသား ဝီလီယမ်ဆိုလည်း အလားတူပါပဲ။ ကျွန်တော်တို့က တော်ဝင်မိသားစုကို တကယ့်ကို လေးစားမှုရှိပါတယ်" လို့ ထရမ့်ကပြောပါတယ်။

ဒီဖိတ်ခေါ်ချိန်ကတော့ ထူးခြားပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ဗြိတိသျှဝန်ကြီးချုပ် ကီယာ စတာမာ တစ်ယောက် ထရမ့်ကို လွှမ်းမိုးဖို့ ကြိုးပမ်းချက်၊ နောက်ပြီး အမေရိကန်ကိုတင်ပို့တဲ့ ယူကေထုတ်ကုန်တွေကို စည်းကြပ်ခွန်လျှော့ချရေး ကြိုးပမ်းချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တဖက်မှာလည်း ဒီကိစ္စနှစ်ရပ်ဟာ ခင်မင်ရင်းစွဲ အထူးဆက်ဆံရေးလို့ ပြောပြောနေတဲ့ ထရမ့်ရဲ့ ဗြိတိန်ခရီးစဉ်မှာ ဆက်ပြီးလွှမ်းမိုးနိုင်ခြေရှိပါတယ်။

ဂေါက်ရိုက်ဝါသနာပါတဲ့ အမေရိကန်သမ္မတဟာ အက်ဘာဒီရှိုင်းယား က ဂေါက်ကွင်းအသစ်ဖွင့်ပွဲကိုလည်း တက်ရောက်ဖို့ အခုလနှောင်းပိုင်းမှာ စကော့တလန်ကို လာမယ်လို့ မျှော်လင့်ရပါတယ်။