အမေရိကန်ကြွေးမြီ ဒေါ်လာ ၃၇ ထရီလျံရှိတာ ပူပန်သင့်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images/BBC
Big Beautiful Budget Bill လို့ သမ္မတဒေါ်နယ်ထရမ့်အမည်ပေးထားတဲ့ အသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြုလိုက်ချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီ ပမာဏနဲ့ အဲ့ဒီကြွေးမြီတွေကြောင့် စီးပွားရေးထိခိုက်နိုင်ခြေကို မေးခွန်းထုတ်မှုတွေ ပြန်ရှိလာပါတယ်။
အခွန်လျှော့ချတဲ့ အသုံးစရိတ်ဥပဒေကြောင့် လက်ရှိကြွေးမြီ ဒေါ်လာ ၃၇ ထရီလျံ အပြင် နောက်ထပ် ဒေါ်လာ ၃ ထရီလျံ ထပ်တိုးတော့မှာပါ။
ဒီဥပဒေကြမ်းကို ဝေဖန်သူပေါများပြီး ထရမ့်ရဲ့ မဟာမိတ်ဟောင်း အီလွန်မတ်စ်ဆိုရင် ဒီဥပဒေကြမ်းဟာ အော့နှလုံးနာစရာ လို့ ပြောခဲ့ပါတယ်။
ထူသထက်ထူလာတဲ့ ကြွေးမြီကြောင့် တစ်ကမ္ဘာလုံးက အန်ကယ်ဆမ် (အမေရိကန်)ကို ချေးငွေထုတ်ပေးတာ အကန့်အသတ်ရှိတော့မလားဆိုပြီး တွေးဆမှုတွေရှိလာပါတယ်။
တစ်နှစ် ဒေါ်လာ ၁၀ ထရီလျံအထိ ဆပ်ရနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလိုသံသယတွေကြောင့် ဒေါ်လာရဲ့တန်ဖိုး ကျဆင်းလာပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း အမေရိကန်ပြည်ထောင်စုကို ငွေချေးရာမှာ ပိုမိုများပြားတဲ့ အတိုးနှုန်းကို တောင်းဆိုလာကြပါတယ်။
နှစ်စဉ်နှစ်တိုင်း ရတာနဲ့ သုံးတာကြား ဟန်ချက်ညီအောင် လုပ်ဖို့အတွက် အမေရိကန်ဟာ ချေးငွေလိုအပ်နေပါတယ်။
ဒီနှစ်ဆန်းပိုင်းကစလို့ ဒေါ်လာ တန်ဖိုးဟာ ပေါင်နဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်း၊ ယူရိုနဲ့ ယှဉ်ရင် ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
အမေရိကန်ရဲ့ ချေးငွေ ကုန်ကျစရိတ်က တည်ငြိမ်နေပေမဲ့ ကာလရှည်ချေးငွေနဲ့ ကာလတိုချေးငွေတွေအတွက် ပေးရတဲ့ အတိုးနှုန်းကွာဟချက်က ပိုများလာတာကြောင့် ကာလရှည်အကျိုးသက်ရောက်နိုင်မှုကို ဆွေးနွေးလာကြပါပြီ။
အမေရိကန်ဟာ ဥရောပသမဂ္ဂ၊ ယူကေတို့နဲ့နှိုင်းယှဉ်ရင် အတိုးနှုန်းကို မြန်မြန်ဆန်ဆန်လျှော့ချတာမျိုးမရှိလို့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဘဏ်အာမခံငွေအပေါ် အတိုးနှုန်းများစွာရစေပေမဲ့ သံသယတွေကတော့ ဆက်ရှိနေပါတယ်။
အမေရိကန်ရဲ့ချေးငွေရယူမှုဟာ လမ်းဆုံလမ်းခွကိုရောက်နေပြီလို့ ကမ္ဘာ့အများဆုံး ပုဂ္ဂလိကရန်ပုံငွေလုပ်ငန်းတည်ထောင်သူ ရေး ဒါလီယိုက ပြောပါတယ်။
လက်ရှိနှုန်းနဲ့ဆိုရင် အမေရိကန်ဟာ ဆပ်ငွေနဲ့ အတိုးငွေကို တစ်နှစ် ဒေါ်လာ ၁၀ ထရီလျံအထိ သုံးစွဲနေရမယ်လို့ သူက ခန့်မှန်းပါတယ်။
"အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးအခြေအနေဟာ အပြောင်းအလဲကာလကို ရောက်နေပြီ။ အခု မကိုင်တွယ်ဘူးဆိုရင် ကြွေးမြီဟာ ထိခိုက်နစ်နာမှုကြီးကြီးမားမားနဲ့ စီမံရတဲ့ အဆင့်အထိရောက်လာနိုင်တယ်" လို့ သူက သုံးသပ်ပါတယ်။
ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်ပါသလဲ။
လမ်း ၃ သွယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပထမဆုံးရွေးချယ်စရာကတော့ အစိုးရအသုံးစရိတ်ကို အကြီးအကျယ်လျော့ချတာ၊ အခွန်တိုးကောက်တာလုပ်ရမှာဖြစ်ပါတယ်။
ဘတ်ဂျတ်လိုငွေပြမှုကို လက်ရှိ ၆ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရင် အနာဂတ်မှာဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုရှောင်နိုင်လိမ့်မယ်လို့ ရေး ဒါလီယိုက အကြံပြုပါတယ်။
ထရမ့်ရဲ့ ဘတ်ဂျတ်ဥပဒေအသစ်ဟာ အသုံးစရိတ်တချို့ကို လျှော့ချခဲ့ပေမဲ့ အခွန်တွေကို ပိုလျှော့ပေးထားတာကြောင့် လက်ရှိ နိုင်ငံရေးလားရာဟာ လိုလားချက်ရဲ့ အခြားတစ်ဖက်ကို ဦးတည်နေပါပြီ။
ဒုတိယရွေးချယ်စရာကတော့ အရင်အကျပ်အတည်းတွေလိုပဲ ဗဟိုဘဏ်က ဒေါ်လာ ပိုမိုရိုက်ထုတ်ပြီး အစိုးရကြွေးမြီကိုဝယ်ဖို့ သုံးစွဲမှာဖြစ်ပါတယ်။ ဒါမျိုးကို ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းပြီးနောက်မှာ တွေ့ခဲ့ပြီးပါပြီ။
ဒါပေမဲ့ ဒါကြောင့် အိမ်နဲ့ရှယ်ယာတွေ ပိုင်ဆိုင်သူတွေဟာ လုပ်အားတန်ဖိုးကို မှီခိုနေရသူတွေထက် ပိုမိုအခွင့်အရေးရမှာဖြစ်လို့ ငွေကြေးဖောင်းပွတာကို ဖြစ်စေပြီး တန်းတူမညီမျှမှုကို ပိုမိုကြီးထွားစေမှာ ဖြစ်ပါတယ်။
တတိယရွေးချယ်စရာကတော့ အမေရိကန်ဟာ အကြွေးဆပ်ဖို့ပျက်ကွက်တာပါပဲ။ မပေးနိုင်တော့လို့ မပေးတော့တာ ဆိုပြီး ဖြစ်လာနိုင်ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ငွေကြေးခိုင်မာမှု က ကမ္ဘာ့ဘဏ္ဍာရေးစနစ်တစ်ခုလုံးကို အခြေခံထားလို့ အကြွေးဆပ်ဖို့ ပျက်ကွက်ခဲ့ရင် ကြီးမားတဲ့ ဘဏ္ဍာရေးအကျပ်အတည်းက ပျော်ပွဲစားထွက်သလို ဖြစ်သွားပါလိမ့်မယ်။
ဒေါ်လာနေရာမှာ အစားထိုးဖို့ ရွေးချယ်စရာနည်းပါး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆိုတော့ ဒီအချက်တွေထဲက ဘယ်တစ်ခု ဖြစ်လာနိုင်မလဲ။
ကံအားလျော်စွာပဲ လက်ရှိအချိန်မှာတော့ ဖြစ်မလာသေးပါဘူး။
ကျွန်တော်တို့သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ ကမ္ဘာကြီးမှာ ဒေါ်လာနေရာမှာ အစားထိုးဖို့ ရွေးချယ်စရာနည်းနည်းပဲရှိနေပါတယ်။
ဒေါ်လာကိုင်ထားတာကို လျှော့ချဖို့ ကြိုးစားမှုအမြောက်အများရှိလာကြတယ်လို့ ဘောဂဗေဒပညာရှင်ဖြစ်သလို ငွေချေးစာချုပ်ရေးရာနယ်ပယ်မှာ ဦးဆောင်ခဲ့သူ မိုဟာမတ် အယ်-အာရီယံက ဘီဘီစီကို ပြောပါတယ်။
ဒေါ်လာက ဝန်ပိနေတာ တစ်ကမ္ဘာလုံးကသိပါတယ်။ ဒါကြောင့်လည်း ရွှေ၊ ယူရိုနဲ့ ပေါင်ဈေးတွေမြင့်တက်တာပေါ့၊ ဒါပေမဲ့ ဒေါ်လာနေရာမှာ အစားထိုးဖို့ကျတော့ ရွေးချယ်စရာသိပ်မရှိဘူးဖြစ်နေပါတယ် လို့ သူကပြောပါတယ်။
ဒေါ်လာက ခင်ဗျားရဲ့ အသန့်ရှင်းဆုံး ပေကျံနေတဲ့ ရှပ်အင်္ကျီလိုပဲ၊ ဆက်ဝတ်နေမှရမယ်လို့ သူကပြောခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လာနဲ့ ကမ္ဘာ့အခိုင်မာဆုံး အရင်းအမြစ်ဖြစ်တဲ့ အမေရိကန်အစိုးရငွေချေးစာချုပ်တွေနဲ့ပတ်သက်ပြီး အစိုးရအဆင့်တွေမှာ ဆွေးနွေးနေကြပါပြီ။
အမေရိကန်ကြွေးမြီအဆင့်နဲ့ ဒေါ်လာရဲ့အနေအထားကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က တစ်ချိန်လုံးတွေးနေရပါပြီ။ အခုလောလောဆယ်မှာတော့ ဒေါ်လာဟာ ပြဿနာရှိတယ်လို့ မထင်ပေမဲ့ သူက ဒီကိစ္စတွေကို နားလည်ပြီး လျှော့ပေါ့စဉ်းစားမယ်မထင်ဘူး လို့ အင်္ဂလန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ဘီဘီစီကို မကြာသေးခင်ကပဲ ပြောပါတယ်။
ကြွေးမြီ ၃၇ ထရီလျံဟာ မနှိုင်းဆနိုင်တဲ့ ပမာဏပါ။ တစ်ရက်ကို ဒေါ်လာ တစ်သန်းစုမယ်ဆိုရင် ဒီလောက်ရလာဖို့ နှစ် တစ်သိန်း လောက် စုရမှာပါ။
ကြွေးမြီကို ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့က နိုင်ငံရဲ့ဝင်ငွေရာခိုင်နှုန်းကို မြင်တတ်ဖို့လိုပါတယ်။ အမေရိကန်စီးပွားရေးဟာ တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၂၅ ထရီလျံလောက်ထုတ်ပေးပါတယ်။
အမေရိကန်ရဲ့ ကြွေးမြီအဆင့်ဟာ များပေမဲ့ ဂျပန် သို့မဟုတ် အီတလီလောက်တော့ မမြင့်မားပါဘူး။ နောက်ပြီး နောက်ကွယ်မှာ ဖန်တီးတီထွင်နိုင်စွမ်းအမြင့်ဆုံးနဲ့ ကြွယ်ဝချမ်းသာမှုထုတ်ပေးတဲ့ စီးပွားရေးရှိနေတယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။
ဝီလျံ အက်ဖ် ရစ်ကန်ဘက်ကာရေးတဲ့ ဒေါ်လာသေဆုံးမှု ဆိုတဲ့ စာအုပ်တစ်အုပ် အိမ်မှာရှိပြီး ကမ္ဘာ့အရန်ငွေကြေးစနစ်အဖြစ် ဒေါ်လာရှိနေခြင်းရဲ့ အန္တရာယ်တွေကို စာရေးသူက သတိပေးထားပါတယ်။ ၁၉၆၈ ခုနှစ်မှာ ရေးခဲ့တဲ့စာအုပ်ဖြစ်ပြီး မစ္စတာ ရစ်ကန်ဘက်ကာဟာ မရှိတော့ပေမဲ့ ဒေါ်လာကတော့ ရှိနေဆဲပါ။
ဒါပေမဲ့ ဒေါ်လာရဲ့ အနေအထားနဲ့ တန်ဖိုးကတော့ ဘုရားပေးထားတဲ့ တန်ခိုးအာဏာ မဟုတ်ဘူးဆိုတာတော့ သတိချပ်ရပါမယ်။











