ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုကိုးကျွန်းပေါ် တရုတ် ခြေကုပ်ယူသွားမှာကို အိန္ဒိယ ဘာ့ကြောင့် စိုးရိမ်ရတာလဲ
ကိုကိုးကျွန်းပေါ်မှာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ကြီးကြီးမားမား ရှိနေကြောင်း ပြသနေတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ အခုနှစ်ဆန်းမှာပဲ ထွက်ပေါ်လာပါတယ်။
လေယာဥ်တွေ ရပ်နားရာ ဂိုဒေါင်ရုံ အသစ် ၂ ရုံနဲ့ လူနေ အဆောက်အအုံ အသစ် တစ်လုံးကို၊ ပို့ဆောင်ရေး လမ်းမအသစ် တစ်ခု နဲ့အတူ အဲဒီ ဂြိုဟ်တု ဓာတ်ပုံတွေထဲ တွေ့မြင် ကြရတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ အဲဒီ လမ်း၊ တံတား၊ အဆောက်အအုံတွေကို မီတာ ၂၃၀၀၊ မိုင်နဲ့ဆိုရင် တစ်မိုင်ခွဲ နီးပါး တိုးချဲ့ထားတဲ့ လေယာဥ်ပြေးလမ်း၊ ရေဒါ စခန်းတို့နဲ့ နီးနီးကပ်ကပ် တည်ဆောက် ထားတာလို့ ဆိုပါတယ်။
ကိုကိုးကျွန်းပေါ် တည်ဆောက်ရေး လုပ်ငန်းတွေဟာ တရုတ် အကူအညီနဲ့ ပြုလုပ်နေတာ ဖြစ်ပြီး၊ အိန္ဒိယ သမုဒ္ဒရာပြင်မှာ ဖြန့်ကြက် စိုးမိုးနိုင်ရေး ရည်မှန်းချက် အစိတ်အပိုင်း အဖြစ် ၊ ကိုကိုးကျွန်းကို သူတို့ရဲ့ ထောက်လှမ်းရေး အခြေစိုက် စခန်း သဖွယ် တရုတ်က အသုံးချလာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
အထူးသဖြင့် အိန္ဒိယ အပါအဝင် တောင်အာရှဒေသက တချို့ အကဲခတ်တွေနဲ့ စာနယ်ဇင်းသမားတွေကြား အဲဒီ ထောက်ပြ ပြောဆိုမှုတွေ ရှိနေရာက၊ လန်ဒန်မြို့တော် အခြေစိုက် နာမည်ကြီး နိုင်ငံတကာ လေ့လာရေး တော်ဝင် အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Chatham House လည်းပဲ အခုရက်ပိုင်းမှာ အလားတူ ပြောဆိုလာပါတယ်။
ဝေဖန်သူတွေ အဓိက ထောက်ပြနေတဲ့ အချက်ကတော့ မြန်မာစစ်တပ်ဟာ တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေး အထီးကျန်မှု ဆိုးဆိုးရွားရွား ဖြစ်နေတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်အပေါ် မှီခိုရမှုလည်း အမြင့်ဆုံးကို ရောက်လာနိုင်ပြီး၊ တကယ်လို့သာ တရုတ် ဘက်က တောင်းဆိုမယ် ဆိုရင် ဗျူဟာမြောက် ကိုကိုးကျွန်းကို ထောက်လှမ်းရေး နေရာထိုင်ခင်း ခြေကုပ်တစ်ခု အဖြစ် အသုံးပြုခွင့် ပေးလာနိုင်တယ် ဆိုပြီး ပြောကြပါတယ်။
အိန္ဒိယက ဘာ့ကြောင့် စိုးရိမ်ရတာလဲ
ကိုကိုးကျွန်းပေါ်မှာ တရုတ်ရဲ့ ထောက်လှမ်းရေး စခန်း ရှိသွားခဲ့ရင် လုံခြုံရေး အရ အခြိမ်းခြောက် ခံရဆုံး ဖြစ်လာမှာက အိန္ဒိယနိုင်ငံ ဖြစ်တယ်လို့ အကဲခတ်တွေက တညီတညွတ်တည်း ပြောကြပါတယ်။ အကြောင်းကတော့ ကိုကိုကျွန်းဟာ အိန္ဒိယရဲ့ ပြည်ထောင်စု နယ်မြေ အစိတ်အပိုင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အန္ဒမန်နဲ့ နီကိုဘာကျွန်းစုတွေ အနီး တည်ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ အိန္ဒိယ သတင်းစာ အီကောနောမစ်တိုင်းမ်ရဲ့ သံတမန်ရေးရာ အယ်ဒီတာ ဒီပန်ဂျန် ချောက်ဒရီက ဒီကျွန်းစုတွေရဲ့ ဗျူဟာမြောက် အရေးပါပုံကို အခုလို ရှင်းပြပါတယ်။
“ကိုကိုးကျွန်းဟာ အိန္ဒိယရဲ့ ဗျူဟာမြောက် အရေးပါတဲ့ အန္ဒမန်နဲ့ နီကိုဘာ ကျွန်းစုတွေနဲ့ နီးနီးကပ်ကပ်တည်ရှိနေပါတယ်။ အဲဒီ အန္ဒမန်နဲ့ နီကိုဘာ ကျွန်းစုတွေကို တစ်ခွန်းတည်းနဲ့ ပုံဖော်ရမယ် ဆိုရင် သူတို့ဟာ ပင်လယ်ထဲ အမြဲ ရှိနေကြမယ့် သဘာဝ လေယာဥ်တင် သင်္ဘောကြီးတွေ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ မြို့ကြီး အများအပြားကနေ ပင်လယ်ခရီး ၃ နာရီကြာ ခုတ်မောင်းနိုင်တဲ့ နေရာမှာ တည်ရှိနေသလို၊ အဲဒီကျွန်းစုတွေရဲ့ အစွန်းဆုံး နေရာ ဆိုရင် အရှေ့တောင်အာရှ ဒေသနဲ့ အတော်လေး နီးကပ်သွားပြီ ဖြစ်ပါတယ်။ မြင်သာအောင် ပြောရရင် အမေရိကန် ဖလော်ရီဒါနဲ့ ကျူးဘားလိုမျိုးပေါ့။
အိန္ဒိယ စစ်တပ်ဘက်ကလည်း အန္ဒမန်နဲ့ နီကိုဘာ ကျွန်းစုတွေကို ပြည်ထောင်စု နယ်မြေ နယ်မြေ အဖြစ် သတ်မှတ်ပြီး ထရိုင် ဆားဗစ် ကွန်မန်း tri-service command လို့ ခေါ်တဲ့ ဘက်စုံ အမိန့်ပေးကွပ်ကဲရေး စံနစ်ယန္တရားတွေကို စုစည်းထားတဲ့ စစ်ဌာနချုပ်တစ်ခုကို အဲဒီမှာ ဖွဲ့စည်း ထားရှိပါတယ်။ ပို့ဘလဲ Port Blair မှာ အခြေစိုက်တဲ့ အဲဒီလို ကြည်း-ရေ-လေ ၃ ခုပေါင်း ကွပ်ကဲရေး ဌာနချုပ်ဆိုတာမျိုးဟာ အိန္ဒိယ စစ်တပ်မှာတော့ အဲဒီ နေရာ တစ်နေရာတည်းမှာပဲ ရှိပါတယ်။ အရှေ့တောင်အာရှ ဒေသ အပါအဝင် မလက္ကာရေလက်ကြားထိအောင် အိန္ဒိယရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပါတယ်။”
အဲဒီ ပင်လယ်ပြင် ဒေသ အနီးတဝိုက်မှာ တရုတ်ဟာ အတော်လေးပဲ ဝင်ထွက်သွားလာတာတွေကို လုပ်နေခဲ့ပြီး၊ အဲဒီလို ဝင်ထွက်သွားလာ နိုင်ဖို့ကိုလည်း အတော်လေး စိတ်အားထက်သန်တာ တွေ့ရတယ်။ တရုတ်ရဲ့ ရေငုပ်သင်္ဘာတွေ သွားလာ လှုပ်ရှားနေတာကို သတိပြုမိတဲ့ သတင်းတွေလည်း ရှိနေပါတယ်။” ဆိုပြီး ဝါရင့် သတင်းစာဆရာ ဒီပန်ဂျန် ချောက်ဒရီက ဆိုပါတယ်။
အိန္ဒိယရဲ့ တုံ့ပြန်ချက်
အကဲခတ်တွေ ထောက်ပြကြသလိုပဲ အိန္ဒိယ အစိုးရမှာလည်း ကိုကိုးကျွန်းနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ရှိနေတာကို တွေ့ရပါတယ်။ ကိုကိုးကျွန်းပေါ်မှာ အဆောက်အအုံတွေ တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေထဲ တရုတ်က အကူအညီတွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေ ရလာတဲ့ အခါ မြန်မာဘက်ကို မေးတာတွေ၊ စိုးရိမ်ကြောင်း ပြောတာတွေ လုပ်ခဲ့တယ်ဆိုပြီး အိန္ဒိယ တာဝန်ရှိသူတချို့က မီဒီယာကို ထုတ်ပြောတာတွေ လုပ်ပါတယ်။
ဒါပေမဲ့ အဲဒီလို ထုတ်ပြောကြတဲ့ အိန္ဒိယ တာဝန်ရှိသူတွေက သူတို့ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ဖော်ပြောပြီး သတင်းရေးတာမျိုး မလုပ်ကြဖို့ ပြောတယ်လို့လည်း ဘလူးမ်ဘာ့ဂ် ယူကေက ရေးပါတယ်။
အိန္ဒိယဘက်က အဲဒီလို မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်တဲ့ အစည်းအဝေးတွေတိုင်းမှာ မြန်မာ စစ်ကောင်စီဘက်က ကိုကိုးကျွန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေထဲ တရုတ် ပါဝင် ပတ်သက်မှု မရှိဘူးဆိုပြီး အစဥ်တစိုက် ငြင်းဆန်တယ်လို့ ဆိုပါတယ်။
စွပ်စွဲမှုတွေဟာ အဓိပ္ပာယ် ကင်းမဲ့တယ် ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း ဘလူးမ်ဘာ့ဂ်က ရေးပါတယ်။ ဒါ့တင်မက အိန္ဒိယ ဖြစ်စေ၊ တရုတ်ဖြစ်စေ တာဝန်ရှိသူတွေနဲ့ကြား တွေ့ဆုံတဲ့ အခါတိုင်း ကိုကိုးကျွန်း ကိစ္စကို တခါမှ မပါဝင်ခဲ့သလို၊ မြန်မာပိုင်နက်ထဲ နိုင်ငံခြားတပ်တွေ တပ်စွဲခွင့်ပေးမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုပါတယ်။
ဝါရင့်သုတေသီ ဆူးရှန့်ဆင်းဂ်နဲ့ ဘီဘီစီ မေးမြန်းခန်း
ဘီဘီစီ။ ။ ကိုကိုးကျွန်းစုမှာ မြန်မာစစ်တပ်ဟာ အဏ္ဏဝါရေပြင် ဆိုင်ရာ ထောက်လှမ်းရေး အခြေစိုက်စခန်း တစ်ခု တည်ဆောက်နေတယ်ဆိုပြီး အခုရက်ပိုင်းတွေမှာ အသံတွေ ကျယ်ကျယ်လောင်လောင် ပြန်ထွက်လာပါတယ်။ အိန္ဒိယ မီဒီယာတချို့တင်မက အခုဆိုရင်၊ ဗြိတိန်အခြေစိုက် နာမည်ကြီး သုတေသီအဖွဲ့ ဖြစ်တဲ့ Chatham House ကပါ ပြောလာတယ် ဆိုတော့ ဆူးရှန့်တို့ အနေနဲ့ ဒီ ကိစ္စကို စောင့်ကြည့်နေလား။ အခုနောက်ဆုံး လုပ်နေတယ် ဆိုတဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ဘာများ သိထားတာ ရှိလဲ ဆူးရှန့်ရေ။
ဆူးရှန့်ဆင်းဂ်။ ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း စသိထားသင့်တာ ကတော့ ကိုကိုးကျွန်းနဲ့ ပတ်သက်တဲ့ အတည်မပြုနိုင်တဲ့ အလားတူ သတင်းမျိုးတွေ ပေါ်ပေါက်နေခဲ့တာ ၂၅ နှစ် ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်ကျော် နှောင်းပိုင်းနှစ်တွေကတည်းက ဘယ်လို သတင်းမျိုးတွေ စရှိလာသလဲ ဆိုရင် တရုတ်ဟာ အိန္ဒိယကို ထောက်လှမ်းနိုင်ဖို့ရာ ကိုကိုးကျွန်းကို အသုံးချနေတယ်ဆိုတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာပါတယ်။
အဲဒီကာလအပိုင်းအပိုင်းအခြားဟာ အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေး ကျဆင်းနေချိန်လည်း ဖြစ်ပါတယ်။ ဒီတော့ အိန္ဒိယ အသိုင်းအဝိုင်းကြားမှာ အဲဒီ ကိုကိုးကျွန်း သတင်းဟာ အဓိက စိုးရိမ်မှု တစ်ရပ်အနေနဲ့ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လည်း သိမှာပါ ... ဒီလို သတင်းတွေ ထွက်လာခဲ့အပြီး နောက်ပိုင်းမှာ မြန်မာ အာဏာပိုင်တွေဘက်က ဘာလုပ်ခဲ့သလဲ ဆိုရင် အိန္ဒိယ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး ကိုကိုးကျွန်းကို ပြခဲ့ပါတယ်။ တရုတ်ရဲ့ ထောက်လှမ်းရေး စခန်း မရှိဘူး ဆိုတာကို သက်သေပြတာ ဖြစ်ပါတယ်။ မြန်မာပြည်ကို သွားခဲ့ကြသူတွေထဲ အဲဒီ့အချိန်က အိန္ဒိယရဲ့ ရေတပ်ဦးစီးချုပ် Admiral Arun Prakash ကိုယ်တိုင် ပါဝင်ပါတယ်။ အဲဒီမှာ အိန္ဒိယအတွက် စိုးရိမ်ဖို့ ကောင်းစေတဲ့ အရာမျိုး မရှိဘူး ဆိုပြီး Admiral Prakash အနေနဲ့ ကျေနပ်ခဲ့ပုံရပါတယ်။
အခု နောက်ဆုံး ထွက်လာပြန်တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေ အကြောင်း အာရုံစိုက် ပြောရအောင်ပါ။ အဲဒီ ဓာတ်ပုံတွေက ဘာကို ပြနေသလဲ ဆိုရင် ကိုကိုးကျွန်းပေါ်မှာ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင် အကြီးအကျယ် ရှိနေတယ် ဆိုတဲ့ အချက်ကို ဖော်ပြနေပါတယ်။ အဲဒီနေရာဟာ အန္ဒမန်ပင်လယ်ပြင်၊ အိန္ဒိယပိုင် နီကိုဘာ ကျွန်းစု Nicobar Islands နဲ့ ဆိုရင် မိုင် ၅၀ တောင် မဝေးတဲ့ နေရာမှာ ဖြစ်ပါတယ်။
အန္ဒမန်ပင်လယ်ပြင်နဲ့ နီကိုဘာ ကျွန်းစုဟာ အိန္ဒိယ အတွက် ဗျူဟာမြောက် အင်မတန် အရေးကြီးတဲ့ နေရာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခု ဂြိုဟ်တု ဓာတ်ပုံတွေ အပေါ် မူတည်ပြီး အရင်ရှိနေခဲ့ဖူးတဲ့ ကောလဟာလတွေ တဖန် ပြန်ပြီး ထွက်ပေါ်လာစေပါတယ်။ Chatham House လိုမျိုး အဖွဲ့ကပါ ဒီ ဂြိုဟ်တု ဓာတ်ပုံတွေ အကြောင်း အစီရင်ခံ ထုတ်ပြန်တဲ့ အခါ ... စိုးရိမ်မှုတွေ ... မှန်းဆ ပြောဆိုမှုတွေဟာ ပိုပြီး ကြီးမားကျယ်ပြန့် လာပါတယ်။
အခုတွေ့ရတဲ့ ဆောက်လုပ်ရေးတွေဟာ တချိန်ချိန်မှာ တရုတ်က အသုံးပြုလာဖို့ အတွက် တည်ဆောက်နေတာ ဖြစ်တယ် ဆိုပြီး တွက်ဆ ပြောနေကြတာပါ။ ဘယ်လို အသုံးပြုမှာလဲ ဆိုတော့ အန္ဒမန်ပင်လယ်ပြင်နဲ့ နီကိုဘာ ကျွန်းစု အပါအဝင် အိန္ဒိယ အပေါ် ထောက်လှမ်းနိုင်ရေးမှာ အသုံးပြုလိမ့်မယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ပေါ်ထွက် နေတာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ထောက်လှမ်းရေး ဆိုင်ရာ နေရာထိုင်ခင်းဆိုပြီး ရည်ညွှန်းပြောကြရာမှာ ... ဘာကို အဓိက ဆိုလိုတာလဲ ဆူးရှန့်ရေ။ စိုးရိမ်မှုရှိတယ် ဆိုတဲ့ သုတေသီတွေ၊ စောင့်ကြည့်ရေး သမားတွေ အနေနဲ့ အဲဒီ နေရာထိုင်ခင်းဟာ ဘယ်လို အမျိုးစားလဲ .... ဘာတွေ လုပ်ဆောင်နိုင်တဲ့ နေရာလဲ ဆိုပြီး တွက်ဆ ထားကြတာလဲဗျ။
ဆူးရှန့်ဆင်းဂ်။ ။ အခုနက ကျွန်တော်ပြောခဲ့သလို အန္ဒမန်ပင်လယ်နဲ့ နီကိုဘာကျွန်းဟာ အိန္ဒိယ အတွက် ဗျူဟာမြောက် အရေးပါတဲ့ နေရာဖြစ်ပါတယ်။ ဘာ့ကြောင့် ဗျူဟာမြောက် အရေးပါသလဲ ဆိုရင် အိန္ဒိယ သမုဒ္ဒရာပြင် စိုးမိုးနိုင်ရေးမှာရော၊ မလက္ကာ ရေလက်ကြား ထိအောင် ဝင်ထွက်သွားလာ ပေါက်ရောက် နိုင်ရေးမှာပါ အဓိကကျတဲ့ နေရာမှာ ရှိလို့ ဖြစ်ပါတယ်။
ခင်ဗျားလည်း မှတ်မိမယ် ထင်ပါတယ် .... ပြီးခဲ့တဲ့နှစ် ၂၀၂၂ ဇန်နဝါရီလတုန်းက၊ တရုတ်ရဲ့ ထောက်လှမ်းရေး မိုးပျံပူဖောင်းတစ်လုံးဟာ အန္ဒမန် ကျွန်းစုတွေပေါ် မှာ ရက်တချို့ ရှိနေခဲ့ပါတယ်။ မကြာသေးခင်ကပဲ အမေရိကန်က ပစ်ချခဲ့တဲ့ မိုးပျံပူဖောင်းလိုမျိုးပဲ ... တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးသုံး ပစ္စည်းကိရိယာ ဖြစ်ပါတယ်။
ဒီလို တရုတ် မိုးပျံပူဖောင်းကို တွေ့ခဲ့တဲ့ အချက်ဟာ ဘာကို ပြသနေလဲ ဆိုရင် အိန္ဒိယ အတွက် အရေးကြီးတဲ့ အန္ဒမန်ပင်လယ်နဲ့ နီကိုဘာကျွန်းကို တရုတ်ဟာ စောင့်ကြည့် ထောက်လှမ်းနေတယ် ဆိုတာ သေချာတယ် ဆိုပြီး အိန္ဒိယ အကဲခတ်တွေက ကောက်ချက် ချကြပါတယ်။ ဒီတော့ ရေဒါစခန်းလိုမျိုးဖြစ်စေ၊ ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စတွေကို ကြားဖြတ် ထောက်လှမ်းနိုင်တဲ့ နေရာမျိုး ဖြစ်စေ ... ကိုကိုးကျွန်းပေါ်မှာသာ တရုတ်အတွက် အခြေစိုက် စခန်းတစ်ခု ရှိလာခဲ့မယ် ဆိုရင် ... အခုနပြောတဲ့ အန္ဒမန်ပင်လယ်နဲ့ နီကိုဘာကျွန်းစုကို တရုတ်က အဆက်မပြတ် စောင့်ကြည့် ထောက်လှမ်းနိုင်သွားမှာ ဖြစ်ပါတယ်။
အဲဒီ ဒေသထဲက ရေပြင်၊ ဝေဟင် အဝင်အထွက်မှန်သမျှကို သိရှိနေမှာ ဖြစ်သလို၊ အိန္ဒိယက အမေရိကန်၊ ဩစတြေးလျနဲ့ ဂျပန် စတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲပြီး အဲဒီ ဒေသမှာ ပူးပေါင်း ဆောင်ရွက်မှုမျိုး လုပ်လာရင်လည်း တရုတ် အနေနဲ့ သိရှိနေမှာ ဖြစ်ပါတယ်။ နောက် အရေးကြီးတဲ့ အချက်ကတော့ ဒီ နီကိုဘာကျွန်းစုတွေကို ဘယ်တော့မှ နှစ်မြုပ်ပစ်လို့ မရနိုင်တဲ့ လေယာဥ်တင် သင်္ဘောကြီးတွေ သဖွယ် အိန္ဒိယရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ လုံခြုံရေးကဏ္ဍက ကျွမ်းကျင်သူတွေက ရည်ညွှန်း ပြောကြပါတယ်။ ဒါကြောင့်လည်း အိန္ဒိယ သမုဒ္ဒရာပြင် စိုးမိုးနိုင်ရေးနဲ့ တရုတ်ရဲ့ ဖြန့်ကြက်လာမှု အပေါ် တန်ပြန်ရေးမှာ ဒီ ဒေသဟာ အရေးပါနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုကိုးကျွန်းမှာသာ တရုတ်အနေနဲ့ ထောက်လှမ်းရေးစခန်းထားနိုင်ပြီ ဆိုရင် အိန္ဒိယရဲ့ လှုပ်ရှားမှုမှန်သမျှကို ကနဦးကတည်းက သတိထားမိနိုင်တာမျိုး၊ မျက်မြင်တွေ့ရှိနိုင်တာမျိုးတွေလို အခွင့်အလမ်းကောင်းတွေ ရနိုင်မှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ ဂြိုဟ်တုဓာတ်ပုံတွေဟာ ဘယ်လောက် ကိုးစားဖွယ်ရာ ကောင်းသလဲဗျ။ ကျွန်တော် ဆိုလိုတာက အဲဒီ ဓာတ်ပုံတွေက ဘာတွေကို ပြသနေလဲ၊ ဘယ်လို ကောက်ချက်မျိုးတွေ ချနိုင်လဲ။
ဆူးရှန့်ဆင်းဂ်။ ။ အရိုးရှင်းဆုံး ပြောရရင်တော့ ... အဲဒီ ဂြိုဟ်တုဓာတ်ပုံတွေဟာ ကိုကိုးကျွန်းမှာ တရုတ်တွေ ခြေကုပ်ယူထားတယ် ဆိုတဲ့ အချက်ကို သက်သေခံ ဖော်ပြနိုင်တာမျိုး မရှိပါဘူး။ အဲဒီမှာ အခြေခံအဆောက်အဦးတွေ ပိုပြီးကောင်းမွန်လာဖို့ရာ လမ်းတွေဖောက်၊ တံတားတွေ ဆောက်တာမျိုးတွေ မြန်မာအာဏာပိုင်တွေ အားထည့်ပြီး လုပ်နေတယ် ဆိုတာကိုတော့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ အသုံးပြုဖို့ ဖြစ်စေ၊ နည်းပညာ ဆိုင်ရာ အသုံးပြုဖို့ ဖြစ်စေ လုပ်ဆောင်နေတာ ဖြစ်ကြောင်း အဲဒီဓာတ်ပုံတွေကို ကြည့်ပြီး မပြောနိုင်ပါဘူး။
Chatham House ရဲ့ အစီရင်ခံစာ အပါအဝင် စိုးရိမ်ချက်တွေဟာ conjecture လို့ ခေါ်ရမှာပေါ့ ... မပြည့်စုံတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကောက်ချက်ဆွဲ နေကြတာလို့ ကျွန်တော် သုံးသပ်မိပါတယ်။ သူတို့ရဲ့ မှန်းဆ ပြောဆိုချက်တွေဟာ နံပါတ်၁။ ဒီတည်ဆောက်ရေး လုပ်ငန်းတွေကို တရုတ်ရဲ့ အထောက်အပံ့နဲ့ ပြုလုပ်နေတာ ... နံပါတ် ၂။ မြန်မာပြည်ထဲ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးမားတာနဲ့ အမျှ တချိန်မဟုတ် တချိန်မှာ ဗျူဟာကျတဲ့ အဲဒီ ကိုကိုးကျွန်းပေါ်က အခြေခံ အဆောက်အဦးတွေကို တရုတ်က အသုံးပြုမယ်လို့ ပြောလာပြီဆိုရင် မြန်မာက ငြင်းနိုင်မှာ မဟုတ်ဘူး ... ဆိုတဲ့ အချက် ၂ ချက် ဖြစ်ပါတယ်။
ဒီတော့ လက်ရှိမှာတော့ အဲဒီ ဂြိုဟ်တု ဓာတ်ပုံတွေက ဖြစ်စေ၊ တခြား ဘယ်လို ပုံစံမျိုးနဲ့ ဖြစ်စေ ကိုကိုးကျွန်းကို တရုတ်က အခြေစိုက် စခန်း၊ ထောက်လှမ်းရေး စခန်း တစ်ခု အသွင် အသုံးပြုနေတယ် ဆိုတာကို ပြသနေတဲ့ သက်သေ အထောက်အထား ရှိမနေပါဘူး။ ကိုကိုးကျွန်းကို အသုံးပြုခွင့် မြန်မာဘက်က တရုတ်ကို ပေးထားတယ် ဆိုတဲ့ အထောက်ထားမျိုးလည်း မရှိပါဘူး။
တရုတ်- မြန်မာ ဆက်ဆံရေးနဲ့ တရုတ်ရဲ့ ဩဇာ သက်ရောက်နိုင်မှု အပေါ် ကြည့်ပြီး၊ တကယ်လို့ တရုတ်က တောင်းဆိုလာပြီ ဆိုရင် မြန်မာက ငြင်းနိုင်မှာ မဟုတ်ဘူးလို့ ခန်းမှန်း တွက်ဆ နေကြတာ ဖြစ်ပါတယ်။ အဲဒီ တွက်ဆမှုတွေကနေ တဆင့် ကိုကိုးကျွန်းကို ထောက်လှမ်းရေး အတွက် တရုတ်က အခြေစိုက် အသုံးပြုနိုင်တယ် ဆိုပြီး မခိုင်မာတဲ့ ကောက်ချက်တွေ၊ စိုးရိမ်မှုတွေ ပေါ်ထွက်နေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် ထောက်ပြချင်တာက ... လက်ရှိမှာ အိန္ဒိယလည်းပဲ မြန်မာစစ်တပ်နဲ့ကြား ဆက်ဆံရေး ခိုင်မာနေတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။ “ကိုကိုးကျွန်း စိုးရိမ်မှု” ရှိနေကြသူတွေဟာ ဒီ အချက်ကိုတော့ ဘာလို့ မေ့ထားကြတာလဲ။ လက်ရှိ မြန်မာစစ်အာဏာပိုင်တွေ အလိုရှိသမျှ အိန္ဒိယ အစိုးရကလည်း ဖြည့်ဆည်းပေးနေတာ မဟုတ်ဘူးလား။ ဒီတော့ ... အန္ဒမန်ကျွန်းစုတွေရဲ့ ဗျူဟာမြောက် အရေးပါမှု အပေါ် မူတည်ပြီး အခုလို စိုးရိမ်ချက်တွေ ရှိနေတယ် ဆိုတာ ကျွန်တော် နားလည်ပေးနိုင်ပေမယ့်၊ တရုတ်ရဲ့ ထောက်လှမ်းရေး အခြေစိုက် စခန်းတစ်ခု ရှိလာဖို့ ဆိုတဲ့ အထိကတော့ သူတို့ ပြောနေသလောက် မလွယ်ကူလှပါဘူး။
အိန္ဒိယနဲ့မြန်မာဟာ မိုင်ထောင်ချီပြီး နယ်နိမိတ်ချင်းထိနေတဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့ အတွက်၊ အပြန်အလှန် ဆက်ဆံရေးတွေ ပူးပေါင်းဆောင်ရွက်ရေးတွေ ဘယ်လောက် ကောင်းမွန်ဖို့ လိုကြောင်း အပြန်အလှန် သဘောပေါက်ကြပါတယ်။ အိန္ဒိယနဲ့ကြား ကောင်းမွန်နေတဲ့ ဆက်ဆံရေး အဆုံးစွန် ပျက်စီး ထိခိုက် သွားနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို မြန်မာ စစ်အာဏာပိုင်တွေ လွယ်လွယ်နဲ့ ပြုလုပ် လိမ့်မယ်လို့လည်း ကျွန်တော် မယုံကြည်ပါဘူး။
ဒီတော့ ပြန်ချုပ်ရရင်တော့ ... အိန္ဒိယ သမုဒ္ဒရာပြင်ကို စောင့်ကြည့်နိုင်ဖို့ ကိုကိုးကျွန်းမှာ တရုတ်တို့ ခြေကုပ်ယူနေတယ် ဆိုတဲ့ သတင်းမျိုးဟာ အသစ်ဆန်း မဟုတ်ပါဘူး ... ။ ကျန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကာလ အတွင်းမှာလည်း ခိုင်မာတဲ့ သက်သေ အထောက်အထား မပေါ်ထွက်ခဲ့သလို၊ အခုချိန်ကျမှ ဒီ ကိစ္စ အကောင်အထည် ဖော်လာနေတယ်လို့ ကျွန်တော့် အနေနဲ့ကတော့ လက်ခံဖို့ ခက်ပါတယ်။ “ကိုကိုးကျွန်း စိုးရိမ်မှု” တစ်ခုလုံးဟာ အချက်အားလုံး အပေါ် ခြုံငုံ သုံးသပ်ထားမှု အာနည်းတဲ့ ပါးချပ်တပ် အမြင် “blinkered view” ဖြစ်တယ်လို့ပဲ ကျွန်တော်မြင်မိပါတယ်။
ဘီဘီစီ။ ။ ဒါပေမဲ့ တရုတ်အနေနဲ့ မြန်မာကနေ တဆင့် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ရပြီး၊ ဘင်္ဂလား ပင်လယ်အော်မှာ ဝင်ထွက်သွားလာ လှုပ်ရှားလိုတဲ့ ဗျူဟာမြောက် ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်တွေ ရှိနေတယ် ဆိုတဲ့ အချက်ကလည်း မမှားဘူး မဟုတ်လား ဆူးရှန့်ရေ။ ဒီတော့ အိန္ဒိယ သမုဒ္ဒရာပြင်မှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပြိုင်ဆိုင်မှုတွေကရော လက်ရှိ အနေအထားမှာ ဘယ်လို တွေ့နေရလဲ။
ဆူးရှန့်ဆင်းဂ်။ ။ ဘင်္ဂလား ပင်လယ်အော်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အဓိက လုပ်ဆောင်ချက် တစ်ခုကတော့ စစ်တကောင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ရေငုပ်သင်္ဘာစခန်းကြီး အပါအဝင် ပင်လယ်ဆိပ်ကမ်းတစ်ခုကို ကူညီ တည်ဆောက်ပေးပါတယ်။ အိန္ဒိယနဲ့ အင်မတန် နီးကပ်ပြီး ဗျူဟာမြောက် အရေးပါပါတယ်။ တခါ၊ သီရိလင်္ကာမှာ ဆိုရင်လည်း မြို့တော် ကိုလံဘိုနဲ့ မဝေးလှတဲ့ Hambantota ဆိပ်ကမ်း ဆိုရင်လည်း တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရှိတယ်လို့ ယုံကြည်ရပါတယ်။ တရုတ်ရဲ့ ရေငုပ် သင်္ဘောတွေပါ အဲဒီ ဆိပ်ကမ်းမှာ ကပ်ထားတာကို တွေ့ရပါတယ်။ ပါကစ္စတန်ရဲ့ ကရာချိ ဆိပ်ကမ်းမှာလည်း အလားတူပါပဲ။
ဆိုတော့ကား ... ဘင်္ဂလားပင်လယ်အော် အပါအဝင် အိန္ဒိယ သမုဒ္ဒရာပြင်မှာ တရုတ်ရဲ့ ရေတပ် ဖြန့်ကြက်လာမှုဟာ အချိန်နဲ့အမျှ တိုးမြှင့်လာနေပါတယ်။ အိန္ဒိယပိုင် ရေပြင်မှာ တရုတ်ရဲ့ ရေငုပ်သင်္ဘောတွေ ၅ စင်း ကနေ ၆ စင်း အမြဲ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ ထောက်လှမ်း ရရှိနိုင်သမျှ အရေအတွက် ဖြစ်ပြီး၊ လွတ်သွားတာတွေ မသိလိုက်တာတွေလည်း ရှိနိုင်ပါတယ်။
တရုတ်ပြည်သူ့ လွတ်မြောင်ရေး တပ်မတော် PLA ရဲ့ ရေငုပ်သင်္ဘာတွေဟာ ပင်လယ်ကြမ်းပြင် လေ့လာရေး အပါအဝင် သိပ္ပံဆိုင်ရာ စူးစမ်းမှုတွေ လုပ်တာမျိုး ဖြစ်နိုင်သလို၊ ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေတာမျိုးလည်း ဖြစ်နေပါတယ်။ ဒါမှမဟုတ် ကုန်စည်ပစ္စည်းတွေ တစ်နေရာရာကို အသယ်အပို့ လုပ်နေတာမျိုးလား၊ မစ်ရှင် တစ်ခုခုက ပြန်လာတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘာတွေလား ... အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ဒီတော့ အိန္ဒိယ သမုဒ္ဒရာပြင်မှာ တရုတ်ရေတပ် ဖြန့်ကြက် လွှမ်းမိုးလာတဲ့ အချက်ကတော့ ငြင်းလို့ မရပါဘူး။ ကမ္ဘာပေါ်မှာ အမေရိကန် ရေတပ်ရဲ့ အင်အားကြီးမှုနဲ့ တခါ၊ အိန္ဒိယမှာလည်း တောင့်တင်းခိုင်မာတဲ့ ရေတပ် ရှိနေတာတွေကြောင့် တရုတ်ရေတပ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာမှာ အင်အား အကြီးဆုံး ရေတပ်လို့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ စစ်ရေယာဥ် အရေအတွက်က စလို့ တိုးတက်မှုနှုန်း အမြန်ဆုံး ရေတပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယ သမုဒ္ဒရာ ရေပြင်မှာ တရုတ်ရေတပ်ဟာ လွှမ်းမိုးမှု အရှိဆုံး ဖြစ်လာနိုင်ပါတယ်။
တရုတ်-အိန္ဒိယ စစ်ရေးထိပ်တိုက်တွေ့မှု ပင်လယ်ပြင်ထဲထိ ရောက်လာမလား
ဘီဘီစီ။ ။ အိန္ဒိယနဲ့ တရုတ် နယ်စပ်တွေမှာတော့ နယ်ခြားစောင့်တပ်တွေကြား အပြန်အလှန် ပစ်ခတ်တာမျိုးတွေ ပေါ်ပေါက်လေ့ ရှိတာကို တွေ့မြင် နေခဲ့ရပါတယ်။ ဒီတော့ ပင်လယ်ပြင်မှာရော ထိပ်တိုက်တွေ့ကြတဲ့ အထိ၊ ပစ်ကြ ခတ်ကြတဲ့ အထိ ဖြစ်လာဖွယ် ရှိလား။
ဆူးရှန့်ဆင်းဂ်။ ။ အိန္ဒိယရဲ့ သက်ဆိုင်ရာ နယ်ပယ်နဲ့ အသိုင်းအဝိုင်းကြားမှာ အရင်တုန်းက ဆွဲကိုင်ခဲ့တဲ့ သီအိုရီ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အိန္ဒိယ သမုဒ္ဒရာပြင်မှာ တရုတ် အပေါ် ဖိအားပေး နိုင်မယ် ဆိုရင်၊ ကုန်းမြေ နယ်စပ်တလျှောက်မှာ အိန္ဒိယ တွေ့ကြုံနေရတဲ့ တရုတ်ရဲ့ ဖိအားကို တစုံတရာ အတိုင်းအတာထိ လျှော့ချ နိုင်လိမ့််မယ် ဆိုတဲ့ သီအိုရီပါ။ တရုတ်ရေတပ် အားမကောင်း သေးချိန် နှစ်ကာလတွေမှာ အဲဒီ သီအိုရီကို အိန္ဒိယဘက်က အတော်လေး ကိုင်စွဲခဲ့ပါတယ်။ အခု အခြေအနေမှာတော့ ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။
ခင်ဗျား အခုနက ထောက်ပြ သလိုပါပဲ ... ကုန်းမြေ နယ်နမိတ်တွေမှာ ပေါ်ပေါက်လေ့ ရှိတဲ့ ပစ်ခတ်မှုတွေ၊ ထိပ်တိုက်တွေ့မှုတွေဟာ အဲဒီမှာပဲ ရှိနေဖို့ ကန့်သတ်ထားနိုင်မယ်၊ ပင်လယ်ပြင်ထဲ ရောက်မလာနိုင်ဘူး ဆိုတဲ့ ဘယ်လို အာမခံချက်မျိုးမှ ရှိမနေပါဘူး။ အိန္ဒိယရဲ့ မိတ်ဖက် အမေရိကန်၊ ဩစတြေးလျနဲ့ ဂျပန် တို့ အိန္ဒိယ သမုဒ္ဒရာပြင်မှာ PLA ရေယာဥ်တွေ အပေါ် ဖိအားဖို့ ကြိုးစားလာရင် ဖြစ်စေ၊ အိန္ဒိယ ကိုယ်တိုင် သူတို့ရဲ့ ရေတပ်ကို သုံးပြီး မလက္ကာ ရေလက်ကြားကို ဖြတ်သွားနေကြတဲ့ တရုတ် ကုန်သည်သင်္ဘောတွေ အပေါ် ဖိအား ပေးလာခဲ့ရင် ဖြစ်စေ ထိပ်တိုက်တွေ့မှု၊ တိုက်ခိုက်မှု ဆိုတာတွေဟာ ပုံစံ တစ်မျိုးမဟုတ် တစ်မျိုး ပေါ်ပေါက် လာနိုင်ပါတယ်။ တရုတ် အနေနဲ့လည်း သူတို့ လိုအပ်တဲ့ ရေနံရဲ့ ၃ ပုံ ၂ ပုံ လောက်ထိကို မလက္ကာရေလက်ကြားကို ဖြတ်ပြီး သယ် နေရတာ ဆိုတော့၊ အိန္ဒိယ ရေတပ် အနေနဲ့ မလက္ကာကို ပိတ်ဆို့တဲ့ နည်းမျိုး သုံးလာပြီ ဆိုရင် တရုတ် အနေနဲ့ သေချာပေါက် တုံ့ပြန်မှာ ဖြစ်ပါတယ်။