တရုတ်- အငြင်းပွားဖွယ်ဖြစ်နေတဲ့ “ကလေးတွေရဲ့မျိုးဗီဇကို ဆေးသိပ္ပံနဲ့ ပြင်ဆင်ခြင်း”

တရုတ်နိုင်ငံမှာ လူသားရဲ့မျိုးရိုးဗီဇကို ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ထုတ်ပြန်လိုက်ပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ သိပ္ပံပညာရှင်တွေက သတိပေးနေကြပါတယ်။

တရုတ်နိုင်ငံရဲ့ မျိုးဗီဇပြင်ဆင်ခြင်းကို စောင့်ကြည့်လေ့လာသူကျွမ်းကျင်ပညာရှင်တယောက်ဖြစ်တဲ့ ဗြိတိန်နိုင်ငံ ကန့်တက္ကသိုလ်ကဒေါက်တာဂျွိုင်းကျန်ကတော့ တရုတ်အာဏာပိုင်တွေဟာ ဥပဒေကြောင်းအရလိုအပ်တဲ့ကာကွယ်မှုတွေပြုလုပ်ဖို့ ပျက်ကွက်နေတယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တုန်းက တရုတ်သိပ္ပံပညာရှင်တယောက်ဟာ ကလေးတွေကို မျိုးဗီဇပြုပြင်ပြောင်းလဲခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ကြောင့် ဝေဖန်မှုတွေ တုန်လှုပ်အံ့သြမှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။

အဲဒါကြောင့် အခုဥပဒေပြဋ္ဌာန်းချက် ထွက်ပေါ်လာတာပါ။ တရုတ်အာဏာပိုင်တွေက အခုပြဋ္ဌာန်းချက်တွေဟာ နိုင်ငံတကာဥပဒေတွေနဲ့ အညီပဲလို့ဆိုနေပါတယ်။ ဥပဒေထဲမှာ မျိုးဗီဇပြင်ဆင်မှုလုပ်မယ်ဆိုရင် ကျင့်ဝတ်ဆိုင်ရာ အတည်ပြုချက်ရယူရပါမယ်။ ကြီးကြပ်မှု၊ စစ်ဆေးမှုတွေ ရှိရပါမယ်။ ဒါပေမဲ့ မျိုးဗီဇပြောင်းလဲမှုဆိုင်ရာ စည်းမျဉ်းတွေဟာ တဦးချင်း ပုဂ္ဂလိကသိပ္ပံပညာရှင်တွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် မသက်ရောက်သလိုဖြစ်နေတဲ့အပေါ် အနောက်တိုင်း ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်ပူပန်နေကြတာပါ။

မျိုးဗီဇပြင်ဆင်ခြင်းဟာ DNA ကို ပြင်ဆင်တည်းဖြတ်တာ ဖြစ်ပါတယ်။ ဆီးချို၊ သွေးတိုးစတဲ့ မျိုးရိုးလိုက်နိုင်တဲ့ရောဂါမျိုးတွေကို မွေးလာတဲ့ သားသမီးတွေဆီပါမလာအောင် DNA ပြင်ဆင်တည်းဖြတ်ပေးတာပါ။

ဒါပေမဲ့ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အကြီးအကျယ်အငြင်းပွားမှုတွေရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီပြင်ဆင်တည်းဖြတ်မှုဟာ ထာဝရပြင်ဆင်တည်းဖြတ်မှုဖြစ်ရုံသာမက သားစဉ်မြေးဆက်အထိ သက်ရောက်မဲ့ ပြင်ဆင်မှုဖြစ်နေလို့ပါ။ ဒီပြင်ဆင်ပြောင်းလဲမှု တခုလုပ်လိုက်တဲ့အခါ တခြားဘာတွေ ပြောင်းလဲမှုရှိသွားမလဲဆိုတာတွေကိုလည်း ပြည့်ပြည့်စုံစုံ မသိကြသေးလို့ ဖြစ်ပါတယ်။

အငြင်းပွားမှု

ကွမ်တုန်ပြည်နယ် ရှန်ကျန်းက ဒေါက်တာဟီကျန်းကွေးက သူဟာ လူလူနဲ့ နာနာလို့ နာမည်ပေးထားတဲ့ အမြွှာကလေးနှစ်ယောက်ကိုဗီဇပြုပြင်ထားတဲ့ ကမ္ဘာ့ပထမဆုံး ကလေးငယ်တွေအဖြစ်နဲ့ မွေးဖွားပေးလိုက်ပြီလို့ လွန်ခဲ့တဲ့ ၅ နှစ်ကကြေညာလိုက်တဲ့အခါ ကမ္ဘာ့သိပ္ပံပညာရှင်တွေအများအပြားဟာ အံ့အားသင့်သွားကြပါတယ်။

ကလေးငယ် ၂ ယောက်ကိုပဋိသန္ဓေတည်စဦးကာလမှာပဲ မျိုးဗီဇတည်းဖြတ်ပေးလိုက်ပြီး HIV ရောဂါပိုးကို ခုခံကာကွယ်နိုင်သူတွေဖြစ်အောင် ပြင်ဆင်ပေးလိုက်တာပါ။ အဲသလို ဗီဇပြင်ဆင်မှုလုပ်လိုက်တဲ့အတွက် သူ့ကို အစိုးရကဒဏ်ငွေရိုက်ခဲ့သလို ၂၀၁၉ ခုနှစ်မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

အဲဒီကလေး ၂ ယောက်ကို ဒေါက်တာဟီကလွဲပြီး တခြားလူတွေက မသိကြပါဘူး။ မကြာခင်ကသိပ္ပံနှီးနှောဖလှယ်ပွဲတခုမှာတော့ သူတို့ဟာ ကျန်းကျန်းမာမာရှိနေကြပါတယ်လို့ ဒေါက်တာဟီက ထုတ်ဖော်ပြောကြားပါတယ်။

ဒေါက်တာဟီထောင်ကလွတ်လာပြီးနောက် မွေးရာပါကြွက်သားဖောက်ပြန်တဲ့ရောဂါ Duchenne Muscular Dystrophy ကိုကာကွယ်ကုသနိုင်ဖို့အတွက် ဗီဇပြင်ဆင်တည်းဖြတ်တဲ့ သုတေသန ဓာတ်ခွဲခန်းတခုဟောင်ကောင်မှာ ဖွင့်လှစ်တည်ထောင်ဖို့ သူပြင်ဆင်ခဲ့ပါသေးတယ်။ ဒါပေမဲ့သူ့မှာ ရာဇဝတ်မှုမှတ်တမ်းရှိနေလို့ ဟောင်ကောင်လူဝင်မှုကြီးကြပ်ရေးက ဗီဇာမပေးဘဲငြင်းပယ်ခဲ့ပါတယ်။

အခုတရုတ်ကထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ဒေါက်တာဟီလို ပုဂ္ဂိုလ်မျိုးတွေအတွက် ဥပဒေအားနည်းချက်အပေါ်အခွင့်ကောင်းမယူနိုင်အောင် ပိတ်ဆို့လိုက်တာလို့ ဆိုနိုင်ပါတယ်။ အရင်က ဥပဒေတားမြစ်ကန့်သတ်ချက်ဟာ ဆေးရုံမှာလူသားကိုအစမ်းသပ်ခံအဖြစ်အသုံးပြုမှု၊ ဆေးဝါးစမ်းသပ်ရာမှာလူသားကိုအသုံးပြုမှုတွေကိုတားမြစ်ထားပေမဲ့ အခုပြင်ဆင်ချက်မှာတော့ ဆေးရုံသာမက ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ပါအကျုံးဝင်သွားသလို လူသားနဲ့ဆိုင်တဲ့စမ်းသပ်မှု၊ လူသားတစ်ရှူးနဲ့ပတ်သက်တဲ့ စမ်းသပ်မှု ၊ လူ့အင်္ဂါအစိတ်အပိုင်းနဲ့သက်ဆိုင်တဲ့စမ်းသပ်မှုတွေအပြင် သန္ဓေကလာပ်စည်းနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေပါ အကျုံးဝင်သွားပါတယ်။

နိုင်ငံတကာလူသားမျိုးဗီဇတည်းဖြတ်ခြင်းဆိုင်ရာသိပ္ပံပညာနှီးနှောဖလှယ်ပွဲကို စီစဉ်သူ ပါမောက္ခရော်ဘင်လပ်ဗဲလ်ဘက်ကတော့ တရုတ်ရဲ့သုတေသနတွေဟာ လျှို့ဝှက်မှုတွေများလွန်းတဲ့အတွက် စိုးရိမ်မိတယ်လို့ဆိုပါတယ်။

“တရုတ်ဟာနည်းပညာပိုင်းမှာ ခေါင်းဆောင်မှုနေရာရချင်နေတာဘာ့ကြောင့်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့တချို့သိပ္ပံပညာနယ်ပယ်တွေဟာ အထူးသတိထားဖို့ လိုအပ်ပါတယ်။ မျိုးဗီဇပြုပြင်မှုဟာလည်း အဲသလိုနယ်ပယ်တခုပါ။ သင့်တင့်လျောက်ပတ်စွာသုတေသနပြုလုပ်ဖို့ လုံလောက်တဲ့ ကြီးကြပ်ကွပ်ကွဲမှုရှိဖို့လိုအပ်ပါတယ်။ တရုတ်နိုင်ငံမှာ အဲသလိုလုပ်ဆောင်နေတာ မတွေ့ရသေးတဲ့အတွက် စိုးရိမ်မိပါတယ်” လို့ သူက ဆိုပါတယ်။

နှီးနှောဖလှယ်ပွဲကို တက်ရောက်လာတဲ့ တရုတ်သိပ္ပံအကယ်ဒမီအဖွဲ့ဝင် ဒေါက်တာရန်ကျင်းပန်ကတော့ တရုတ်အစိုးရဟာ မျိုးဗီဇပြုပြင်မှုနဲ့ပတ်သက်တဲ့ ဥပဒေတွေကို အမြန်ပြဋ္ဌာန်းနေတယ်လို့ဆိုပါတယ်။

“တရုတ်ဟာဥပဒေတွေကို တင်းကျပ်ပြဋ္ဌာန်းနေပါတယ်။ မျိုးဗီဇကို ထာဝရပြုပြင်ပြောင်းလဲမှု၊ မိဘထံကဆင်းသက်တဲ့မျိုးဗီဇကိုပြုပြင်မှုတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။ ကျွန်တော်တို့တရုတ်နိုင်ငံဟာ သတိကြီးကြီးထားချဉ်းကပ်နေပြီး နိုင်ငံတကာ ဥပဒေတွေနဲ့လည်း အညီအညွတ်ပြဋ္ဌာန်းထားပါတယ်” လို့သူကဆိုပါတယ်။

နှီးနှောဖလှယ်ပွဲကိုတက်လာတဲ့ ကနေဒါဇီဝကျင့်ဝတ်ပညာရှင် ဒေါက်တာဖရန်ဆွာဘေးလစ္စကတော့ တရုတ်ဥပဒေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်သိချင်သေးတယ်လို့ ဆိုပါတယ်။

“သုတေသနလုပ်ငန်းဟာကျင့်ဝတ်နဲ့အညီဖြစ်ဖို့ အရေးကြီးပါတယ်။ သူတို့ဟာဘယ်လိုကျင့်ဝတ်စံနှုန်းအပေါ်အခြေခံသလဲ၊ မေးမြန်းစုံစမ်းမှုတွေကိုတံခါးဖွင့်ပေးထားသလားဆိုတာတွေ သိချင်ပါတယ်။ ပုဂ္ဂလိကကဏ္ဍအပေါ်မှာ တိတိကျကျစည်းမျဉ်းဥပဒေမသက်ရောက်တာဟာ တရုတ်တနိုင်ငံတည် းမဟုတ်ပါဘူး။ ကျွန်မတို့မြောက်အမေရိကတိုက်မှာလည်း အတူတူပါပဲ။ ဒါ့ကြောင့် တရုတ်ကိုပဲ စူးစိုက်ပြောဆိုနေတာဟာ နည်းလမ်းမမှန်ဘူး” လို့ ထင်ပါတယ်လို့ သူက ဆိုပါတယ်။

တရုတ်ဟာဒီနယ်ပယ်မှာသူ့စည်းကမ်းနဲ့သူဦးဆောင်သွားဖို့ရည်ရွယ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဇီဝလုံခြုံရေးပညာရှင် ဒေါက်တာပီယာ့စ်မေးလက်ကဆိုပါတယ်။

“ဒေါက်တာဟီဟာ အခုအကျဉ်းထောင်ထဲမှာ အပြစ်ဒဏ်ကျခံပြီးနောက် သူ့ရဲ့ သုတေသနဆေးခန်းမှာ အလုပ်ပြန်လုပ်ခွင့်ရဦးမှာလားဆိုတာကိုလည်း သိပ္ပံပညာရှင်အများက စိတ်ဝင်စားနေကြပါတယ်။”

“ဒေါက်တာဟီကို အကာအကွယ်ပေး၊ ကျောထောက်နောက်ခံပေးနေတဲ့ တသီးပုဂ္ဂလပုဂ္ဂိုလ်ဒါမှမဟုတ် အဖွဲ့အစည်းတခုခုရှိနေသလားဆိုတာကိုလည်း လူအများကသိချင်နေကြပါတယ်လို့သူကဆိုပါတယ်။ သူ့အနေနဲ့တော့ ဒေါက်တာဟီဘာလုပ်နေသလဲဆိုတာထက် တရုတ်အစိုးရဘာလုပ်နေသလဲဆိုတဲ့အပေါ်မှာပိုပြီး စိုးရိမ်ပူပန်မိပါတယ်”လို့ သူက ဆိုပါတယ်။