ရုရှားလေယာဥ်မှူးတွေရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် အမေရိကန် ဒရုန်းယာဥ်ပျက်ကျတာလို့ ပြော

 Reaper အမျိုးအစား ဒရုန်းတွေဟာ တောင်ပံဗျက်အကျယ် ၂၀ ကီလိုမီတာရှိတဲ့ ကင်းထောက် ဒရုန်းလေယာဉ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Reaper အမျိုးအစား ဒရုန်းတွေဟာ တောင်ပံဗျက်အကျယ် ၂၀ ကီလိုမီတာရှိတဲ့ ကင်းထောက် ဒရုန်းလေယာဉ်တွေ ဖြစ်ပါတယ်။

ရုရှားတိုက်လေယာဉ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့အပြီး အမေရိကန် ဒရုန်းလေယာဉ်တစ်စင်း ပင်လယ်နက်ထဲ ပျက်ကျခဲ့ရတာဟာ ရုရှားတိုက်လေယာဉ်မှူးတွေရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ဖြစ်တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲလိုက်ပါတယ်။

ဒီဖြစ်ရပ်မဖြစ်ခင် ရုရှားတိုက်လေယာဉ်တွေက အမေရိကန်ဒရုန်းလေယာဉ် သွားရာလမ်းကြောင်းထဲ လေယာဉ်ဆီတွေ သွန်ချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလမ်းကြောင်းဟာ နိုင်ငံတကာ လေယာဉ်ပိုင်နက်ထဲမှာ ရှိနေတယ်လို့ အမေရိကန်က ပြောပါတယ်။

အတိုက်ခံခဲ့ရတဲ့ MQ-9 Reaper အမျိုးအစား ဒရုန်းလေယာဉ်ဟာ ဆက်ပျံလို့ မရလောက်အောင် ထိခိုက်ပျက်စီးသွားတဲ့အတွက် ဖျက်ချပစ်ခဲ့ရတယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

ရုရှားတို့ဘက်ကတော့ သူတို့ရဲ့ Su-27 အမျိုးအစား တိုက်လေယာဉ် နှစ်စင်းက အမေရိကန်ဒရုန်းလေယာဉ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

အဓိက မေးခွန်းထုတ်စရာက ဒီထိပ်တိုက်တွေ့မှုဟာ အမေရိကန်ဒရုန်းလေယာဉ်ကို ကြားဖြတ်နှောင့်ယှက်ဖို့ ရုရှားတို့က ကြိုးစားခဲ့ရုံသက်သက်လား ဒါမှမဟုတ် ဒရုန်းကို တမင် ဖျက်ချပစ်ဖို့ လုပ်ခဲ့တာလား ဆိုတဲ့ အချက်ပါ။

ဒီဖြစ်ရပ်ဟာ အင်္ဂါနေ့ ဥရောပအလယ်ပိုင်း စံတော်ချိန် မနက် ၇ နာရီ ၃ မိနစ်မှာ ဖြစ်ခဲ့ပြီး ထိပ်တိုက်တွေ့ချိန်ဟာ မိနစ် ၃၀ နဲ့ ၄၀ အကြား ကြာတယ်လို့ အမေရိကန် စစ်ဘက်တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်မဖြစ်ခင် ရုရှားတိုက်လေယာဉ်တွေဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေနိုင်တဲ့ မလျော်မကန် မဆင်မခြင် အပြုအမူမျိုးနဲ့ အဲဒီဒရုန်းလေယာဉ်ပေါ်ကို လေယာဉ်ဆီတွေ အကြိမ်ပေါင်းများစွာ သွန်ချခဲ့ကြတယ်လို့ အမေရိကန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ ဒရုန်းလေယာဉ်ဟာ ပျံသန်းလို့၊ ထိန်းချုပ်လို့ မရအောင် ထိခိုက်ပျက်စီးသွားတဲ့အတွက် ဖျက်ချခဲ့ရပြီး ဒီထိပ်တိုက်တွေ့မှုကြောင့် ရုရှားတိုက်လေယာဉ်လည်း ထိခိုက်ပျက်စီးသွားမယ့်ပုံ ရှိတယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ပက် ရိုင်ဒါ က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားတိုက်လေယာဉ်တွေဟာ ထိပ်တိုက်တွေ့ခဲ့အပြီးမှာတော့ မြေပြင်ကို ဆင်းသက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

no tag
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Reaper အမျိုးအစား ဒရုန်းတွေဟာ တောင်ပံဗျက်အကျယ် ၂၀ ကီလိုမီတာရှိတဲ့ ကင်းထောက် ဒရုန်းလေယာဉ်တွေ ဖြစ်ပါတယ်။

ဖျက်ချလိုက်တဲ့ ဒရုန်းကို ရုရှားတို့ ရှာမတွေ့ခဲ့ဘူးလို့ သူသိထားကြောင်း ဗိုလ်မှူးချုပ် ရိုင်ဒါက ပြောပါတယ်။

အသေးစိတ် အတွင်းကျကျ မဟုတ်ဘဲ ကျွန်တော် ပြောနိုင်တာကတော့ ဒီလို ဒရုန်းမျိုးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်ဖို့ ကျွန်တော်တို့ အရေးယူဆောင်ရွက်ထားပြီး ဖြစ်တယ် ဆိုတာပါလို့ အမေရိကန် နိုင်ငံတော် လုံခြုံရေး ကောင်စီဝင် ဂျွန် ကာဘီက CNN သတင်းဌာနကို ပြောပါတယ်။

အဲဒီဒရုန်းလေယာဉ်ဟာ Transponders စက်ပစ္စည်းတွေ ပိတ်ထားပြီး ပျံသန်းနေတာ ဖြစ်ပြီး ရုတ်တရက် အကွေ့မှာ ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ Transponders စက်ပစ္စည်းဟာ လေယာဉ်သွားရာလမ်းကြောင်းကို ခြေရာခံနိုင်တဲ့ ဆက်သွယ်ရေး စက်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒီထိပ်တိုက်တွေ့မှုဟာ မတော်တဆ ဖြစ်ရပ်ဆိုတာ သေချာလုနီးပါးပဲလို့ လန်ဒန်မြို့ King's College တက္ကသိုလ်က စစ်ရေးဆိုင်ရာဧည့်ပါမောက္ခ မိုက်ကယ် ကလာ့ခ်က ဘီဘီစီကို ပြောပါတယ်။

Royal United Services Institute ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ရဲ့ ညွှန်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ပါမောက္ခ ကလာ့ခ်က “ဘယ်လေယာဉ်မှူးကမှ ကိုယ့်လေယာဉ်နဲ့ ကိုယ့်အသက်ကို အထိခိုက်ခံပြီး နောက်လေယာဉ်တစ်စင်းရဲ့ တောင်ပံကို တမင် ဝင်တိုက်တာမျိုးလုပ်မယ်လို့ ကျွန်တော့်အနေနဲ့ မယူဆပါဘူး” လို့ ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားနဲ့ အမေရိကန်အကြား တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုတွေ တစ်နေ့တခြား တိုးလာမယ့် အန္တရာယ် ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပါ။

ဒီဖြစ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန်မြို့က ရုရှားသံအမတ်ကြီး အနာတိုလီ အန်တိုနော့ဗ်ကို အမေရိကန်က ခေါ်တွေ့ပြီး သတိပေးခဲ့ပါတယ်။

အဲဒီလို ခေါ်တွေ့အပြီးမှာ မစ္စတာ အန်တိုနော့ဗ်က ဒီဒရုန်းဖြစ်ရပ်ဟာ ရန်စမှု တစ်ခုဖြစ်ပြီး အမေရိကန်စစ်တပ်က ရုရှားရဲ့ ပိုင်နက်နယ်စပ်နဲ့ နီးနီးကပ်ကပ်နေရာမျိုးမှာ လက်မခံနိုင်စရာ လှုပ်ရှားမှု လုပ်ခဲ့တဲ့အတွက် စိုးရိမ်စရာ ဖြစ်စေတယ်လို့ ရုရှားအစိုးရက ရှုမြင်ကြောင်း ပြောခဲ့တယ်လို့ ရုရှားအစိုးရ သတင်းမီဒီယာမှာ ကိုးကားဖော်ပြထားပါတယ်။

ခရိုင်းမီးယားကို ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ကတည်းကစလို့ ပင်လယ်နက်ဒေသမှာ တင်းမာမှုတွေ တိုးပွားလာခဲ့ပါတယ်။

ယူကရိန်းကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးချိန်က စလို့ အမေရိကန်နဲ့ ယူကေက ကင်းထောက် စောင့်ကြည့်ရေး လေယာဉ်တွေ ပိုတိုးချထားခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လေကြောင်းပိုင်နက်တွင်းမှာပဲ အမြဲ ပျံသန်းခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ အဆိုအရ အဲဒီဒေသမှာ ရုရှားလေယာဉ်မှူးတွေရဲ့ အန္တရာယ်ဖြစ်စေတဲ့ အကြိမ်ကြိမ် လုပ်ရပ်တွေကြောင့် မဟာမိတ် လေယာဉ်တွေနဲ့ ထိတိုက်တွေ့တာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အခုဒီဖြစ်ရပ်ဟာ ဒရုန်းအနားကို အတင်းကပ်မောင်းခဲ့တဲ့ ရုရှားလေယာဉ်မှူးတစ်ဦးရဲ့ အမှားကြောင့် ဖြစ်ခဲ့ရတာဆိုပြီး ယူဆရနိုင်လောက်ပါတယ်။ ဒါပေမဲ့ တစ်ကယ်လို့များ အမေရိကန် လေယာဉ်တစင်းကို ရုရှားစစ်လေယာဉ်တစ်စင်းက တမင်တိုက်ခိုက်ခဲ့တာ ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ရန်စမှုကြီးတစ်ခု ဖြစ်လာနိုင်ပြီး အခြေအနေ အကြီးအကျယ် တင်းမာသွားနိုင်တယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။

ဒါဆိုရင်တော့ ဒီတိုက်ခိုက်မှုဟာ အမေရိကန်အစိုးက ဘယ်လို တုံ့ပြန်မလဲဆိုတာကို သွေးတိုးစမ်းဖို့ ရုရှားအစိုးရရဲ့ ကြိုးစားမှုတစ်ခုလို့ ယူဆနိုင်ပါတယ်။

အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေက ယူကရိန်းစစ်ပွဲကနေ ရုရှားနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့မှုကြီးတစ်ခုအထိ ဖြစ်မလာအောင် တားဆီးဖို့ အကြီးအကျယ် ကြိုးစားနေကြပါတယ်။ အခု ပင်လယ်နက်ဒေသက ဒီဖြစ်ရပ် ဖြစ်လာခဲ့ပါပြီ။ ဒါကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို အမေရိကန်တို့ဘက်က အခုအခါ သုံးသပ်ရတော့မှာပါ။

အမေရိကန် စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ ကြေညာချက်မှာ သတိပေးခဲ့သလို ဒီဖြစ်ရပ်ဟာ “အတွက်အချက်မှားပြီး မရည်ရွယ်ဘဲ ဆိုးဝါးတဲ့ အခြေအနေ ဖြစ်သွားနိုင်တဲ့ အန္တရာယ်များတဲ့ လုပ်ရပ်” လို့ ဆိုရမှာပါ။