အမေရိကန်သမ္မတ အပြောင်းအလဲ မြန်မာပြည် နိုင်ငံရေးကို ဘယ်လို သက်ရောက်မှု ရှိလာမလဲ

၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေး‌ကောက်ပွဲမှာ သမ္မတလောင်းနေရာအတွက် ရီပတ်ဘလီကန်ပါတီဝင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်ပါတီဝင် လက်ရှိ ဒုတိယ သမ္မတ ကာမလာဟဲရစ်တို့ ဝင်ရောက်ယှဥ်ပြိုင်ကြတာပါ။ ဒီနေ့ ရရှိလာတဲ့ မဲရလဒ်တွေအရ အမေရိကန်ရဲ့ ၄၇ ဆက်မြောက် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က နယ်စပ်လုံခြုံရေးနဲ့ အမေရိကန်စီးပွားရေးအားကောင်းဖို့ကို ဦးစားပေးမဲဆွယ်သူ ဖြစ်ပါတယ်။

သူနဲ့ ယှဥ်ပြိုင်ရွေးကောက်ခံတဲ့ ဒုတိယ သမ္မတ ကာမလာဟဲရစ်ကတော့ မဲဆွယ်ပွဲမှာ သူရဲ့အဓိက ကတိစကားက လူ လတ်တန်းစားတွေရဲ့ အခွင့်အရေး လွပ်လပ်ခြင်း ပေးမယ်ဆိုတာပါ။ မြန်မာလူထုတချို့ကတော့ ဒေါ်နယ်ထရမ့်ထက် စာရင် မြန်မာ့အရေးကို ပိုစိတ်ဝင်စားတဲ့ ဒီမိုကရက်တစ်ပါတီက ကာမလာဟဲရစ်ကို နိုင်စေချင်ကြတာပါ။

ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်က Burma Act ဥပ‌ဒေကို အတည်ပြု ပေးခဲ့ပြီး လက်ရှိ မြန်မာအရေးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေ ထောက်ပံ့ဖို့ဆိုတဲ့ အချက်တွေလည်း ထည့်သွင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ အခုလို ရီပတ်ဘလီကန်ပါတီဝင်ဖြစ်သလို သမ္မတဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့် ၄၇ ဆက်မြောက် သမ္မတဖြစ်လာတဲ့အခါ မြန်မာနိုင်ငံအရေးအပေါ် အမေရိကန်ထားရှိတဲ့ အဲဒီမူဝါဒ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

မြန်မာအခြေစိုက် အမေရိကန်သံရုံးရဲ့ အကြီးအကဲဖြစ်သူ ဆူဇန်အန်စတီဗီဆင်ကတော့ ဘယ်သူပဲနိုင်နိုင် အမေရိကန်ရဲ့ ရှိရင်းစွဲ မူဝါဒကတော့ ပြောင်းသွားမယ် မထင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

‘’အစိုးရနှစ်ဆက်လုံးဟာ လူအခွင့်အရေး နဲ့ အရပ်သားတွေအကာအကွယ်ရရှိရေးတွေ အပါအဝင် မြန်မာပြည်သူတွေဘက် အခိုင်အမာရပ်တည်ပြီး တုံ့ပြန်ခဲ့တယ်ဆိုတာကို ကျွန်မတို့အားလုံးတွေ့မြင်ခဲ့ရပါတယ်။ ဒါတွေဟာ အမေရိကန်ရဲ့ မြန်မာ အပေါ် အမြဲတစေထားရှိနေမယ့် စံနှုန်းတွေပဲဖြစ်ပါတယ်။ ဘယ်သူ သမ္မတပဲဖြစ်ဖြစ် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်အစိုးရရဲ့အာရုံစူးစိုက်မှု၊ အမေရိကန်ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။’’

အမေရိကန် သမ္မတ ထရမ့်လက်ထက်မှာရော သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာပါ မြန်မာနိုင်ငံရဲ့ မတည်မငြိမ်တဲ့ ကာလတွေကို ကြုံခဲ့ရပြီး သမ္မတထရမ့် လက်ထက်မှာဆိုရင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာဆိုရင် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဒေါ်နယ်ထရမ့်က အရင်တုန်းက သမ္မတတွေနဲ့ ယှဥ်ရင် အမေရိပြည်တွင်းရေးကိုသာ စိတ်ဝင်စားပြီး ပြည်ပသံတမန်ရေးကိစ္စတွေ အထောက်အပံ့ကိစ္စတွေကို သိပ်စိတ်မဝင်စားတဲ့ သဘောရှိတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။ ဒါပေမယ့် အမေရိကန်က တရုတ် အပေါ်မှာထားတဲ့ သဘောထားကြောင့် မြန်မာအရေးကိုတော့ တစိတ်တပိုင်းအားဖြင့် စိတ်ဝင်စားနိုင်ကြောင်း သူက သုံးသပ်ပါတယ်။

‘’ထရမ့်က အမေရိကန်မှာ ပြည်တွင်းရေးကို ဦးစားပေးတဲ့ သဘောရှိတယ်။ နောက်တချက်က ပြည်ပသံတမန်ရေးကိစ္စတွေ အထောက်အပံ့ကိစ္စတွေကို သိပ်စိတ်မဝင်စားတဲ့ သဘောရှိတယ်။ ရီပတ်ဘလန်ကန်ပါတီကို ပြန်ကြည့်ရင်အထူးသဖြင့် သမ္မတဘုရှ်လက်ထက်ပေါ့နော်။ သူအမျိုးသမီးပေါ့နော်၊ သူတို့တွေက မြန်မာအရေးကို တကယ် ရှေ့ဆောင် စိတ်ဝင်စားခဲ့ တာမျိုးတွေရှိတယ်။ ထရမ့်ကတော့ အဲ့လိုလူမျိုးမဟုတ်ဘူး။ အဲ့ဒီတော့ မြန်မာအရေးနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှုတွေ ကျသွားနိုင်တယ်။”

အမေရိကန်ရဲ့ ၄၅ ဆက်မြောက်သမ္မတအဖြစ် ထမ်းဆောင်ခဲ့တဲ့ကာလမှာ ဒေါ်နယ်ထရမ့်က မြန်မာ့အရေးကို စိတ်ဝင်စားသူ မဟုတ်ကြောင်း အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာတွေက သုံးသပ်ပါတယ်။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ သက် တမ်းကုန်ခါနီးမှာ နိုင်ငံခုနစ်နိုင်ငံကို ဗီဇာပိတ်တဲ့အထဲ မြန်မာနိုင်ငံပါဝင်ခဲ့တဲ့အတွက် အဲ့ဒီလိုကိစ္စရပ်တွေအပေါ်မှာ စိုးရိမ်မှုရှိကြောင်း အမေရိကန်နိုင်ငံ နယူးယောက်စီးတီးမှာနေထိုင်တဲ့ ကိုလတ်က ပြောပါတယ်။

“အဲ့ဒီတုန်းကဆိုရင် မြန်မာနိုင်ငံက DV ပေါက်ထားသူတွေ ကျောင်းသားဗီဇာလျှောက်ထားသူတွေ တော်တော်ကို ဒုက္ခ ရောက်သွားကြတယ်။ တချို့ဆို DV ပေါက်ပြီး မလာရဘူး။ သူတက်နေတဲ့ အချိန်အတွင်းမှာ အဲ့ဒီပြဿနာတွေရှိနိုင်တယ်။ ရီပတ်ဘလီကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဒီမိုကရက်တစ်ရဲ့ နိုင်ငံခြားရေးမူဝါဒ မတူတော့ မြန်မာပြည်အတွက်က ကောင်း တယ်လို့တော့ ပြောလို့မရဘူး။ ပိုပြီးဆိုးဝါးသွားနိုင်တယ်လို့ ထင်တယ်။”

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာတော့ မြန်မာပြည်သူပြည်သားတွေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG၊ NUCC၊ CRPH၊ CDM တွေ အပါအဝင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတို့အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကိုပါ ထောက်ပံ့ဖို့တွေကို Burma Act ဥပဒေအရ လုပ်ဆောင် ပေးခဲ့တာတွေ ရှိပါတယ်။

လက်ရှိက ရွေးကောက်ပွဲကာလဖြစ်နေတာကြောင့် ‌ဒီလို‌ထောက်ပံ့မှုအကူအညီတွေ လောလောဆယ်မှာ အပြောင်းအလဲ မရှိနိုင်သေးဘူးလို့ ယူဆထားပြီး ဆက်လက်စောင့်ကြည့်ရမယ်လို့ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ဒေါ်နယ်ထရမ့်ရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ သဘောထားပေါ်မှာမူတည်တယ်လို့ မြင်တယ်။ လက်ရှိ မူဝါဒအရတော့ မြန်မာနိုင်ငံအရေးအခင်းတွေအပေါ်မှာ အမေရိကန်အစိုးရကတော့ အများကြီးစိတ်ဝင်စားမှုရှိတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံတည်ငြိမ်အေးချမ်းဖို့အတွက်လည်း သူအတတ်နိုင်ဆုံး ကူညီသွားမယ်ဆိုတဲ့ဟာလည်း ပြောခဲ့ဆိုခဲ့တာ ရှိတယ်။ ဒါပေမယ့်လည်း သမ္မတအပြောင်းအလဲမှာတော့ ပြောလို့တော့မရဘူးပေါ့နော်။ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ရဦးမယ်။”