ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန်ရွေးကောက်ပွဲ - ‌‌ ထရမ့် အနိုင်ရပြီး တကျော့ပြန်သမ္မတဖြစ်လာမယ်

နိုဝင်ဘာ ၆ ရက် အမေရိကန်စံတော်ချိန် မနက်ပိုင်းမှာပဲ သမ္မတဟောင်းထရမ့် ပြန်အနိုင်ရသွားပြီး အမေရိကန်ရဲ့ ၄၇ ဆက်မြောက်သမ္မတဖြစ်လာပါပြီ။

အနှစ်ချုပ်

  • ထရမ့်က သူအနိုင်ရပြီလို့ ကြေညာပြီးတဲ့နောက်မှာ ယူကေအပါအဝင် နိုင်ငံခေါင်းဆောင်တချို့က ဂုဏ်ပြုကြောင်းပြောကြား
  • မက်စ်ဟာ ရီပတ်ဘလီကန်ပါတီရဲ့ ''တက်သစ်စ ကြယ်ပွင့်ပဲ'' - ဒေါ်နယ်ထရမ့်
  • လုပ်ကြံရန်ကြိုးပမ်းခံရမှုကနေ လွတ်ခဲ့တာ အကြောင်းမဲ့မဟုတ်ဘူးလို့ ထရမ့်ပြော
  • “ကျွန်တော်တို့ နိုင်ငံကို အနာကျက်အောင် ကုသပေးမှာပါ” - ဒေါ်နယ် ထရမ့်
  • အထက်လွှတ်တော်ကို ရီပတ်လီကန်တွေ ထိန်းချုပ်တော့မှာလား
  • အကြိတ်အနယ်ပြိုင်ရမယ့်နေရာပြည်နယ်ဆုကို ထရမ့်ယူပြီလား
  • ထရမ့်ရဲ့ “မိန့်ခွန်း” ကို ရီပတ်ဘီလီကန်ထောက်ခံသူတွေစောင့်ဆိုင်းနေကြ
  • “ထရမ့်ခေတ်ကို ထပ်ပြီး ဖြတ်သန်းနိုင်ပါ့မလား မသိဘူး” - ဒီမိုကရက်တစ်ထောက်ခံသူတစ်ဦးစောင့်ကြည့်ရမယ့် ပြည်နယ် ၇ ခုလုံးမှာ ကနဦးရလဒ် ထရမ့် ဦးဆောင်နေ
  • ဂျော်ဂျီယာမှာ ထရမ့် အနိုင်ရဖို့ နီးပြီ၊ ၃ ရာခိုင်နှုန်းအသာနဲ့ ထရမ့်က ဟဲရစ်ကို ဦးဆောင်နေ
  • မဲယိမ်းပြည်နယ် ၆ ခုထဲက ၃ ခုမှာ ထရမ့်အသာစီးဆက်ရနေ
  • ကိုလံဘီယာခရိုင်အပါအဝင် ပြည်နယ် ၄၀ ကျော်က မဲရုံတွေပိတ်လိုက်ပါပြီ။
  • ကနဦးမဲရလဒ်တွေနဲ့ ကောက်ချက်ချမစောသင့်၊ အိမ်ဖြူတော်ကိုရောက်နိုင်ဖိုအတွက် အဆုံးဖြတ်ပေးနိုင်မယ့် ပြည်နယ် (၇) ခုထဲက အနည်းဆုံး (၃) ခု မှာ အနိုင်ရဖို့လို
  • အဆုံးအဖြတ်ပေးနိုင်တဲ့ပြည်နယ် ၇ ခုထဲက ပြည်နယ် ၃ ခုမှာ မဲရုံတွေပိတ်လိုက်ပြီ၊ အမျိုးသမီးမဲဆန္ဒရှင် ၅၄ ရာခိုင်နှုန်းက ဟဲရစ်ကိုထောက်ခံပြီး ထရမ့်ကို ၄၄ ရာခိုင်နှုန်းထောက်ခံ
  • အကြွေစေ့ ခေါင်းနဲ့ပန်းလိုပဲ ကျောချင်းကပ်နေပေမယ့် အမြင်တွေမတူကွဲပြားပြီး အကြိတ်အနယ်အားပြိုင်နေတဲ့ ပါတီကိုယ်စားလှယ်တွေ
  • ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ မဲလိမ်မှုရှိတယ်လို့ ထရမ့်ပထမဆုံးစွပ်စွဲ
  • ပန်ဆယ်ဗေးနီးယားပြည်နယ်က မဲရုံထဲ လုံခြုံရေးတင်းကြပ်ထားသလို ပါတီနဲ့ဆက်စပ်တဲ့ မဲရေတွက်စောင့်ကြည့်လေ့လာသူတွေကိုလည်း စည်းကမ်းတင်းကြပ်ထား
  • ဒေါ်နယ် ထရမ့်နဲ့ ကာမလာ ဟဲရစ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ ရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံတဝန်းမှာ ပြည်သူသန်းပေါင်းများစွာ မဲပေးနေကြပြီး မဲပေးတဲ့ နောက်ဆုံးနာရီတွေကို ရောက်လာပါပြီ။ ပြည်နယ်တချို့မှာ မဲရုံတွေ စပိတ်နေပါပြီ။
  • မဲပေးခဲ့သူတွေဆီက အစောဆုံး မဲရုံထွက်စစ်တမ်းရလဒ်တွေအရ ဒီမိုကရေစီရေးနဲ့ စီးပွားရေးကို အရေးကြီးဆုံး ကိစ္စရပ်တွေအဖြစ် သတ်မှတ်ပြီး သမ္မတလောင်း ရွေးချယ်မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။
  • ထရမ့်က ဖလော်ရီဒါမှာ မဲလာထည့်ခဲ့ပြီး ဟဲရစ်က ပြီးခဲ့တဲ့ သီတင်းပတ်က စာတိုက်ကနေ ကြိုတင်မဲထည့်ခဲ့ပါတယ်။
  • ဟဲရစ်က အမျိုးသမီးတွေ သန္ဓေသားလောင်း ဖျက်ချခွင့်ကို ထောက်ခံပြောဆိုခဲ့ပြီး လုပ်ငန်းခွင်ဝင် မိသားစုတွေအတွက် အစားအသောက်နဲ့ နေထိုင်မှုစရိတ်တွေ လျော့ကျအောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
  • ထရမ့်က နယ်စပ်တွေ လုံခြုံအောင် တားဆီးဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပြီး ဒေါ်လာ ထရီလျံပေါင်းများစွာ အခွန်လျှော့ချပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
  • အမေရိကန်ပြည်သူတွေက သမ္မတကိုပဲ ရွေးကောက် တင်မြှောက်မှာ မဟုတ်ပါဘူး။ အမေရိကန် ကွန်ဂရက်လွှတ်တော်က အမတ်တွေကိုလည်း ရွေးချယ် မဲပေးကြမှာဖြစ်ပြီး ပြည်နယ်တချို့မှာဆိုရင် သန္ဓေသားလောင်း ဖျက်ချခွင့် ရှိမရှိ ဆိုတာကိုပါ မဲပေးကြမှာ ဖြစ်ပါတယ်။
  • ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက လူ ၈၂ သန်းကျော် ကြိုတင်မဲ ပေးခဲ့ကြပြီး ဖြစ်ပါတယ်။ လူထုစစ်တမ်း ရလဒ်တွေအရ သမ္မတလောင်း နှစ်ဦးအပေါ် ထောက်ခံမဲတွေက မတိမ်းမယိမ်း အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီမြန်မာပိုင်းရဲ့ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲသတင်းများတင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

  2. အောင်ပွဲ မိန့်ခွန်းမှာ ထရမ့် ဘာတွေ ထည့်ပြောသွားခဲ့လဲ

    မဲဆန္ဒရှင်တွေကို ထရမ့် ကျေးဇူးတင်ကြောင်းပြော : ‘‘၄၇ ယောက်မြောက်နဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အတွက် အတိုင်းအဆမရှိ ဂုဏ်ယူရသလို အမေရိကန်ပြည်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်’’

    လူထုမဲမှာလည်း နိုင်ပြီလို့ ထရမ့်ပြော : ဆန္ဒမဲတွေကို ရေနေတုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ဟာ အခုတစ်ကြိမ်ရွေးကောက်ပွဲမှာ မဲအများစုကို ရရှိထားတဲ့ အခြေအနေပါ။ ‘‘အမေရိကန်ဟာ ကျွန်တော် တို့ကို မမျှော်လင့် ထားတဲ့ အင်အားပြည့်တဲ့သတင်းစကားကို ပါးလိုက်တာဖြစ်ပါတယ်’’

    ဂျေဒီ ဗန့်စ် ဟာ ‘လူမှန် နေရာမှန် ရွေးထားတဲ့သူ’’ : ထရမ့်ဟာ ဒုတိယသမ္မတလောင်းအနေနဲ့ သူနဲ့အတူ ပြိုင်တဲ့ ဂျေဒီ ဗန့်စ်ကို ချီးကျူး စကားပြောသွားပါတယ်။ သူက ဗန့်စ်ကို လည်း မိန့်ခွန်းပြောစေခဲ့ပြီး ထရမ့် အနိုင်ရမှုဟာ ‘’အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး နိုင်ငံ‌ရေး လောကထဲ ပြန်လာမှု’’ လို့လည်း သူ့မိန့်ခွန်းထဲ ထည့် ပြောပါတယ်။

    မက်စ် က ‘ကြယ်တစ်ပွင့်ပါ’’ : ထရမ့်ရဲ့ မိန့်ခွန်းမှာတော့ နည်းပညာ သန်းကြွယ် သူဌေး အီလွန် မက်စ် အကြောင်းလည်း တခုတ်တရ ထည့်ပြောပါတယ်။ ‘’ဒီလူ သိပ်တော်တယ်’’

    အာ အက်ဖ် ကေ ဂျူနီယာ ဟာ ‘အမေရိကန်ကို တဖန် ကျန်းမာအောင် လုပ်ပေးလိမ့်မယ်’’ လို့ ပြော: ဒီလိုပြောတာကို ကြည့်ရင် ထရမ့်ဟာ တသီးပုဂ္ဂလ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့သူ ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာကို ရည်ညွှန်းပြောပုံရပါတယ်။ အာ အက်ဖ် ကေ ဂျူနီယာ ဟာ ကာကွယ်ဆေးတွေမှာဆိုးကျိုးရှိတယ်လို့ပြောနေကြတဲ့ အချက်အလက်မဲ့ ပြောဆိုချက်တွေကို ထောက်ခံတဲ့သမိုင်းကြောင်းရှိသူဖြစ်ပါတယ်။ သူ့ကို အစိုးရလက်ထက်မှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆက်နွှယ်တဲ့ရာထူးတစ်ခုကို ပေးမယ်လို့လည်း ဆိုပါတယ်။ ကနေဒီဟာ ထရမ့်ကို ထောက်ခံဖို့ သမ္မတလောင်းရွေးကောက်ပွဲကနေ သြဂုတ်လတုန်းက နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

  3. ထရမ့်က သူအနိုင်ရပြီလို့ ကြေညာပြီးတဲ့နောက်မှာ ယူကေအပါအဝင် နိုင်ငံခေါင်းဆောင်တချို့က ဂုဏ်ပြုကြောင်းပြောကြား

    အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ယူကေရဲ့ ဝန်ကြီးချုပ် ကီယာစတာမာကတော့ “သမိုင်းဝင်တဲ့ ရွေးကောက်ပွဲ‌အောင်ပွဲ” လို့ တင်စားပြီး ထရမ့်ကိုချီးကျူးလိုက်ပါတယ်။

    “လာမယ့်နှစ်တွေမှာ အတူတူလက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်” လို့ လည်း သူကထပ်ပြောခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကလည်း ထရမ့်ကို “ဒါက တကယ်ကို ခမ်းနားကြီးကျယ်တဲ့ အောင်ပွဲတစ်ခုပဲ” လို့ ချီးကျူးစကားထပ်ဆိုထားပါတယ်။

    “သမိုင်းမှတ်ကျောက်တင်တင်ရလောက်တဲ့ အောင်မြင်မှုနဲ့အတူ ပြန်ရောက်လာတာ ဝမ်းသာပါတယ်။ အိမ်ဖြူတော်ကို ပြန်‌ရောက်လာတာဟာ အမေရိကအတွက် ခြေလှမ်းအသစ်ဖြစ်ပြီး အစ္စရေးနဲ့ အမေရိကကြားက ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေးကိုလည်း ထိန်းထားဖို့ ရှေးရှုတယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။

    အလားတူ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကလည်း “အမေရိကန်ရဲ့ နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှုတစ်ပတ်ပြန်လည်လာတာပါ။ သမ္မတ ထရမ့်ရဲ့ ခမ်းနားတဲ့အောင်မြင်မှုအတွက်လည်း ဂုဏ်ပြုပါတယ်။ တစ်ကမ္ဘာလုံးက လိုအပ်နေတဲ့အောင်မြင်မှုပါပဲ” လို့ ဆိုထားပါတယ်။

  4. မက်စ်ဟာ ရီပတ်ဘလီကန်ပါတီရဲ့ ''တက်သစ်စ ကြယ်ပွင့်ပဲ'' - ဒေါ်နယ်ထရမ့်

    ထရမ့်ဟာ မဲဆွယ်စည်းရုံးရေးကာလတွေမှာ သူ့ကိုတခဲနက်ထောက်ခံခဲ့ပြီး ကူညီမဲဆွယ်ပေးခဲ့တဲ့ ကမ္ဘာ‌ပေါ်မှာ အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့ X (အရင်က တွစ်တာ) လူမှုကွန်ရက်ပိုင်ရှင် အီလွန် မက်စ်အကြောင်းလည်း သူ့ မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။

    မက်စ်ဟာ ရီပတ်ဘလီကန်ပါတီရဲ့ ‘‘တက်သစ်စ ကြယ်ပွင့်ပဲ” လို့ တင်စားခဲ့တာပါ။

    အဲဒီမိန့်ခွန်းမှာပဲ ထရမ့်က သူ့ဇနီး မယ်လန်နီယာကို သမ္မတကတော်လို့ခေါ်ဆိုသုံးနှုန်းပြီး ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

    ထရမ့်ဟာ မယ်လန်နီယာရဲ့ စာအုပ်ကို “တိုင်းပြည်မှာ နံပါတ်တစ်ရောင်းအားအကောင်းဆုံး” လို့ပြောပြီး ချီးကျူးပါသေးတယ်။

    “သူက အလုပ်ကောင်းကောင်းလုပ်ခဲ့ပါတယ်” “လူတွေကို ကူညီဖို့လည်း အရမ်းကြိုးစားတယ်” လို့ ထည့်ပြောသွားပါတယ်။

  5. လုပ်ကြံရန်ကြိုးပမ်းခံရမှုကနေ လွတ်ခဲ့တာ အကြောင်းမဲ့မဟုတ်ဘူးလို့ ထရမ့်ပြော

    အမေရိကန်သမ္မတလောင်း ဒေါ် နယ်ထရမ့်က ဇူလိုင်လတုန်းက သူ့ကို သေနတ်နဲ့ လုပ်ကြံဖို့ ကြိုးပမ်းမှုကနေ လွတ်ခဲ့တာဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ ရွေးကောက်ပွဲ အောင်နိုင်မိန့်ခွန်းမှာ ပြောသွားပါတယ်။

    မဲဆွယ် လူထုတွေ့ဆုံပွဲမှာ ပစ်ခတ်ခံရမှုအတွင်း နားရွက်ကို ကျည် ရှပ်ထိသွားတာကို သူက ရည်ညွှန်း‌ ပြောတာဖြစ်ပါတယ်။

    ဒါကိုလည်း ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံးသူ သွယ်ဝိုက်ပြောဆိုတာမျိုးရှိခဲ့တာပါ။

    အိမ်ဖြူတော်ခရီးအတွက် သူ့မှာ ရှိတဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားမယ်လို့ပြောပြီး ‘’သမ္မတ တစ်ယောက်ဖြစ်ရတာ ကမ္ဘာမှာ အရေးအကြီးဆုံးအလုပ်’’ လို့လည်း သူက ပြောပါတယ်။

    ‘’ပေးတဲ့ကတိအတိုင်း တည်အောင်လုပ်မယ့် အစိုးရ’’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်မယ်လို့ သူက ထပ်လောင်းပြောပါတယ်။

    သူ စင်ပေါ်က ဆင်းတဲ့အချိန်မှာလည်း YMCA သီချင်းကို ဖွင့်ထားတာ တွေ့ရပါတယ်။

    ထရမ့်ဟာ ရွေးကောက်ပွဲမှာ သူ နိုင်ပြီလို့ ကြေညာပေမဲ့ သမ္မတကိုယ်စားလှယ်မဲ ၂၇၀ အပြည့်မရသေးဘဲ ၄ မဲလိုနေပါသေးတယ်။ ကာမလာ ဟဲရစ်ကတော့ ၂၁၈ မဲ ရထားပါတယ်။

  6. “ကျွန်တော်တို့ နိုင်ငံကို အနာကျက်အောင် ကုသပေးမှာပါ” - ဒေါ်နယ် ထရမ့်

    အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ ဝက်စ် ပန်း ဘိချ်မှာ လုပ်တဲ့ရွေးကောက်ပွဲ မဲရလဒ်စုဝေးစောင့်ကြည့်တဲ့ပါတီမှာ လူထုရှေ့ကို ဒေါ်နယ် ထရမ့် ထွက်လာပြီး “အောင်ပွဲမိန့်ခွန်း” ‌ပြောနေပြီ ဖြစ်ပါတယ်။

    ထရမ့်ကတော့ “ ကျွန်တော်တို့နိုင်ငံကို အနာကျက်အောင် ကုစားမယ်”လို့ ဆိုပါတယ်။

    နယ်စပ်ရေးရာကိစ္စတွေကို တည့်မတ်ဖို့ ကတိပြုပြီး သူနဲ့ သူ့ပါတီဟာ တစ်ချိန်ကလည်း ဒါကို ဖြေရှင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ရီပတ်ဘလီကန် သမ္မတလောင်းက အောင်ပွဲခံမိန့်ခွန်းအဖြစ် ပြောနေတယ်ဆိုတာ ထင်ရှားပါတယ်။

    ဒါ့အပြင် ဒီအချိန်ဟာ အမေရိကန်ရဲ့ “ရွှေခေတ်”ပဲလို့ ဆက်ပြောပါတယ်။

    “ဒါဟာ အမေရိကန် ပြည်သူတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲပါ၊ ကျွန်တော်တို့အနေနဲ့ အမေရိကကို တစ်ဖန်ပြန်ပြီး ခမ်းနားအောင် လုပ်ခွင့်ပေးလိုက်တာ” ဆိုပြီး မဲဆွယ်စည်းရုံးတုန်းက ဆောင်ပုဒ်နဲ့ လက်သုံးစကားတွေကို ထပ်လောင်းပြောခဲ့ပါတယ်။

  7. အထက်လွှတ်တော်ကို ရီပတ်ဘလီကန်တွေ ထိန်းချုပ်တော့မှာလား

    အမေရိကန် ပြည်ထောင်စုမှာ‌တော့ သမ္မတရွေးကောက်ပွဲနဲ့ အတူ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေလည်း တစ်နေ့တည်း ပြုလုပ်နေပါတယ်။

    ကနဦး မဲရလဒ်တွေအရ ရီပတ်ဘလီကန်ပါတီဟာ အထက်လွှတ်တော်ကို ဦဆောင်နိုင်ခြေရှိတယ်လို့ ဘီဘီစီသတင်းဌာနရဲ့ မိတ်ဖက် CBS တီဗီရုပ်သံလိုင်းကနေ ခန့်မှန်းပါတယ်။

    မဲတွေ ဆက်ပြီးရေတွက်နေဆဲဖြစ်ပေမယ့် ဒီမိုကရက်တွေဘက်က ရှုံးမယ်ဆိုတာ သေချာသလောက်ရှိတဲ့ကိန်းစိုက်နေလို့ ဆိုပါတယ်။

    ဒီမိုကရက်တွေက အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ သဘာဝ ပျက်စီးဆုံးရှုံးမှုတွေကို ပြုပြင်တည်ဆောက်ဖို့ အထက်လွှတ်တော်မှာ အမတ်နေရာရဖို့ မျှော်လင့်ခဲ့ကြပေမဲ့ ပါတီအတွက် နိုင်ဖို့ အားခဲထားတဲ့ တက္ကဆက်ပြည်နယ်မှာလည်း ဒီမိုကရက်တွေ နေရာမရခဲ့ပါဘူး။

  8. အကြိတ်အနယ်ပြိုင်ရမယ့်နေရာပြည်နယ်ဆုကို ထရမ့်ယူပြီလား

    သမ္မတလောင်း ၂ ဦးအတွက်တော့ ပန်ဆယ်ဗေးနီးယားဟာ အကြိတ်အနယ် ယှဥ်ပြိုင်ရမယ့် ပြည်နယ်တွေထဲမှာအောင်ပွဲဆု အများဆုံးယူရမယ့် ပြည်နယ်ဖြစ်ပါတယ်။

    အမြင်သဘောထားစစ်တမ်း‌ ‌တွေမှာတော့ အကြိတ်အနယ်ဖြစ်တဲ့ပြည်နယ်လည်းဖြစ်ပါတယ်။

    အခုတော့ ‌ကနဦးခန့် မှန်းရလဒ်တွေအရဆိုရင် ‌ဒေါ် နယ် ထရမ့်ဟာ အိမ်ဖြူတော်နဲ့ မလှမ်း‌တော့တဲ့ အခြေအနေကို ‌ရောက်တော့မှာ ဖြစ်ပါတယ်။

  9. ထရမ့်ရဲ့ “မိန့်ခွန်း” ကို ရီပတ်ဘီလီကန်ထောက်ခံသူတွေစောင့်ဆိုင်းနေကြပြီ

    ဒေါ်နယ်ထရမ့်ဟာ ဖလော်ရီဒါမြို့က သူ့ရဲ့ ပါတီဌာနချုပ်မှာ မကြာခင်မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ထားကြပါတယ်။

    လူအုပ်ကြီးနဲ့ ပြည့်ကျပ်နေတဲ့ ခန်းမကျယ်ကြီးအတွင်းထဲမှာ ထရမ့်ကို အောင်ပွဲခံကြိုဆိုဖို့ ပြင်ဆင်ထားကြပါတယ်။ အမေရိကန်အလံတွေဝန်းရံထားတဲ့ ဒီခန်းမထဲမှာ ထရမ့်နဲ့ ရီပတ်ဘလီကန်ကိုထောက်ခံသူတွေ အင်နဲ့အားနဲ့စုရုံးနေကြပါတယ်။

    အလားတူ အမေရိကန်သမ္မတနေရာကို အနိုင်ရမယ်လို့ Fox News သတင်းဌာနကနေ ခန့်မှန်းချက်ထုတ်ပြန်ပြီးတဲ့နောက်မှာပဲ ထရမ့်ရဲ့ ထောက်ခံသူတွေဟာ ဖလော်ရီဒါပြည်နယ်က ပါတီရုံးချုပ်နေရာမှာလူစုလူဝေးတွေဖြစ်လာခဲ့ပါတယ်။

    CBS သတင်းဌာနအပါအဝင် ဘီဘီစီသတင်းဌာနရဲ့ တခြား မိတ်ဖက်အမေရိကန်သတင်းဌာနတွေမှာတော့ ဒီလိုခန့်မန်းချက်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

  10. “ထရမ့်ခေတ်ကို ထပ်ပြီး ဖြတ်သန်းနိုင်ပါ့မလား မသိဘူး” ဒီမိုကရက်တစ်ထောက်ခံသူတစ်ဦး

    မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Raleigh မြို့က ဒီမိုကရက်တစ်ပါတီရဲ့ ထောက်ခံသူတွေကတော့ သူတို့ပါတီရဲ့ မဲရလဒ်စောင်ကြည့်မှုတွေကို ပိတ်သိမ်းလိုက်ပါပြီ။

    အစောပိုင်းတုန်းက တေးသီချင်းတွေဖွင့်ပြီး ကြွေးကြော်ဆင်နွှဲနေကြပေမယ့် မဲရလဒ်မှာ ထရမ့်မဲအသာစီးဆက်ရချိန်မှာ‌တော့ အားပေးဟစ်ကြွေးတာတွေကိုရပ်ခဲ့ပြီး ပစ္စည်းတွေလည်း သိမ်းဆည်းနေပါပြီ။

    ဒီမိုကရက်တစ်ပါတီကို ထောက်ခံတဲ့သူတချို့ကလည်း “ထရမ့်ခေတ်ကို ထပ်ပြီး ဖြတ်သန်းနိုင်ပါ့မလား မသိဘူး” ဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတဲ့အကြောင်း ဘီဘီစီကို ပြောကြပါတယ်။

    တဖက်မှာလည်း ရလဒ်တွေ ထွက်လာတာနဲ့အမျှ ထရမ့်ထောက်ခံသူတွေကတော့ ထရမ့်အိမ်ရှိတဲ့ ဖလော်ရီဒါပြည်နယ်က ‌ရွေးကောက်ပွဲကျင်းပတဲ့နေရာတဝိုက်က လမ်းမကြီးတွေပေါ်မှာ စုဝေးနေကြပါပြီ။

    လမ်းမပေါ်က လူအုပ်ကြီးဟာ ထရမ့်ပြန်အလာကို စောင့်ဆိုင်းနေကြတာပါ။ ယာဉ်ထိန်းရဲတွေကတော့ လမ်းတွေကို တဖက်ပိတ်ပြီးလုံခြုံရေးယူထားတာကြောင့် ထရမ့်မကြာခင်လာတော့မယ်လို့ ခန့်မှန်းပြီး စောင့်မျှော်နေကြတာဖြစ်ပါတယ်။

  11. အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဘယ်လို ဖြစ်လာမလဲ

    အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း က စစ်ရေးရေချိန်မြင့်တက်နေချိန်၊ တရုတ်ပြည်ရဲ့ အင်အားက ကြီးသည်ထက် ကြီးမားလာနေချိန်မှာ နောက်တက်မယ့် အမေရိကန် သမ္မတအတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် နဲ့ ကမလာ ဟဲရစ်တို့ မှာလည်း ကမ္ဘာ့ ဇာတ်ခုံမှာ အမေရိကန် ရဲ့ အခန်းကဏ္ဍကို ဘယ်လိုဖော်ဆောင်သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ မူဝါဒ ကိုယ်စီရှိနေကြပါတယ်။ ဆိုတော့ လာမယ့် နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒ ဘယ်လို ရှိလာနိုင်မလဲ ဆိုတာ ကြည့်ကြရအောင်ပါ။

  12. စောင့်ကြည့်ရမယ့် ပြည်နယ် ၇ ခုလုံးမှာ ကနဦးရလဒ် ထရမ့် ဦးဆောင်နေ

    သမ္မတဖြစ်လာဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ် (၇) ခုလုံးမှာ ကနဦးရလဒ်တွေအရ သမ္မတလောင်း ထရမ့်က မဲအသာစီးရလဒ်နဲ့ ဦးဆောင်နေပါတယ်။

    အရီဇိုးနား၊ မီရှီဂန်၊ နဗားဒါး၊ မြောက် ကယ်ရိုလိုင်းနား၊ ပန်ဆေဗေးနီးယားနဲ့ ဝစ္စကွန်ဆင် စတဲ့ ပြည်နယ်မဲယိမ်းပြည်နယ် ၇ ခု မှာ ထရမ့်က ၃ ရာခိုင်နှုန်းဝန်းကျင်နဲ့ အသာစီးရနေပြီး နီဗားဒါးပြည်နယ်မှာတော့ ၄၇ ရာခိုင်နှုန်းတောင် အသာစီးရနေတာပါ။ ဒါပေမဲ့ နီဗားဒါးက မဲအရေအတွက်ဟာ မဲဆန္ဒရှင် ၂ ရာခိုင်နှုန်းအပေါ်မှာပဲ တွက်ချက်ထားတာဖြစ်ပါတယ်။

    နောက်ထပ် ပြည်နယ် ၄ ခုမှာတော့ မဲပေးတဲ့သူအရေအတွက် ၇၀ ရာခိုင်နှုန်းအထိ မဲစာရင်းကောက်ယူထားပြီးတဲ့အခြေအနေပါ။

    မြောက်ကယ်ရိုလိုင်းနားမှာ ထရမ့်အသာစီးရတာက ရီပတ်ဘလီကန်တွေအတွက် အားရစရာတစ်ခုဖြစ်ပေမယ့် ၂၀၁၆ ကရွေးကောက်ပွဲမှာလည်း ထရမ့်က ၃ ဒသမ ၆၆ ရာခိုင်နှုန်းအသာစီးနဲ့ အနိုင်ရခဲ့သလို ၂၀၂၀ မှာလည်း ၁ ဒသမ ၃၄ ရာခိုင်နှုန်းနဲ့ အဲဒီပြည်နယ်ကနေ အနိုင်ရရှိခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ မြောက်ကယ်ရိုလိုင်နားက ထရမ့်ထောက်ခံသူတွေကတော့ မဲရလဒ်တွေကို တိုက်ရိုက်စောင့်ကြည့်ပြီး ထရမ့်အောင်ပွဲရတယ်ဆိုပြီး ကြွေးကြော်နေကြပါတယ်။

  13. ‌ဂျော်ဂျီယာမှာ ထရမ့် အနိုင်ရဖို့ နီးပြီ

    အခုအမေရိကန်သမ္မတ ရွေးကောက်ပွဲ အရေးပါတဲ့ ပြည်နယ်ထဲပါတဲ့ ဂျော်ဂျီယာမှာ ထရမ့်က အသာစီးရနေပါတယ်။

    ဒေါ်နယ်ထရမ့်ဟာ ကာမလာ ဟဲရစ် ထက် မဲရလဒ် ၃ ရာခိုင်နှုန်းပိုများပြီး အသာစီးရနေတာကြောင့် ဟဲရစ်အတွက် ခက်ခဲ့တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာနေပါတယ်။

    ဟဲရစ်အနေနဲ့ ကျန်တဲ့ပြည်နယ်တွေမှာ ရလဒ်ကောင်းဖို့တော့လိုနေပါပြီ။ ဒီအခြေအနေဟာ ဂျော်ဂျီယာက ရီပတ်ပလီကန်တွေအတွက် စိတ်လှုပ်အရှားဆုံး အခိုက်အတန့်ဖြစ်နေသလို တခဲနက်ထောက်ခံမှုတွေနဲ့ ဆက်သွားနေတာကိုလည်း တွေ့ရပါတယ်။

  14. မဲယိမ်းပြည်နယ် ၆ ခုထဲက ၃ ခုမှာ ထရမ့်အသာစီးရနေ

    ထရမ့်နဲ့ ဟဲရစ် ရဲ့ မဲရလဒ် အခြေအနေ နောက်ဆုံးရအချက်အလက်တွေအရ မဲရလဒ်အတွက်အရေးကြီးတဲ့ အဓိကမဲယိမ်းပြည်နယ် ၆ ခုမှာ ၃ ခုဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆယ်ဗေးနီးယားနဲ့ ‌ဂျော်ဂျီယာတို့မှာ ထရမ့် အသားစီးရဦးဆောင်နေပါတယ်။

    မီရှီဂန်မှာတော့ လက်ရှိအချိန်အထိ ပြည်နယ်ရဲ့ ၁၉ ရာခိုင်နှုန်းကို ရေတွက်ပြီးဖြစ်ပြီး ဟဲရစ်က ဦးဆောင်နေပါတယ်။ အရီဇိုးနားနဲ့ ဝစ္စကွန်ဆင် ပြည်နယ်တွေမှာ အလားတူ သူပဲ ဦးဆောင်နေပါတယ်။

    ၂၀၁၆ နဲ့ ၂၀၂၀ နှစ်ကြိမ်လုံးမှာ မြောက်ကယ်ရိုလိုင်းနားမှာ ထရမ့်အနိုင်ရခဲ့ပေမဲ့ တခြားပြည်နယ်တွေက မဲတွေဆုံးရှုံးခဲ့ရပါတယ်။ မဲရလဒ်တွေကို အချိန်အထိ အတိအကျခန့်မှန်းပြောဆိုဖို့ခက်နိုင်ပြီး မိနစ်ပိုင်းအတွင်းမှာ လျင်လျင်မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။

  15. ပြည်နယ် ၄၀ ကျော်က မဲရုံတွေ ပိတ်လိုက်ပြီ

    မဲပေးတဲ့အချိန် ပြီးဆုံးဖို့ နီးကပ်လာပါပြီ။ အမေရိကန်မှာ ပြည်နယ်စုစုပေါင်း (၅၀)ရှိတဲ့အထဲ ကိုလံဘီယာခရိုင်အပါအဝင် ပြည်နယ် ၄၀ ကျော်က မဲရုံတွေပိတ်လိုက်ပါပြီ။

    ခန့်မှန်းချက်တွေက နောက်နာရီဝက်အတွင်း လျင်မြန်စွာ ရောက်လာနိုင်ပေမယ့် တချို့ပြည်နယ်တွေမှာတော့ အခြားပြည်နယ်တွေထက် ‌‌ခန့်မှန်းရေတွက်ဖို့ ပိုကြာနိုင်ပါတယ်။

    နီဗာဒါပြည်နယ် - နောက်ဆုံးမဲရလဒ်တွေကို ထုတ်ပြန်နိုင်ဖို့ ရက်ပိုင်းလောက် ကြာကောင်းကြာနိုင်ပါတယ်။ အဲဒီပြည်နယ်မှာ ကြိုတင်မဲတွေကို စာတိုက်ကနေ ကောက်ယူရတာကြောင့် မဲရေတွက်တာ နောက်ကျနိုင်တယ်လို့ဆိုပါတယ်။ နောက်ကျမှရောက်လာတဲ့ မဲတွေကိုလည်း စနေနေ့အထိ ဆက်လက်ရေတွက်သွားမှာဖြစ်ပါတယ်။

    နောက်ဆုံးမဲဆန္ဒရှင်တွေက သူတို့ရဲ့မဲတွေကို ထည့်လို့မပြီးမချင်း ပြည်နယ်အစိုးရဘက်က ဘယ်ရလဒ်ကိုမှ ထုတ်ပြန်မှာ မဟုတ်ပါဘူး။

    တစ်ချိန်တည်းမှာပဲ နိုင်ငံတဝှမ်းက ပြည်နယ် (၁၀) ခုမှာ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ပတ်သက်လို့ အမေရိကန်လူမျိုးတွေ ဘယ်ဘက်ကို မဲပေးခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။

    အရေးပါတဲ့ အောက်လွှတ်တော်နေရာရရေးပြိုင်ပွဲကို သတိထားစောင့်ကြည့်ဖို့လိုပါတယ်။ အဲဒီပွဲတ္ပေနေ အောက်လွှတ်တော်မှာ ဘယ်ပါတီက အားကောင်းကောင်းနဲ့ နေရာယူနိုင်သွားမလဲဆိုတာ သိနိုင်ပါတယ်။

    လက်ရှိမှာ အောက်လွှတ်တော်က နေရာအနည်းစုကို ရီပတ်ဘလီကန်တွေက ချုပ်ကိုင်ထားပြီး စုစုပေါင်း ၄၃၅ နေရာအတွက် ပြန်လည်ရွေးကောက်နေတာဖြစ်ပါတယ်။

    အမေရိကန်စံတော်ချိန် ည (၉) နာရီမှာတော့ သမ္မတဖြစ်နိုင်ရေး အဆုံးအဖြတ်ပေးနိုင်တဲ့ပြည်နယ်တွေထဲ နီဗားဒါးအပါအဝင် နောက်ထပ်ပြည်နယ် ၃ ခုမှာလည်း မဲရုံတွေ ပိတ်တော့မှာဖြစ်ပါတယ်။

  16. ဒေါ်နယ်ထရမ့် - အိမ်ခြံမြေစီးပွားရေးသမားကနေ နိုင်ငံရေးသမားဖြစ်လာသူ

    အမေရိကန် သမ္မတနေရာအတွက် ‌ဒေါ်နယ်ထရမ့်ကြိုးစားတာ ရွေးကောက်ပွဲ ၃ ကြိမ် ဆက်တိုက်ရှိလာပါပြီ။ အဲဒီမတိုင်ခင်က သူဟာ ဝင့်ဝင့်ဝါဝါနေတတ်တဲ့ ဘီလျံနာ တယောက်ပါ။

    အိမ်ဖြူတော်ရောက်ဖို့ သူရွေးကောက်ပွဲမဝင်ခင် ၂၀၁၅ - ၁၆ မတိုင်မီ ဆယ်စုနှစ် ပေါင်း များစွာမှာ နယူးရော့ခ် အိမ်ခြံမြေလုပ်ငန်းရှင်ကြီးဖြစ်သူ သူ့ရဲ့ သတင်းက တက်ဘလွိုက်သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ ခဏခဏပါနေကျပါ။

    အိမ်တိုင်းက သိနေတဲ့ သူ့နာမည်ရယ်၊ စိတ်ထင်တိုင်း ပြောချတာတွေပါတဲ့ သူ့ရဲ့ ကမ်ပိန်း ပုံစံတွေကြောင့် ဝါရင့်နိုင်ငံရေးသမားတွေကို သူအနိုင်ရခဲ့ပြီး သမ္မတဖြစ်လာ ပါတယ်။ ဒါပေမဲ့ ငြင်းခုံစရာတွေပြည့်နေတဲ့ သူ့သမ္မတသက်တမ်းက တဆက်သာခံပြီး ရာထူးကနေ ဆင်းခဲ့ရပါတယ်။

    အခုအချိန်မှာ အသက် ၇၈ နှစ်ရှိလာပြီဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီဝင်ဟာ စိန်ခေါ်မှု တွေကို ရင်ဆိုင်ရင်း ဘဲဥပုံ ရုံးခန်းက သမ္မတ ထိုင်ခုံမှာ ထိုင်ဖို့ ပြန်ကြိုးစား နေပါပြီ။

    ဒေါ်နယ်ထရမ့်အကြောင်း အပြည့်အစုံကို ဒီမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  17. နိုင်ငံတစ်ဝန်းလုံးမှာ လူထုဆန္ဒမဲ အများဆုံးရပေမဲ့ ရွေးကောက်ပွဲရှုံးနိုင်လား

    ရှုံးနိုင်ပါတယ်။ အကြိတ်အနယ်ပြိုင်ရတဲ့ ရွေးကောက်ပွဲတွေမှာဆိုရင် သမ္မတလောင်းဟာ တစ်နိုင်ငံလုံးမှာ လူထုဆန္ဒမဲ ပိုနည်းပြီး ရပေမဲ့လည်း သမ္မတဖြစ်လာနိုင်ပါတယ်။

    ၂၀၁၆ ရွေးကောက်ပွဲတုန်းကဆိုရင် ဒေါ်နယ်ထရမ့်ဟာ ဟီလာရီကလင်တန်ထက် တစ်နိုင်ငံလုံးမှာ မဲ ၃ သန်းလောက် လျော့နည်းပြီး ရပေမဲ့ ထရမ့် သမ္မတ ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းကလည်း ဂျော့ ဒဗလျူ ဘွတ်ရှ်က အယ်လ်ဂိုးထက် မဲ ၅ သိန်းကျော် လျော့နည်းရပေမဲ့ အနိုင်ရခဲ့ဖူးပါတယ်။

    ရှင်းပြချက်အပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  18. ရီပတ်ဘလီကန်လွှမ်းတဲ့အနီရောင်နယ်မြေ - ကနဦးမဲရလဒ်တွေနဲ့ ကောက်ချက်ချမစောသင့်

    အစောပိုင်း မဲရလဒ်တွေ ထွက်လာပေမယ့်လည်း ဒီအချိန်မှာ ဘယ်သမ္မတလောင်းကတော့ အားသာနေပြီဆိုတာမျိုးပြောဖို့ စောပါသေးတယ်။

    ၂၀၂၀ ခုနှစ်‌ရွေးကောက်ပွဲမှာလည်း မဲရေတွက်တဲ့အချိန် ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲစတဲ့ ညမှာ အဓိပြည်နယ်တချို့မှာ ကိန်းဂဏန်းတစ်ခုနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီကိန်းဂဏန်းကို ဂျိုးဘိုင်ဒန်က ကျော်တက်သွားတာကြောင့် ဒီမိုကရက်တစ်ဘက်ကိုပဲ လူတွေက ပိုပြီးတိမ်းညွှတ်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။

    အခုအချိန်မှာတော့ ပြည်နယ်တော်တော်များများမှာ ထရမ့်က ဦးဆောင်နေပါတယ်။ နောက်ပိုင်း ကြိုတင်မဲတွေကို ရေတွက်ပြီးသွားရင်လည်း ကာမလာ ဟဲရစ်ကို ဦးဆောင်စေမယ့် ရလဒ်တွေဖြစ်လာနိုင်ပါတယ်။

    အမေရိကန်တလွှားမှာ မဲစတင်ပေးတဲ့အချိန်တွေကလည်း မတူညီပါဘူး။ နောက်ပိုင်းမှာပြည်နယ်ကြီးတွေကနေ ရရှိလာတဲ့ မဲရလဒ်တွေကနေ တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေနိုင်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်မယ့် ပြည်နယ်တွေမှာ အကြိတ်အနယ်ပြိုင်နေရတဲ့အခြေအနေပါ။

    သမ္မတလောင်းထရမ့်နဲ့ ဟဲရစ်တို့နှစ်ယောက်စလုံးဟာ အိမ်ဖြူတော်ကိုရောက်နိုင်ဖိုအတွက် အဆုံးဖြတ်ပေးနိုင်မယ့် ပြည်နယ် (၇) ခုထဲက အနည်းဆုံး (၃) ခု မှာ အနိုင်ရဖို့လိုပါတယ်။ ဒါကြောင့် အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေရဲ့ မဲရလဒ်က အစောပိုင်းမဲရလဒ်တွေကို ပြောင်းပြန်လှန်သွားစေနိုင်ပါတယ်။

  19. အဓိကကျပြီး အပြိုင်အဆိုင်ပြင်းထန်တဲ့ ပြည်နယ် ၇ ခုထဲက ပြည်နယ် ၃ ခုမှာ မဲရုံတွေပိတ်လိုက်ပြီ

    သမ္မတလောင်း ၂ ဦးအတွက် အဓိကကျပြီး အပြိုင်အဆိုင်ပြင်းထန်တဲ့ ပြည်နယ် ၇ ခုထဲမှာပါတဲ့ အရီဇိုးနား၊ မီရှီဂန်၊ ဝစ္စကွန်ဆင် ပြည်နယ် ၃ ခုက မဲရုံတွေအပါအဝင် ပြည်နယ် ၁၅ ခုက မဲရုံတွေကို ပိတ်လိုက်ပြီဖြစ်ပါတယ်။

    မြန်မာစံတော်ချိန် မနက် ၉ နာရီ အထိအရဆိုရင် ပြည်နယ်ပေါင်း တစ်ဒါဇင်ကျော်က ကနဦးမဲရလဒ်တွေထွက်လာနေပြီး သမ္မတလောင်းထရမ့်အသာရနေပေမဲ့ ဒီရလဒ်တွေက ရွေးကောက်ပွဲရဲ့ ရလဒ်တစ်ခုလုံး အတွက်ပြောဖို့ကတော့ စောပါသေးတယ်။

    ပြည်နယ် ၅၀ ရှိပြီး နိုင်ငံကျယ်ပြောတာကြောင့် စံတော်ချိန် ၅ ခုအထိရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ ညနေခင်း၊ အမေရိကန် စံတော်ချိန် ၆ နာရီ (မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၅ နာရီခွဲ)မှာ မဲရုံတွေကို ပထမဆုံးဖွင့်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မနက် အစောပိုင်း အမေရိကန်အရှေ့ပိုင်း စံတော်ချိန် မနက် ၁ နာရီမှာ နောက်ဆုံး မဲရုံ ပိတ်မှာဖြစ်ပါတယ်။

    အခုအမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ အရီဇိုးနား၊ မီရှီဂန်၊ နဗားဒါး၊ မြောက် ကယ်ရိုလိုင်းနား၊ ပန်ဆေဗေးနီးယားနဲ့ ဝစ္စကွန်ဆင် ပြည်နယ်တွေလို မဲယိမ်းပြည်နယ် ၇ ခုက ထွက်လာမယ့် ရလဒ် တွေအပေါ် မှီတည်နေပါတယ်။

    ကာမလာဟဲရစ်ကို အမျိုးသမီးအများစုက မဲပေးရွေးချယ်ကြတယ်လို့ စစ်တမ်းတွေထွက်လာပေမဲ့ အပြတ်အသတ်မဖြစ်ပါဘူး။ ဒီရွေးကောက်ပွဲမှာ ကျား၊မ ခွဲခြားမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ အများကြီးရှိခဲ့ပါတယ်။ နောက်ဆုံး စစ်တမ်းကောက်ယူမှု ကိန်းဂဏန်းများအရ အမျိုးသမီးတွေက ဟဲရစ်ကို ၅၄ ရာခိုင်နှုန်းထောက်ခံနေကြပြီး ထရမ့် အတွက် ၄၄ ရာခိုင်နှုန်းပဲရှိကြပါတယ်။