ဂါဇာတိုက်ခိုက်မှုတွေကနေ သေဆုံးသူ ၁,၁၀၀ ကျော်အထိရှိလာ

စနေနေ့တုန်းက ပါလက်စတိုင်း လက်နက်ကိုင် ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အစ္စရေးဘက်ကလည်း တန်ပြန်တုံ့ပြန်တာတွေရှိနေပြီး အခုဆိုရင် အစ္စရေးနဲ့ ဂါဇာဒေသမှာ သေဆုံးသူ ၁,၁၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ ပါလက်စတိုင်း တစ်သိန်းနှစ်သောင်းကျော် နေရပ်ရွှေ့ပြောင်းနေရပြီး အဲဒီထဲက ခုနစ်သောင်းခွဲနီးပါးဟာ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ရေနံထုတ်လုပ်တဲ့ဒေသမှာ အခုလို ပဋိက္ခ ကာလရှည်ကြာလာနိုင်ခြေကို ရင်းနှီးမြှုပ်နှံသူတွေက ချိန်ဆနေကြချိန်မှာပဲ ကမ္ဘာ့ရေနံစျေးနှုန်းတွေလည်း ဒီနေ့မှာ မြင့်တက်ကုန်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း သူ့ရဲ့လေယာဥ်တင်စစ်သင်္ဘောကြီး ယူအက်စ်အက်စ် ဂါရက် အာ ဖော့ဒ် ကို အစ္စရေးနိုင်ငံနဲ့နီးရာကိုရွှေ့ထားလိုက်ပြီဖြစ်ပြီး အမေရိကန်ဟာ အစ္စရေးကို ထောက်ခံမှုအပြည့်ရှိတဲ့အကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောထားပါတယ်။

တနင်္ဂနွေနေ့ညပိုင်းတုန်းက ပါလက်စတိုင်းတွေနေထိုင်ရာ ဂါဇာကမ်းမြောင်ကနေ အစ္စရေးတောင်ပိုင်းကို ဒုံးကျည်တွေနဲ့ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဘီဘီစီသတင်းထောက်တစ်ဦးက ပြောပါတယ်။

ဟားမတ်စ် စစ်အုပ်စုက စနေနေ့မနက်တုန်းက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အစ္စရေး-ပါလက်စတိုင်း နှစ်ဖက်စလုံးမှာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး တင်းမာမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံအချို့ကလည်း သူတို့နိုင်ငံသားတွေဟာ ဟားမတ်စ်တွေ ပြန်ပေးဆွဲခံရတာ ဒါမှမဟုတ် သတ်ဖြတ်ခံရတာတွေ ရှိတယ်လို့ ပြောထားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ တနင်္ဂနွေနေ့မှာ ဒီအကျပ်အတည်းအရေး ဆွေးနွေးတာတွေပြုလုပ်ထားပါတယ်။

ဂါဇာက ဒုက္ခသည်စခန်းတွေ ထိမှန်တယ်လို့ ပါလက်စတိုင်းပြော

အစ္စရေးက ဂါဇာဘက်ကို ပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဒုက္ခသည်စခန်း ၂ ခု ထိမှန်တယ်လို့ ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကမ်းခြေဒုက္ခသည်စခန်းလို့သိကြတဲ့ အယ်လ်ရှာတီနဲ့ ဂျာဘာလီယာစခန်းတွေ တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေလည်း ရှိတယ်လို့ ကြားသိရတာဆိုပြီး ဝန်ကြီးဌာနက ပြောပါတယ်။

လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြောင်မှာ ဒုက္ခသည် စခန်း ၈ ခုအထိရှိနေပါတယ်။

ဒီအတောအတွင်းမှာပဲ စနေနေ့တုန်းက ဂါဇာကမ်းမြောင်မှာ အစ္စရေးဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၅၁၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၇၅၀ အထိ ရှိတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးဘက်ကတော့ ပါလက်စတိုင်းသေနတ်သမားတွေက အစ္စရေးအရပ်သားတွေနဲ့ စစ်သားတွေကို စနေနေ့တုန်းက မမျှော်လင့်ဘဲ ရုတ်တရက်တိုက်ခိုက်ခဲ့တာကြောင့် ဂါဇာမှာရှိတဲ့ ဟားမတ်စ်အဖွဲ့ရှိရာ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ပြောပါတယ်။

အစ္စရေး အလယ်ပိုင်းကို ဒုံးကျည်တွေကျလို့ ဒဏ်ရာရသူတွေရှိ

ဂါဇာဘက်ကနေ အစ္စရေးနိုင်ငံအလယ်ပိုင်းကို ပစ်ခတ်တဲ့ဒုံးကျည်တွေ အစ္စရေးဘက်မှာ ကျရောက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာချိန်မှာပဲ ဒဏ်ရသူတွေရှိလာပါတယ်။

ဂါဇာမြောက်ပိုင်းက အက်ရှကတန်မြို့မှာ လူ ၄ ဦးဒဏ်ရာရပြီး သူတို့ထဲက တစ်ယောက် ဒဏ်ရာပြင်းထန်လို့ အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ အစ္စရေး အရေးပေါ် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီမြို့ အနီးက အက်ရှဒေါ့မြို့မှာလည်း အမျိုးသမီးတစ်ယောက် အပြင်းအထန်ရရှိပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေကို ၉/၁၁ ဖြစ်ရပ်နဲ့ အစ္စရေး ခိုင်းနှိုင်း

ဂါဇာဘက်ကနေ အစ္စရေးကို စနေနေ့တုန်းက တိုက်ခိုက်မှုဟာ အမေရိကန်ပြည်ထောင်စုကို အယ်လ်ကိုင်းဒါးအဖွဲ့က တိုက်ခိုက်ခဲ့တဲ့ ၉/၁၁ ဖြစ်ရပ်နဲ့တူနေပြီလို့ အစ္စရေးစစ်ဘက်အရာရှိကြီး ၂ ဦးက ခိုင်းနှိုင်းပြောဆိုလာပါတယ်။

‘‘ဒါဟာ ကျွန်တော်တို့အတွက် ၉/၁၁ တိုက်ခိုက်မှုပဲ’’၊ ‘‘ကျွန်တော်တို့ အငိုက်မိခဲ့တယ်’’ လို့ အစ္စရေးစစ်တပ် ပြောခွင့်ရ ဗိုလ်မှူး နာဒီနာက ပြောပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ဂျွန်နသန် ကွန်ရီကတ်စ်ကလည်း ဟားမတ်စ် တိုက်ခိုက်မှုဟာ ‘‘ဒီဖြစ်ရပ်က ၉/၁၁ နဲ့ ပုလဲဆိပ်ကမ်းဗုံးကြဲခံရတဲ့ဖြစ်စဥ် ၂ ခုပေါင်းဖြစ်သလိုပါပဲ။ အခုဖြစ်ရပ်ဟာ အစ္စရေးသမိုင်းမှာ အဆိုးရွားဆုံးပါပဲ။ ရန်သူ့ဘက်ကလှုပ်ရှားမှုကြောင့် တစ်နေ့တည်းမှာ အစ္စရေးဒီလောက်များများအထိ သေဆုံးတဲ့ဖြစ်စဥ် မရှိထားဖူးပါဘူး’’ လို့ ပြောပါတယ်။

အစ္စရေးရောက်မြန်မာတွေ နေရပ်ပြန်လိုတယ်တယ်ဆိုရင် စာရင်းပေးနိုင်တယ်လို့ တဲလ်အဗီးမြို့က မြန်မာသံရုံးကြေညာ

အစ္စရေး နဲ့ ပါလက်စတိုင်းကြား မှာ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် အစ္စရေး ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခက်အခဲတစ်စုံတစ်ရာရှိတာ နဲ့ မြန်မာနိုင်ငံကို ပြန်လိုတာရှိရင် ဆက်သွယ်နိုင်တယ်ဆိုပြီး အစ္စရေးအခြေစိုက် မြန်မာစစ်ကောင်စီသံရုံးက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ Cathay Pacific၊ Korean Air နဲ့ Hainan လေကြောင်းလိုင်းတွေ အပါအဝင် အာရှလေကြောင်းလိုင်း အများအပြားကတော့ အစ္စရေး ရဲ့ တဲလ်အဗီးမြို့ကို ပျံသန်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

သံရုံးရဲ့ ထုတ်ပြန်စာထဲ မြန်မာနိုင်ငံကို ပြန်လိုသူတွေကို ဘယ်လိုစီစဥ်ပေးမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောထားဘဲ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပတ်အချို့ကိုဖော်ပြထားပါတယ်။

ဒါ့အပြင် အစ္စရေးနိုင်ငံ ကာကွယ်ရေးဌာနရဲ့ မစ်ဆိုင်းလ် အချက်ပေးသံနဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ဆိုပြီး တိုက်တွန်းထားပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းထားတဲ့ အစ္စရေး ရောက် ဂါဇာအနီးက မြန်မာတစ်ယောက် ကတော့ အစ္စရေးနိုင်ငံရဲ့ မစ်ဆိုင်းလ် အန္တရာယ် အချက်ပေးစနစ်ကိုလိုက်နာနေပြီး လက်နက်ကြီးဒဏ်ခံ ဗုံးခိုအဆောက်အဦတွေကို ပြေးနိုင်ဖို့ သတိထားနေထိုင်နေကြတယ်လို့ ပြောပါတယ်။

သေဆုံးသူတွေထဲ ထိုင်းနိုင်ငံသား ၁၂ ဦးလည်းပါဝင်

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခမှာ သေဆုံးသူတွေထဲ ထိုင်းနိုင်ငံသား ၁၂ ဦးအထိ ပါဝင်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အစ္စရေးလုပ်ငန်းခွင်တွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား သုံးသောင်းနီးပါးရှိပြီး အဲဒီထဲက ၅ ထောင်နီးပါးဟာ အခုတင်းမာမှုဖြစ်တဲ့ ဂါဇာကမ်းမြောင်အနီး အစ္စရေးပိုင်နက်ထဲမှာ အလုပ်လုပ်နေကြသူတွေလို့ သိရပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ ထိုင်းနိုင်ငံသား နောက်ထပ် ၁၁ ဦးနဲ့ ဒဏ်ရာရလို့ ဆေးရုံမှာ ကုသမှုခံယူနေရသူ ၈ အထိရှိနေတယ်လို့လည်း ထိုင်းဘက်က ပြောပါတယ်။

လက်ရှိမှာ သဘောအလျောက်နေရပ်ပြန်လိုတဲ့ ထိုင်းနိုင်ငံသားစာရင်းကို တဲလ်အဗီးမြို့မှာရှိတဲ့ ထိုင်းသံရုံးနဲ့ အစ္စရေးအာဏာပိုင်တွေက ကောက်ယူနေရာမှာ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ထိုင်းနိုင်ငံသား တစ်ထောင် ကျော်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို အစ္စရေးအာဏာပိုင်တွေက ဘေးလွတ်ရာရွှေ့ပြောင်းပေးနေတယ်လို့လည်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်ကတော့ အစ္စရေးရောက် ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ခေါ်နိုင်ရေး အသင့်လုပ်ဖို့ ထိုင်းတော်ဝင်လေတပ်ကို မနေ့ကတည်းက ညွှန်ကြားထားပါတယ်။

(အစ္စရေးနဲ့ပါလက်စတိုင်း တင်းမာမှု အခြေအနေ နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်)