အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဘယ်ကစ

အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ သူတို့ရဲ့ စစ်ဆင်ရေးတွေထဲက အကြီးဆုံးတစ်ခုကို တနင်္လာနေ့မှာ လုပ်ခဲ့ပါတယ်။ အဲဒါက ဂျနင်းမြို့က ဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ၁၀၀ ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

တစ်ခါ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့က စျေးဝယ်စင်တာတစ်ခု အပြင်ဘက်မှာ ရပ်နေတဲ့ လမ်းသွားလမ်းလာတွေကို ပါလက်စတိုင်းတစ်ဦးက သူ့ကားနဲ့ ဝင်တိုက်ခဲ့လို့ လူ ခုနစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီထဲက သုံးဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာပါ။ ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်ဘက်က ဒါဟာ အစ္စရေးတွေရဲ့ စီးနင်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုလို့ ဆိုပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အကြားက ပဋိပက္ခဟာ ဆယ်စုနှစ်တွေချီ ကြာမြင့်နေခဲ့ပြီး အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း မကြာမကြာဖြစ်တတ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဘယ်က စခဲ့တာလဲ

ပထမကမ္ဘာစစ်မှာ အော်တိုမန် အင်ပါယာကို အုပ်စိုးသူ စစ်ရှုံးနိမ့်ပြီးတဲ့နောက် သူတို့ အုပ်ချုပ်နေတဲ့ အရှေ့အလယ်ပိုင်းက ပါလက်စတိုင်းလို့ ခေါ်တဲ့ နယ်မြေကို ဗြိတိန်က ထိန်းချုပ်ရယူခဲ့ပါတယ်။

အဲဒီနယ်မြေဟာ ဂျူးလူမျိုးအနည်းစုနဲ့ အာရပ်မျိုးနွယ် အများစု နေထိုင်ခဲ့ကြတဲ့ နေရာဖြစ်ပါတယ်။

ပါလက်စတိုင်းမှာ ဂျူးလူမျိုးတွေ “အခြေစိုက်နေထိုင်ရာမြေ“ တစ်ခု တည်ထောင်ဖန်တီးပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဗြိတိန်ကို တာဝန်ပေးလိုက်တဲ့အခါ အဲဒီ လူမျိုးနှစ်ခုအကြား တင်းမာမှုတွေ ပိုများလာခဲ့ပါတယ်။

ဂျူးလူမျိုးတွေက အဲဒီနေရာက သူတို့ ဘိုးဘွားတွေရဲ့ မြေလို့ဆိုပြီး ပါလက်စတိုင်းက အာရပ်တွေကလည်း သူတို့မြေလို့ဆိုပါတယ်။ ဒါကြောင့် ဂျူးတွေနေတာကို အာရပ်တွေက ဆန့်ကျင်ပါတယ်။

၁၉၂၀ နဲ့ ၁၉၄၀ ကြားမှာ ဂျူးတွေ အဲဒီနယ်မြေကို ပိုရောက်လာကြပါတယ်။ အများစုက ဥရောပမှာ ဖိနှိပ်ခံရမှုတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျူးလူမျိုးတွေ သန်းနဲ့ချီ သတ်ဖြတ်ခံရတဲ့ ဟောလိုကော့စ်ဖြစ်စဥ်အပြီးမှာ ကိုယ်ပိုင်နေရာကို ရှာဖွေလာကြတာ ဖြစ်ပါတယ်။

ဂျူးနဲ့ အာရပ်တွေကြားအကြမ်းဖက်မှုတွေ တိုးလာသလို ဗြိတိန်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်မှု တွေလည်း တိုးလာပါတယ်။

၁၉၄၇ အရောက်မှာတော့ ပါလက်စတိုင်းနယ်မြေနဲ့ ဂျူးနယ်မြေတွေ ခွဲခြမ်းလိုက်ဖို့ ကုလသမဂ္ဂက မဲပေးဆုံးဖြတ်ခဲ့ပါတယ်။ ဂျေရုဆလင်ကတော့ နိုင်ငံတကာထိန်းချုပ်မှုအောက်က မြို့တော် လို့ သတ်မှတ်လိုက်ပါတယ်။

ဒီအစီအစဥ်ကို ဂျူးခေါင်းဆောင်တွေက လက်ခံကြပါတယ်။ ဒါပေမဲ့ အာရပ်တွေဘက်က ငြင်းခဲ့ပြီး ဘယ်တော့မှလည်း အကောင်အထည် မဖော်ခဲ့ပါဘူး။

အစ္စရေးနိုင်ငံဖန်တီးမှုနဲ့ ကပ်ဆိုး

ဒီပြဿနာကို မဖြေရှင်းနိုင်ဖြစ်နေပြီး ၁၉၄၈ မှာ ဗြိတိန်အုပ်ချုပ်သူတွေက နယ်မြေထဲကနေ ထွက်သွားခဲ့ပါတယ်။ အဲဒီမှာ ဂျူးခေါင်းဆောင်တွေက အစ္စရေးနိုင်ငံတည်ထောင်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

ပါလက်စတိုင်း အများအပြားက ဒါကို လက်မခံကြတော့ စစ်ဖြစ်ပါတယ်။ အိမ်နီးချင်း အာရပ်နိုင်ငံတွေက စစ်တပ်တွေ အဲဒီနယ်မြေထဲ ကျူးကျော် ဝင်ရောက်လာပါတယ်။

ပါလက်စတိုင်းတွေက အယ်လ် နာကဘာ - "ကပ်ဆိုး” လို့ ခေါ်ကြတဲ့ ဒုက္ခရောက်မှုမှာ သိန်းချီတဲ့ ပါလက်စတိုင်းတွေ နယ်မြေကနေ ထွက်ပြေးကြပါတယ်။ မပြေးရင်လည်း သူတို့အိမ်တွေကနေ အတင်း နှင်ထုတ်ခံရပါတယ်။

နောက်နှစ်မှာတော့ အပစ်အခတ်ရပ်စဲပြီး တိုက်ခိုက်မှုတွေ အဆုံးသတ်သွားချိန်မှာ နယ်မြေအများစုကို အစ္စရေးက ထိန်းချုပ်ထားလိုက်ပါတယ်။

အဲဒီ အစ္စရေးနိုင်ငံဆိုပြီး တည်ထောင်လိုက်တာကြောင့် ဥရောပက ဂျူးတွေနဲ့ အာရပ်နိုင်ငံတွေက ဂျူးတွေ လှိုင်းလုံးကြီးတွေလို လှိမ့်ဝင်လာစေပါတယ်။

အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဆိုတာ ဘာလဲ

ဂျော်ဒန်က သိမ်းပိုက်ထားတဲ့ နယ်မြေကို အနောက်ဘက်ကမ်းဒေသလို့ ခေါ်လာကြပါတယ်။

အဲဒီနေရာက ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက နယ်မြေလေး ဖြစ်ပြီး မြောက်၊ အနောက်နဲ့၊ တောင်ဘက်မှာ အစ္စရေးနဲ့ ထိစပ်နေပါတယ်။ အရှေ့ဘက်မှာတော့ ဂျော်ဒန်နိုင်ငံ ရှိပါတယ်။

ဂါဇာဒေသကိုတော့ အီဂျစ်က ထိန်းချုပ်ထားပါတယ်။ အဲဒါက အီဂျစ်နယ်စပ်က ကမ်းရိုးတန်း နယ်မြေလေးပါ။

ဂျေရုဆလင်ကိုတော့ အရှေ့ အနောက် ခြမ်းလိုက်ပါတယ်။ အနောက်ဘက်မှာ အစ္စရေးတပ်တွေနဲ့ အရှေ့ဘက်မှာ ဂျော်ဒန်တပ်တွေက တပ်စွဲပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီမှု ဘယ်တုန်းကမှ မရခဲ့တဲ့အတွက် စစ်ပွဲတွေနဲ့ တိုက်ခိုက်မှုတွေ ဆယ်စုနှစ်တွေချီပြီး ဆက်ဖြစ်နေခဲ့ပါတယ်။

၁၉၆၇ မှာ အစ္စရေးက အရှေ့ဂျေရုဆလင်၊ အနောက်ဘက်ကမ်း၊ ဆီးရီးယား ဂိုလန်ကုန်းမြင့်နေရာ အများစု၊ ဂါဇာနဲ့ အီဂျစ်က ဆိုင်းနိုင်းကျွန်းဆွယ်တို့ကို သိမ်းပိုက်ခဲ့ပါတယ်။

ပါလက်စတိုင်းဒုက္ခသည် အများစုနဲ့ သူတို့က ဆင်းသက်လာတဲ့ သားမြေးတွေဟာ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသတွေမှာ နေကြသလို အိမ်နီးချင်း ဂျော်ဒန်၊ ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာလည်း နေကြပါတယ်။

ပါလက်စတိုင်းတွေ သူတို့နယ်မြေတွေဆီ ပြန်လာဖို့ အစ္စရေးက ခွင့်မပြုပါဘူး။ နိုင်ငံနဲ့ မနိုင်မနင်း လူတွေ များသွားနိုင်ပြီး ဂျူးနိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် ခွင့်မပြုတာလို့ အစ္စရေးက ဆိုပါတယ်။

အစ္စရေးက အနောက်ဘက်ကမ်းဒေသကို ထိန်းချုပ်ထားဆဲပါ။ ဂါဇာဒေသကနေ ထွက်သွားပေမဲ့ ကုလသမဂ္ဂကတော့ အဲဒီနေရာကို အစ္စရေးတွေ ဝင်သိမ်းပိုက်ထားတဲ့ နယ်မြေ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားဆဲပါ။

ဂျေရုဆလင်က ပါလက်စတိုင်းပိုင်လား၊ အစ္စရေးပိုင်လား

ဂျေရုဆလင်တစ်ခုလုံးကို သူတို့ရဲ့ မြို့တော်လို့ အစ္စရေးက ဆိုပါတယ်။ ပါလက်စတိုင်းတွေဘက်ကလည်း အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ် အရှေ့ဂျေရုဆလင်ကို သတ်မှတ်ထားပါတယ်။

ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်လို့ အသိအမှတ်ပြုတဲ့ လက်ချိုးရေနိုင်တဲ့ နိုင်ငံတွေထဲမှာ အမေရိကန် ပါပါတယ်။ ဒါပေမဲ့ ဒါကို သတ်မှတ်ဖို့ ဆွေးနွေးသဘောတူမှုတွေ လုပ်ပြီးမှ နောက်ဆုံးအဆုံးအဖြတ်ကို လုပ်သင့်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ အစ္စရေးက သူတို့သိမ်းထားတဲ့ နေရာတွေမှာ ဂျူးအခြေချအိမ်ရာတွေဆောက်လုပ်နေခဲ့ပါတယ်။ အခုတော့ ဂျူးလူမျိုး ၆၀၀,၀၀၀ မက အဲဒီနေရာတွေမှာ နေထိုင်နေကြပါပြီ။

အဲဒီ ဂျူးအခြေချအိမ်ရာတွေဟာ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဘူးလို့ ပါလက်စတိုင်းတွေက ပြောပြီး နိုင်ငံအများစုနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထောက်ခံပါတယ်။ ဒါပေမဲ့ ဒါကို အစ္စရေးက ငြင်းပါတယ်။

ပါလက်စတိုင်းက နိုင်ငံလား

ပါလက်စတိုင်းကို "အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူနိုင်ငံ" အဖြစ် ၂၀၁၂ မှာ ကုလသမဂ္ဂက မဲပေးဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံအဆင့်မသတ်မှတ်တဲ့ "လေ့လာသူအဖွဲ့အစည်း" အဖြစ်ကနေ အဲဒီလို အဆင့်တိုးတက်ပြောင်းလဲလာတာကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်နဲ့ ကုလသမဂ္ဂရဲ့လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေမှာ ပါဝင်နိုင်မယ့် အခွင့်အရေးတွေ ပိုတိုးတက်လာပါတယ်။

အဲဒီအဆုံးအဖြတ်က ပါလက်စတိုင်းကို သီးခြားနိုင်ငံတစ်ခုလို့ ဖန်တီးပေးနိုင်တာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်တဲ့ အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ပါလက်စတိုင်းကို အသိအမှတ် ပြုကြပါတယ်။

တင်းမာမှုတွေက အရှေ့ဂျေရုဆလင်၊ ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာ နေထိုင်တဲ့ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေကြား မကြာခဏ မြင့်တက်တတ်ပါတယ်။

ဂါဇာကို ဘယ်သူထိန်းချုပ်ထားလဲ

ဂါဇာကို ဟားမတ်စ်လို့ခေါ်တဲ့ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုက အုပ်ချုပ်ပါတယ်။ သူတို့က အစ္စရေးနဲ့ အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးပါတယ်။

ဒါကြောင့် ဟားမတ်စ်တွေလက်ထဲ လက်နက်တွေ ရောက်မသွားအောင် အစ္စရေးနဲ့ အီဂျစ်တို့က ဂါဇာနယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြပါတယ်။

ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသက ပါလက်စတိုင်းတွေက အဲဒီလို အစ္စရေးရဲ့ ထိန်းချုပ် ကန့်သတ်မှုတွေကြောင့် သူတို့တွေ ဒုက္ခတွေ ခံစားနေရတယ်လို့ ပြောပါတယ်။

အစ္စရေးဘက်ကတော့ သူတို့ကိုယ်သူတို့ ပါလက်စတိုင်းတွေရဲ့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ လုပ်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဓိက ပြဿနာတွေက ဘာတွေလဲ

အစ္စရေးနဲ့ ပါလက်စတိုင်းတွေကြား သဘောမတူနိုင်တဲ့ ကိစ္စတွေ ရှိနေပါတယ်။

ပါလက်စတိုင်း ဒုက္ခသည်တွေ ဘယ်လို ဖြစ်သင့်လဲ၊ အနောက်ဘက်ကမ်းမှာ အခြေစိုက်ထားတဲ့ ဂျူးလူမျိုးတွေကို ဆက်ထားမလား၊ ဖယ်ရှားမလား၊ ဂျေရုဆလင်ကို နှစ်ဖက် မျှဝေယူကြမလား ဆိုတာတွေနဲ့ အခက်ဆုံးဖြစ်နိုင်တဲ့ ကိစ္စကတော့ အစ္စရေးဘေးမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် ထူထောင်သင့်လား ဆိုတာတွေက အဲဒီသဘောမတူနိုင်တဲ့ အရေးကိစ္စတွေထဲမှာ ပါဝင်ပါတယ်။

ပြီးခဲ့ ဆယ်စုနှစ် သုံးစုအတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ဆွေးနွေးလိုက်၊ ရပ်လိုက် ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုထိတော့ ပဋိပက္ခက မပြေလည်နိုင်ပါဘူး။

အနာဂတ်ဘယ်လိုဖြစ်မလဲ

အတိုဆုံးပြောရရင် မြင်ရသလောက်ကတော့ အခြေအနေက ဖြေရှင်းနိုင်မယ့် အရိပ်အယောင် မရှိလှပါဘူး။

နောက်ဆုံး ငြိမ်းချမ်းရေးအစီအစဥ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်က စီစဥ်ခဲ့တဲ့ ငြိမ်းချမ်းရေးအစီစဥ်ဖြစ်ပြီး ဒါကို “ရာစုနှစ်ရဲ့အစီအစဥ်” လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တာညာဟူးက ခေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းတွေဘက်က အမြင်မှာ ဒါဟာ တစ်ဖက်သတ်ဆန်နေပြီး လက်တွေ့လည်း အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

ဒီရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းသဘောတူညီဖို့ နှစ်ဖက်စလုံး အနာဂတ်မှာ ငြိမ်းချမ်းရေးသဘောတူညီမှု လိုအပ်မှာ ဖြစ်ပါတယ်။

သဘောတူညီချက်မရသေးသရွေ့ကတော့ ပြဿနာတွေ ဆက်ဖြစ်နေမှာပါ။