ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန်ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ် ထုတ်ပြန်-ဖေဖော်ဝါရီလ ၁၁ ရက်ညပိုင်းသတင်းများ
ပါကစ္စတန်နိုင်ငံမှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
သီးခြားလွတ်လပ်တဲ့ အမတ်လောင်း ၁၀၁ ဦးအနိုင်ရခဲ့ပြီး အဲဒီထဲက ၉၀ ကျော်ဟာ အင်မရန်ခန်းရဲ့ PTI ပါတီနဲ့ မဟာမိတ်ဖွဲ့ထားသူတွေ ဖြစ်ပါတယ်။
သူ့ရဲ့ အဓိကပြိုင်ဘက် ဖြစ်သူ နဝါ့ဇ် ရှရစ်ဖ် ဦးဆောင်တဲ့ ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ် ပါတီက အမတ်နေရာ ၇၅ နေရာ ရခဲ့ပြီး ပါကစ္စတန် ပြည်သူ့ပါတီကတော့ အမတ်နေရာ ၅၄ နေရာ ရခဲ့ပါတယ်။
အခုအခါ ဘယ်ပါတီက အစိုးရသစ် ဖွဲ့မလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
အင်မရန် ခန်းက လောလောဆယ် အကျဉ်းကျနေပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ သူ့ရဲ့ PTI ပါတီကို ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်မပြုတဲ့အတွက် သူ့ကို ထောက်ခံအားပေးသူတွေက သီးခြားလွတ်လပ်တဲ့ အမတ်လောင်းတွေအဖြစ် ဝင်ပြိုင်ခဲ့ကြပါတယ်။
စစ်တပ်ရဲ့ ထောက်ခံအားပေးမှု ရထားတယ်လို့ ယူဆရတဲ့ မစ္စတာ ရှရစ်ဖ်က ညွန့်ပေါင်း အစိုးရဖွဲ့ရေးမှာ သူ့ကို အားပေးကူညီကြဖို့ တခြားနိုင်ငံရေးပါတီတွေကို မနေ့တုန်းက တိုက်တွန်းပန်ကြားခဲ့ပါတယ်။
ရာဖာမြို့ကို ထိုးစစ်ဆင်ဖို့ ပြင်နေတဲ့ အစ္စရေးကို နိုင်ငံတကာ သတိပေး
ဂါဇာဒေသရဲ့ တောင်ဘက်စွန်း ရာဖာမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ အစ္စရေးအစိုးရအပေါ် နိုင်ငံတကာထံက သတိပေးမှုတွေ တိုးလာနေပါတယ်။
အရပ်သားတွေအပေါ် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျရောက်လာမှာကို အကြီးအကျယ် စိုးရိမ်မိကြောင်း အီးယူ ဥရောပသမဂ္ဂ ကရော၊ အမေရိကန်၊ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံတွေကပါ ထုတ်ဖော်ပြောခဲ့ကြပါတယ်။
လူတွေ အဆမတန် ပြည့်ကျပ်နေတဲ့ ရာဖာမြို့မှာ လူ တစ်သန်းကျော် ခိုလှုံနေကြပြီး အများစုဟာ စစ်ပွဲတွေကြောင့် ဂါဇာက တခြားနေရာတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တာညာဟုက အဲဒီမြို့ကနေ အရပ်သားတွေကို ဘေးကင်းရာ ကယ်ထုတ်ရေး အစီအစဉ်တွေ ရေးဆွဲဖို့ အစ္စရေး စစ်တပ်ကို သူညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂအဖွဲ့ကတော့ အရပ်သားတွေ သွားဖို့ ဘေးကင်းရာနေရာ မရှိဘူးလို့ ပြောနေပါတယ်။
ဟားမတ်စ်အဖွဲ့ကလည်း ရာဖာမြို့ကို အစ္စရေးတို့ ထိုးစစ်ဆင်မယ် ဆိုရင် သူတို့ထိန်းသိမ်းထားဆဲ ဓားစာခံ ၁၃၀ ကျော်ကို ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုတွေ လုံးဝ ပျက်ပြယ်သွားလိမ့်မယ်လို့ ပြောထားပါတယ်။
စစ်ကုန်ကျစရိတ်မပေးနိုင်တဲ့ နေတိုးအဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ရုရှားကို တိုက်တွန်းမယ်လို့ ထရမ့်ပြော
အနောက်အုပ်စု စစ်မဟာမိတ် နေတိုးအဖွဲ့အတွက် ကုန်ကျစရိတ်တွေ မပေးတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဖို့ ရုရှားကို တိုက်တွန်းပြောဆိုမယ် ဆိုပြီး ဒေါ်နယ်ထရမ့်က ပြောကြားလိုက်တာအပေါ် အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။
မစ္စတာ ထရမ့်က ကုန်ကျစရိတ်တွေ မပေးနိုင်တဲ့ နိုင်ငံကို သူ့အနေနဲ့ ကာကွယ်စောင့်ရှောက်မှာ မဟုတ်ကြောင်းနဲ့ ရန်လိုတိုက်ခိုက်ချင်သူတွေ လုပ်ချင်ရာ လုပ်ဖို့ သူတိုက်တွန်းမှာ ဖြစ်ကြောင်း နိုင်ငံခေါင်းဆောင်တစ်ဦးကို သူပြောခဲ့ဖူးတယ်ဆိုပြီး စနေနေ့တုန်းက South Carolina ပြည်နယ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
ဒီပြောဆိုချက်ဟာ ရိုင်းစိုင်းလွန်းလှတဲ့ ပြောဆိုချက်ဖြစ်ပြီး အမေရိကန်နဲ့ တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို အန္တရာယ်ဆောင်နေတယ်လို့ သမ္မတ ဘိုင်ဒန်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ပိုလန် နိုင်ငံခြားရေးဝန်ကြီး ရာဒေါ့စလော စီကောစကီးကတော့ မစ္စတာထရမ့်ရဲ့ ပြောဆိုချက်တွေက အစွန်းရောက်လွန်းသွားပေမဲ့ နေတိုးအဖွဲ့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်ရေးတွေ လုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို နှိုးဆော်လိုက်သလို ဖြစ်သွားတဲ့အတွက် မစ္စတာထရမ့်ကို ကျေးဇူးတင်သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကာတာဆီကနေ တိုက်လေယာဉ်ဟောင်းတွေ ဝယ်ဖို့အစီအစဉ် အင်ဒိုနီးရှား ဖျက်သိမ်း
အင်ဒိုနီးရှားအစိုးရက ဒေါ်လာ သန်း ၇၅၀ ကျော် သုံးပြီး ကာတာနိုင်ငံကနေ တိုက်လေယာဉ် အဟောင်းတွေ ဝယ်ဖို့ အချေအတင်အငြင်းပွားစရာ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
Mirage 2000-5s တိုက်လေယာဉ်ဟောင်းတွေ ဝယ်ယူရေး ကန်ထရိုက်စာချုပ်က အခုအခါ အသက်မဝင်တော့ဘူးလို့ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဘာ့ကြောင့် အခုလို ကန်ထရိုက် သဘောတူချက် ဖျက်သိမ်းလိုက်တာလဲဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။
အဲဒီ အစီအစဉ်ကို မနှစ်တုန်းက အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရိုဘိုဝို ဆုဘီယန်တို က ထုတ်ဖော်ကြေညာခဲ့ချိန်မှာ အမတ်တွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
မစ္စတာ ဆုဘီယန်တိုဟာ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထိပ်က ပြေးနေသူ ဖြစ်ပါတယ်။
ဟောင်းနွမ်းနေတဲ့ တိုက်လေယာဉ်အဟောင်းတွေ ဝယ်ယူမယ့်ကိစ္စကို ပြိုင်ဖက် သမ္မတလောင်းတွေက သူတို့ရဲ့ မဲဆွယ်ပွဲတွေမှာ ထည့်သွင်း ဝေဖန်ခဲ့ကြပါတယ်။