ကမ္ဘာ့ဖလား ဘယ်အသင်းရမလဲ - ဘီဘီစီက ဘောလုံး သုံးသပ်သူများရဲ့ အမြင်

၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကြီး တနင်္ဂနွေနေ့မှာ စတင်တော့မှာ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပသွားကြမှာပါ။ အိမ်ရှင် ကာတာ၊ လက်ရှိ ချန်ပီယံ ပြင်သစ်နဲ့ ၅ ကြိမ် ချန်ပီယံ ဘရာဇီးတို့ အပါအဝင် ပြိုင်ပွဲဝင် အသင်းပေါင်း ၃၂ သင်းက ၂၈ ရက်အတွင်း ပွဲပေါင်း ၆၄ ပွဲ ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။ ဘယ်အသင်းတွေ ခြေစွမ်းပြပြီး ဘယ်အသင်းက ကမ္ဘာ့ဖလားကို မ သွားမလဲ။ ဘီဘီစီ ရဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီအစဉ်တွေက အားကစား အစီအစဉ် တင်ဆက်သုံးသပ်သူတွေရဲ့ မှန်းဆချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာ့ဖလား ဘယ်သူရမလဲ
အယ်လန် ရှီးရား - အာဂျင်တီးနား၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား လိုင်ယွန်နယ်မက်ဆီ အတွက် အကောင်းဆုံးနည်းနဲ့ နှုတ်ဆက်သွားနိုင်မယ်။ သူက ကျွန်တော်တို့ တွေ့ဖူးသမျှ ထဲမှာ အကောင်းဆုံး ဘောလုံးသမားလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ မာရာဒိုနာကို နှိုင်းယှဉ်ကြတဲ့ အခါတိုင်း သူ ကမ္ဘာ့ဖလား မရဖူးဘူးဆိုတာအမြဲ ပြောကြတယ်။ ဆိုတော့ ဒီကမ္ဘာ့ဖလားကို သူရမှ ဖြစ်မှာ၊ အဲဒါဆို ဘယ်သူ ပိုကောင်းလဲ ငြင်းခုံနေတာတွေ လည်း ရပ်သွားမယ်၊ ဘယ်လောက်ကောင်းလိုက်မလဲဗျာ။
မိုက်ကာ ရစ်ချတ်စ်- ကျွန်တော်ကတော့ ဘရာဇီးပဲ။ အာဂျင်တီးနားကို ကြိုက်ကြတာလည်း နားလည်ပါတယ်။ ဒါပေမယ့် ဘရာဇီးမှာ နေမာပါတယ်။ ဒီတကြိမ် သူ့အလှည့်ဗျ။ သူက ခြေစစ်ပွဲတွေတုန်းကလည်း ၈ ဂိုးတောင်သွင်းထားတာ။ သူ့ခြေစွမ်းက ဒီရာသီမှာ အရင်ထက် မြင့်လာပြီ။ တဖက်မှာလည်း ဘရာဇီးက သူ့ကို တော်တော် မျှော်လင့်ကြတာဆိုတော့ အဲဒီဝန်ကြီးကိုလည်း သူ့ပခုံးမှာ ထမ်းထားရတာတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီပြိုင်ပွဲမှာတော့ သူခြေစွမ်းပြမှာပါ။
ခရစ္စ ဆတ်တန် - ပြင်သစ်က လက်ရှိချန်ပီယံနော်၊ ပြီးတော့ သူတို့မှာ တကယ့် အကောင်းဆုံး ရှေ့တန်းသမားတွေလည်း ရှိတယ်။ ဘယ်လွန်ဒေါ ရထားတဲ့ ကာရင် ဘန်ဇီမာ၊ ကီလီယန် အမ်ဘတ်ပေ နောက်ပြီး အိုဆမန် ဒမ်ဘယ်လေ နဲ့ အန်တွိုင်း ဂရီးဇ်မန်းတို့ ရှိတယ်ဗျာ။ အလယ်တန်းမှာ တချို့ ဒဏ်ရာရထားလို့ မပါနိုင်ဘူး ဆိုပေမယ့် သူတို့ရဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ရီးယဲလ်မဒရစ်မှာ ကန်နေကြတဲ့ သြော်ရီလီယန် ချူမန်နီ နဲ့ အက်ဒွာဒို ကာမာဗင်ဂါ တို့ ခြေစွမ်းက လုံးဝ ထိပ်တန်းဗျ။ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လာရင် ပြင်သစ်က တကယ်ကစားမလား ဆိုတာပဲ ကြည့်ရတာ။ ဒီတခါတော့ သူတို့ တကယ် ကစားကြမှာပါ။ ပြီးခဲ့တဲ့ရုရှားပြိုင်ပွဲတုန်းကလို သူတို့ တကယ်ကစားမယ်ဆို မရစရာ မရှိပါဘူး။
အဲလက်စ် စကော့ - ဘရာဇီးပဲ။ သူတို့ အသင်းမှာ အတွေ့အကြုံရင့်တွေရော အခုပွဲမှာ ခြေစွမ်းပြနိုင်လောက်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာတို့လို လူငယ်ခြေတက်တွေရော ပါတယ်။ နေမာကလည်း ခြေတက်နေတယ်။ နောက်ပြီးဒီပြိုင်ပွဲဝင်မယ့် အသင်းတွေ အားလုံးနီးနီး ပြင်ဆင်ချိန်သိပ်မရကြဘူး ဆိုတော့ တချို့ပွဲတွေမှာ တဦးကောင်း တယောက်ကောင်းနဲ့ အနိုင်ရသွားတာမျိုးတွေ မြင်ရနိုင်တယ်။
အက်ရှ်လေ ဝီလယမ်စ် - အသင်းမှာ တိုက်စစ်အား ဘယ်လောက်ကောင်းသလဲ ဆိုတာ ကြည့်ရမှာပေါ့။ ဘရာဇီးမှာက အတိုက်ကစားနိုင်တဲ့ လူတွေကတော့ အများကြီးပဲ။ သူတို့သာ ဗိုလ်စွဲရင် ဘောလုံးလောကအတွက်လည်း သိပ်ကောင်းမှာ။ ကျနော်တို့ အားလုံးက ဘရာဇီး ပရိတ်သတ်တွေပဲ မဟုတ်ဘူးလား။
ဖာရာ ဝီလယမ်စ် - ကျွန်မ ခေါင်းကတော့ ဘရာဇီးပဲလို့ ပြောနေတယ်။ သူတို့ပဲ ရမှာ၊ အသင်းကိုကြည့်တာနဲ့ တိုက်စစ်အား ဘယ်လောက်ကောင်းသလဲ သိနေတာကိုး။ ဒါပေမယ့် နှလုံးသားကတော့ တမျိုးပြောနေတယ်။ ဆိုတော့ အင်္ဂလန်နဲ့ ဘရာဇီး ဗိုလ်လုမယ်။ အင်္ဂလန်ဖလားယူပြီး ပြန်လာမယ်ပေါ့။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂျာမိန်း ဂျီးနပ်စ် - အားလုံးက အမြဲ တိုက်စစ်ကိုပဲ အာရုံစိုက်ကြတယ်။ ခံစစ်လည်း ကြည့်ရမှာပေါ့။ အဲဒီလို ဆိုရင်တော့ အာဂျင်တီးနား ခံစစ်က တကယ် မာတာ။ ၂၀၂၁ ကိုပါ အမေရိက ဖလား ရထားတဲ့ နောက်တန်း၊ အချိတ်အဆက်လည်း မိနေကြတယ်။ အဲဒီ ဗိုလ်လုပွဲတုန်းက သူတို့နိုင်ခဲ့တဲ့ ဘရာဇီးကပဲ အခု ကာတာပွဲမှာလည်း အဓိက ပြိုင်ဘက် ဖြစ်လာမှာ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီတကြိမ် မက်ဆီ ဖလားယူပြမယ်လို့ ထင်တယ်ဗျာ။
ကာရဲန် ဘာ့ဒ်စ်လီ - သမိုင်းကို ပြန်ကြည့်ရင်တော့ ဂိုးမပေးရတဲ့ အသင်းမျိုးတွေ ဂိုးအနည်းဆုံး ပေးရတဲ့ အသင်းမျိုးတွေပဲ ကမ္ဘာ့ဖလား ရကြတာ များပါတယ်။ ဆိုတော့ ဘယ်အသင်းက နောက်တန်း အကောင်းဆုံးလဲ၊ ဂိုးသမား ကောင်းသလား ဆိုတာ ကြည့်ရမယ်။ နောက်ပြီး ပြိုင်ပွဲ အတွင်း အုပ်စု ပွဲစဉ်တွေမှာပါ ကစားအားကို ဘယ်လို တင်သွားမလဲပေါ့။ အကြိုက်ဆုံးကတော့ ဘရာဇီးနဲ့အာဂျင်တီးနားပါ။ ဘရာဇီးရမယ်လို့ ထင်ပါတယ်။ သူတို့မှာက ဘယ်နေရာပဲကြည့်ကြည့် လူကောင်းတွေချည်းပဲ။ ခံစစ်ကို ကြည့်ရင်လည်း မှတ်မိသမျှ နှစ်ပေါင်းများစွာအတွင်းမှာ ဒီတကြိမ် အတောင့်တင်းဆုံးပါပဲ။
ရီယို ဖာဒီနန် - ဘရာဇီးက အသင်းလည်း တောင့်တယ်၊ အတွေ့အကြုံလည်း ရင့်တယ်။ နောက်ပြီးအသင်းရဲ့ တကယ့် ကျောရိုး ကစားသမားတွေကို ကြည့်ရင်လည်း ပြိုင်ပွဲ ဗိုလ်စွဲဖူးတဲ့ အတွေ့အကြုံမျိုးတွေ ရင့်နေတဲ့ လူတွေချည်းပါပဲ။
ရော့ဘ်ဂရီန်း - ဘရာဇီးမှာက လူငယ်ခြေတက်တွေရော ပြိုင်ပွဲတွေမှာ အနိုင်ရဖူးတဲ့ အတွေ့အကြုံရင့်ကစားသမားတွေရော ဆိုတော့ ကျွန်တော်ကတော့ ဘရာဇီးပဲ။
ဂက်ဘီ လိုဂဲန် - ကျွန်မကတော့ ခံစားချက်တွေ ရှေ့တန်းတင်ပြီး မက်ဆီပဲ နိုင်လိမ့်မယ် ဘာညာ မပြောချင်ပေမယ့် တောင်အမေရိက အသင်းတသင်းပဲ ဗိုလ်စွဲလိမ့်မယ် ထင်တယ်။ ဗင်နီးစီးယပ်စ် ဂျူနီယာဟာ တကယ်ကို ခြေစွမ်းပြနိုင်မယ်။ ဗိုလ်စွဲမယ့် အသင်းက အင်္ကျီ အဝါ ဝတ်ထားလိမ့်မယ်။
ဒဲန်နီ မာဖီ - ဘရာဇီးနဲ့ အာဂျင်တီးနားကို ကျော်နိုင်မယ့် အသင်း မမြင်ဘူး။ နှစ်သင်းစလုံးက အရည်အသွေးရော အတွေ့အကြုံရော အပြည့်ပဲ။ သူတို့ကို တားနိုင်ဖို့ တော်တော်လုပ်ရမယ်။ အာဂျင်တီးနား ရသွားလိမ့်မယ်လို့ ထင်တယ်။ အကောင်းတကာ့ အကောင်းဆုံး ဘောလုံးသမား ကမ္ဘာ့ဖလားရယူသွားမယ်လို့ ဟောလိုက်မယ်ဗျာ။
ဒဲန်နီ ဂယ်ဘီဒွန် - ကျွန်တော်ကတော့ ပြင်သစ်ကြိုက်တယ်။ သူတို့ အသင်းက တကယ်ကို ဟန်ချက်ညီပါတယ်။ ရှေ့တန်းကလည်း အားကောင်းတယ်။ ပြင်သစ် နည်းပြ ဒီဒီယေ ဒေးရှော့န့်ပ် အတွက်တော့ ဒီလူတွေနဲ့ဆို ဘယ်စနစ်နဲ့ကစားမလဲ။ ပွဲထွက် ၁၁ ယောက်ကို ဘယ်သူတွေကို ရွေးရမလဲ ဆိုတာ တကယ့်ကို ပြဿနာကြီး ဖြစ်နေလောက်မယ်။
ယာဂဲန် ကလင်းစမန်း - အာဂျင်တီးနားရဲ့ တကယ့် မောင်းနှင်အားက မက်ဆီပါပဲ။ သူ့အသက်က ၃၅ နှစ် ရှိနေပြီ ဆိုတော့ ဒီတကြိမ်မှာ သူ့အတွက် ပထမဆုံး ကမ္ဘာ့ဖလား ဆုကို ရဖို့ သင့်နေပြီ ဆိုတာ ပရိတ်သတ်တွေလည်း အသိပါပဲ။ သူကိုယ်တိုင်လည်း သိပါတယ်။ သူ့အသင်းကလည်း သိပါတယ်။ အဲဒါကြောင့်လည်း ကမ္ဘာ့ဖလားရဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားကြမှာပါ။ ဘရာဇီးမှာတော့ နေရာတိုင်းမှာ လူကောင်းတွေချည်းပဲ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျွန်တော် အကြည့်ဖြစ်ဆုံးအသင်းကလည်း သူတို့ အသင်းပါပဲ။ တော်တော်လည်း ကြိုက်ပါတယ်။ သူတို့က ကာတာပြိုင်ပွဲကို လာတာ ကမ္ဘာ့ဖလားယူဖို့ လာတာပါ။ ယူလည်း ယူသွားမယ်လို့ ထင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Sport
ဘယ်အသင်းက ရနိုင်ခြေ အများဆုံးလဲ
ဘရာဇီး(၇)
မိုက်ကာရစ်ချတ်စ်၊ အဲလက်စ် စကော့၊ အက်ရှ်လေ ဝီလယမ်းစ်၊ ဂက်ဘီ လိုဂဲန်၊ ယာဂဲန် ကလင်းစမန်း၊ ရီယို ဖာဒီနန်၊ ကာရဲန် ဘာ့ဒ်စလီ၊ မက်သျူး အပ္ပဆင်၊ ရော့ဘ် ဂရီန်း
အာဂျင်တီးနား(၃)
အယ်လန် ရှီးရား၊ ဂျာမိန်း ဂျီးနပ်စ်၊ ဒဲန်နီ မာဖီ
ပြင်သစ် (၂)
ခရစ္စ ဆတ်တန်၊ ဒဲန်နီ ဂက်ဘီဒွန်
အင်္ဂလန် (၁)
ဖာရာ ဝီလယမ်စ်
အင်္ဂလန်ရဲ့ အခြေအနေ
အယ်လန် ရှီးရား - ပြီးခဲ့တဲ့ ပြိုင်ပွဲ ၂ ကြိမ်မှာ ကစားခဲ့သလိုတော့ ထပ်လုပ်နိုင်မယ် မထင်ပါဘူး။ ပြိုင်ပွဲရဲ့ ရှုံးထွက် အဆင့်တွေရောက်တဲ့အခါ အသင်းကြီးတွေနဲ့ တွေ့ရင် နောက်တန်းက သိပ်ခံနိုင်မယ် မထင်ဘူး။ ဟယ်ရီကိန်းကတော့ အခရာပါ၊ အသင်းခြေစွမ်းပြနိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ သူက အခရာကျခဲ့တာလေ၊ ဆိုတော့ ဒီတခါလည်း အင်္ဂလန် ခရီးရောက်မယ်ဆိုရင် ဟယ်ရီကိန်းလည်း ၅ ဂိုး ၆ ဂိုးလောက်တော့ သွင်းနိုင်မှာပဲ။ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်ပြီး ရွှေဖိနပ် ရဖို့ မျှော်လင့်နေမှာပါ။
အင်္ဂလန်အသင်းရဲ့ ကာတာပြိုင်ပွဲ အလားအလာ ဘယ်လို ရှိမလဲ
အယ်လန် ရှီးရား - စိတ်ဝင်စားစရာပေါ့၊ ဂဲရက်သ်ဆောသ်ဂိတ်က နောက်တန်း ၄ ယောက်ထားမလား၊ ၃ ယောက်နဲ့ ထွက်လာမလား ဆိုတာရယ် ရှေ့မှာ ဟယ်ရီကိန်းနဲ့ ဘယ်သူ့ကို တွဲပြီး ကစားခိုင်းမလဲ ဆိုတာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။
ဝေလအသင်းရဲ့ ဘယ်လောက် ခရီးရောက်မလဲ၊ အံ့သြစရာ ခြေစွမ်းမျိုးပြနိုင်မလား
အက်ရှ်လေ ဝီလယမ်စ် - ကမ္ဘာ့ဖလား ၆၄ နှစ်ကြာပြီးမှ တခါပြန် ယှဉ်ပြိုင်ခွင့်ရတာနဲ့တင် ကျေနပ်ပါပြီ။ အုပ်စုကနေ ကျွတ်ဖို့ကတော့ လုပ်နိုင်လောက်ပါတယ်။
တသင်းလုံး ကြိုးစားရမှာပေါ့။ ပွဲထွက်ကစားသမားတွေရော အရံခုံပေါ်က လူတွေရော တာဝန်ကျေဖို့တော့ လိုတာပေါ့ဗျာ။ ဘရဲန်နန် ဂျွန်ဆင်ဆိုလည်း ပွဲထွက်ကစားတဲ့ အထဲ မပါလောက်ပေမယ့် အရေးအကြောင်းကျရင် ပွဲကို ပြောင်းလဲ ပစ်နိုင်မယ့် ကစားသမား မျိုးပါ။
ဝေလအသင်းရဲ့ အလားအလာ
အက်ရှ်လေ ဝီလယမ်စ် - ယုံကြည်မှုတော့ ရှိပါတယ်။ အစကတော့ မျှော်လင့်နေပါတယ် ပြောမလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အဲဒါထက်ပိုပြီး ယုံကြည်မှု ရှိဖို့ လိုပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ဝေလအသင်းဟာ အုပ်စုကနေ ကျွတ်နိုင်မယ်လို့ ရင်ထဲမှာ ယုံကြည်နေပါတယ်။
မထင်မှတ်ဘဲ ခြေစွမ်းပြမယ့် အသင်း
ဂျာမိန်း ဂျီးနပ်စ် - တောင်အမေရိက မှာ ဘရာဇီးနဲ့ အာဂျင်တီးနား လောက်ပဲ အန္တရာယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဥရုဂွေးဆိုလည်း ဒီတပွဲမှာ ဖျက်မြင်း ဖြစ်လာနိုင်တဲ့ အသင်းပါ။ ဥရောပမှာတော့ ဒိန်းမတ်ကို ကြိုက်တယ်။ ပြီးတော့ ဂျာမနီကလည်း မေ့ထားလို့ မရဘူးနော်၊ သူတို့က ပြိုင်ပွဲချိန်ရောက်ရင် ဘာလုပ်ရမလဲဆိုတာ အမြဲသိနေတာမျိုးဗျ။
ရီယို ဖာဒီနန် - ပေါ်တူဂီက လုပ်ပြလိမ့်မယ် ထင်တယ်။ တော်တော်များများက သူတို့ကို သိပ်မမှန်းထားကြဘူး။ အာဖရိကကတော့ ဆီနီဂေါက ဒုက္ခပေးမယ့် အသင်းဖြစ်လိမ့်မယ်ထင်တယ်။ နောက်ပြီး ကနေဒါနဲ့ အဲလ်ဖွန်ဆို ဒေးဗစ္စကိုလည်း သတိထားရမယ်။
ယာဂဲန် ကလင်းစမန်း - ဥရောပ အသင်းကြီးတွေအနေနဲ့ တော်တော် ခြေကြွနေတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားကို ရင်ဆိုင်ရမှာ၊ အဲဒီ နှစ်သင်းက ဖလားယူဖို့ ချိန်နေကြတာ။ ကျွန်တော်ကတော့ သတ္တိကောင်းတဲ့ ဂျာမနီ အသင်းကို အားပေးမှာပေါ့။ ရုရှားပြိုင်ပွဲတုန်းက အဖြစ်တွေကို မေ့ပစ်နိုင်ဖို့ လုပ်ပေးနိုင်မယ် ထင်တယ်။ နည်းပြ ဟန်စီ ဖလစ်ခ် အတွက်လည်း လွန်ခဲ့တဲ့ ၄ နှစ်က ဒဏ်ရာတွေကို ကုစားဖို့ လုပ်စရာတွေ ရှိနေဆဲပါ။ ဒီအသင်းက လူငယ်လေးတွေ များတယ်ဆိုတော့ အင်ပြည့် အားပြည့်နဲ့ ရဲရဲဝံ့ဝံ့ကစားကြတာကို မြင်ချင်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းကို ပြန်ကြည့်ပြီး ပြောရင်တော့ ဂျာမနီအတွက်က နောက်ဆုံး ၄ သင်း ထဲမဝင်ဘူးဆိုရင် စိတ်မကောင်းစရာလို့ပဲ ပြောရမှာပေါ့ဗျာ။








