လားရှိုးမြို့ ဘယ်လိုပြန်လည်ရုန်းထနေလဲ

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ လားရှိုးမြို့တစ်နေရာ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ လားရှိုးမြို့တစ်နေရာ (ပုံဟောင်း)

တရုတ်အကူအညီနဲ့ လားရှိုးကနေ ကိုးကန့်တပ်ဆုတ်ခွာတာ တစ်လကျော်ရှိလာတဲ့နောက် တိုက်ပွဲကြောင့် အလုံးအရင်းစွန့်ခွာခဲ့ကြတဲ့ မြို့ခံတွေ မြို့ထဲ ပြန်ဝင်နေကြပါပြီ။

စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်အထိပါ ကိုးကန့်တပ်က မနှစ်က သိမ်းနိုင်ခဲ့ပေမဲ့ လေဆိပ်၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေအပြင် လားရှိုးမြို့ရဲ့ အထင်ကရနေရာတွေပါ ထိခိုက်ပျက်စီးခဲ့တဲ့အထိ လားရှိုးကအထိနာခဲ့ပါတယ်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်၊ သေဆုံးမှု များခဲ့သလို တိုက်ပွဲအပြီး ၁၀ လနီးပါးကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့သူတချို့လည်းရှိနေပါတယ်။

နေအိမ်၊ စီးပွားပျက်စီးသွားတဲ့မြို့ခံတွေနဲ့ တိုက်ပွဲအတွင်း မိသားစုဝင် ဆုံးရှုံးခဲ့ရသူတချို့ကတော့ မြို့အပျက်အစီးပုံတွေကြားမှာပဲ စစ်ပွဲရဲ့ ကြေကွဲခြောက်ခြားမှုတွေကို တင်းခံရုန်းထနေရပါတယ်။

လားရှိုးလေဆိပ် ပြန်မဖွင့်နိုင်သေး

လားရှိုးလေဆိပ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လားရှိုးလေဆိပ် (ပုံဟောင်း)

မြို့သိမ်းတိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ပထမအပတ်ကတည်းက ပိတ်ခဲ့ရတဲ့ လားရှိုးလေဆိပ်ကို စစ်တပ်အုပ်ချုပ်ရေး ပြန်လက်လွှဲယူပြီး တစ်လကျော်ကြာအထိ ပြန်မဖွင့်နိုင်သေးပါဘူး။

လေယာဉ်ပြေးလမ်းနဲ့ လေကြောင်းထိန်းချုပ်တဲ့ တာဝါတိုင်တွေအပြင် လေဆိပ်ထဲက ဆိုက်ရောက်၊ ထွက်ခွာ အဆောက်အအုံတွေပါ ထိခိုက်ပျက်စီးခဲ့တာကြောင့် အပျက်အစီးကြီးမားတယ်လို့ လေဆိပ်ရုံးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်လို့ ပေါက်သွားတဲ့ လေယာဉ်ပြေးလမ်းပေါ်က ကျောက်သားတွေကို နမူနာယူစစ်ဆေးပြီး အနီးစပ်ဆုံးကျောက်သားနဲ့ စနစ်တကျလမ်းပြန်ခင်းနေရတာကြောင့် အချိန်ယူဖို့လိုတယ်လို့ သူက ရှင်းပြပါတယ်။

ဒါကြောင့် လေဆိပ်ကို ဇွန်လအကုန်လောက်မှ ပြန်ဖွင့်နိုင်လိမ့်မယ်လို့ သူကခန့်မှန်းပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လေဆိပ်ထဲမှာရှိတဲ့ ပုံရိပ်ဖော်စက်ဖြစ်တဲ့ စစ်ဆေးတဲ့ စက်ကိရိယာတချို့ကိုလည်း ကိုးကန့်တပ်က ပြီးခဲ့တဲ့ ဧပြီလ မြို့ကိုစွန့်ခွာချိန်မှာ ယူသွားတာရှိသလို တခြားပစ္စည်းတချို့လည်း အခိုးခံရတာတွေရှိတယ်လို့ သိရပါတယ်။

လေကြောင်းလိုင်းတချို့ကတော့ မေလ တတိယအပတ်မှာ လားရှိုးကနေ မန္တလေးနဲ့ ရန်ကုန်အထိ လေယာဉ်တွေပြန်ပြေးဆွဲတော့မယ်ဆိုပြီး လက်မှတ်တွေ ကြိုတင်စရန်ငွေယူပြီး ရောင်းချခဲ့ပါတယ်။

ဒါပေမယ့် လေဆိပ်မဖွင့်နိုင်လို့ ကြိုတင်ငွေတွေ ပြန်အမ်းပေးခဲ့တယ်လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

လေကြောင်းခရီးလမ်း ပြန်မပွင့်သေးတာကြောင့် ကုန်းလမ်းကနေသာ မြို့ခံတွေက ပြန်ဝင်နေရတယ်လို့ ဒေသခံတချို့က ဘီဘီစီကို‌ပြောပါတယ်။

မေလ တတိယအပတ်အထိ လားရှိုးမြို့ထဲ ပြန်ဝင်လာတဲ့ ဒေသခံအရေအတွက်က ထောင်နဲ့ချီပြီး ရှိနိုင်တယ်လို့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။

၂၀၁၉ ခုနှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ စာရင်းအရ လားရှိုးမြို့နယ်မှာ လူဦးရေ ၃၀၀,၀၀၀ ကျော်ရှိပြီး မြို့နေလူဦးရေကတော့ အဲဒီအရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။

"သုံးပုံပုံ တစ်ပုံခွဲလောက်တော့ မြို့ထဲ ပြန်ဝင်လာကြပြီ၊ ရပ်ကွက်ကြီး ၁၂ ခုမှာ ၉ ခုလောက်ကတော့ နေ့တိုင်းပြန်ဝင်လာတဲ့သူတွေရှိတယ်" လို့ စစ်တပ်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က မေ ၂၃ ရက်မှာ ပြောပါတယ်။

လားရှိုးဆေးရုံကြီးကိုတော့ စစ်တပ်က မေလအစပိုင်းမှာ ပြန်လည်ပတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုးကန့်တပ်က လားရှိုးမြို့ဆေးရုံကြီးကနေ ကုသရေးဆိုင်ရာ စက်ပစ္စည်းတွေအပြင် ထရန်စဖော်မာစတဲ့ လျှပ်စစ်ပစ္စည်းတွေကို သယ်ယူသွားတာကြောင့် ဆေးရုံအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလုံအလောက်မပေးနိုင်ဘူးလို့ မြို့ခံတချို့က ပြောပါတယ်။

တစ်ဖက်မှာလည်း ကျောင်းဖွင့်ရာသီ ၆ လပိုင်းအမီ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ ကျောင်းတွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်မှာရှိတဲ့သူတွေက ပြောပါတယ်။

အထက်တန်းကျောင်းတစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်းကတော့ လက်နက်ကြီးနဲ့ ရှော့တိုက်ဒုံးထိမှန်မှုများတာကြောင့် လုံးဝပျက်စီးသွားပြီလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

"အ.ထ.က (၉) နဲ့ အ.မ.က (၄)ကတော့ ကျောင်းချိန်အမီ ပြန်မဖွင့်နိုင်လောက်ဘူး" လို့ သူကဆိုပါတယ်။

ဒါပေမဲ့ ကျောင်းအများစုကတော့ ကျောင်းရာသီအမီပြန်ဖွင့်နိုင်တဲ့ အထိ ပြင်ဆင်မှု ခရီးရောက်တာကြောင့် ဇွန်လပိုင်းမှာ မြို့ခံအရေအတွက် ထောင်နဲ့ချီ ထပ်ပြီး ပြန်ဝင်လာနိုင်တယ်လို့ စစ်တပ်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ကျောင်းအပ်လို့ရမယ့်အချိန်ကိုတော့ မကြေညာသေးဘူး။ ပုံမှန် ဒီချိန်ဆို ကျောင်းအပ်နေရပြီ" လို့ မိဘတစ်ဦးက ဆိုပါတယ်။

တစ်ဖက်မှာလည်း လားရှိုးမြို့ထဲက အထင်ကရနေရာတွေဖြစ်တဲ့ လားရှိုးမြို့တော်ခန်းမ၊ လားရှိုးမိုတယ်နဲ့ တက္ကသိုလ်ကျောင်းတို့ကလည်း ပျက်စီးလျက်သား ဖြစ်နေတုန်းပဲလို့ မြို့ထဲပြန်ဝင်လာသူတချို့က ပြောပါတယ်။

"စစ်ပွဲကြောင့် တချို့နေရာတွေ မမှတ်မိနိုင်အောင်အထိ ပျက်စီးသွားလို့ သေချာပြန်ကြည့်ရတယ်" လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ကိုးကန့်တပ် လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့အချိန်မှာလည်း စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

"ရမခ" အခြေအနေ ဘယ်လိုလဲ

လားရှိုးမြို့ထဲ ကိုးကန့်ရဲတွေ လုံခြုံရေးကင်းလှည့်နေတဲ့ မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လားရှိုးမြို့ထဲ ကိုးကန့်ရဲတွေ လုံခြုံရေးကင်းလှည့်နေတဲ့ မြင်ကွင်း (ပုံဟောင်း)

စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တချို့နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတချို့ကတော့ လားရှိုးမြို့အခြေစိုက်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ထဲမှာ ပြန်ဝင်ပြီး တပ်စွဲနေပြီလို့ မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။

မြို့ကိုစွန့်လွှတ်လိုက်ရတဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်တပ်က လားရှိုးမြို့ရဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို တန့်ယန်းမှာယာယီအနေနဲ့ ပြောင်းလဲအခြေစိုက်ခဲ့ပါတယ်။

စစ်တပ်လက်လွှဲယူတဲ့ ဧပြီလလယ်ပိုင်းကတည်းက ရမခထဲကို လက်နက်နဲ့ လူအင်အားတွေပို့ပြီး နဂိုမူလတပ်ရင်းတွေ ပြန်တည်ဆောက်နိုင်အောင် ဖွဲ့စည်းပြင်ဆင်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

လားရှိုးမြို့အုပ်ချုပ်ရေးအတွက် ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလည်း ပြန်ဖွင့်ဖို့ စစ်ကောင်စီက စီစဉ်နေတာပါ။

ဒါပေမဲ့ စစ်တပ်အုပ်စီးနိုင်တဲ့ အခြေအနေက ရမခ အပါအဝင် မြို့ပေါ် ရပ်ကွက် ၁၂ ခုပဲရှိပါတယ်။

လားရှိုးမြို့ဝင်မြို့ထွက်ဂိတ်တွေဖြစ်တဲ့ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမပေါ်က မယ်ဟန်ဂိတ်နဲ့ လားရှိုး-သိန္နီပြည်ထောင်စုလမ်းမပေါ် အေဒီတံတားဂိတ်ကစလို့ မြို့ရှောင်လမ်းတွေအထိ ကိုးကန့်တပ်တွေက နေရာယူတပ်စွဲထားပါတယ်။

"မြို့ပြင် ပတ်ပတ်လည်မှာ MNDAA တွေ နေရာယူထားတုန်းပဲ" လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဒီလိုအခြေနေတွေကြောင့် စစ်တပ်က တိုင်းစစ်ဌာနချုပ်ကို လားရှိုးမှာ ပြန်အခြေစိုက်မယ့် အလားအလာမရှိဘဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အဆင့်လောက်ပဲ လားရှိုးမှာ ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့ သတင်းတွေ ဧပြီလမှာ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ မေလထဲမှာတော့ တန့်ယန်းက တိုင်းမှူးနဲ့ အဖွဲ့ဟာ ရမခ-လားရှိုးထဲကို ပြန်ဝင်လာပြီး အထိုင်ချရုံးထိုင်နေပြီလို့ ဘီဘီစီသတင်းရင်းမြစ်ကဆိုပါတယ်။

ရမခတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူကတော့ ဗိုလ်မှူးချုပ် အေးမင်းဦးဖြစ်ပြီး ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၉၄ သင်တန်းဆင်းဖြစ်ပါတယ်။

သူဟာ ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ်ရဲ့ ကျောင်းအုပ်အဖြစ်ကနေ တိုင်းမှူးအဖြစ် ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပါတယ်။

လားရှိုးမြို့ထဲမှာတော့ စစ်တပ်က တင်းကျပ်စစ်ဆေးတာမျိုးမရှိပေမယ့် ရမခပတ်လည်မှာတော့ လုံခြုံရေးတွေ ချထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

တစ်ဖက်မှာလည်း အုပ်ချုပ်သူလွှဲပြောင်းရေးနဲ့ အပစ်အခတ်ရပ်ရေးကို စောင့်ကြည့်ဖို့ တရုတ်က ကိုယ်စားလှယ်အဖွဲ့ပါ စေလွှတ်ခဲ့ပြီး လားရှိုးမြို့မှာ ရုံးထိုင်ပြီး အနီးကပ်စောင့်ကြည့်စေမယ်လို့ အသံလွှတ်ခဲ့ပါတယ်။

ဒါပေမဲ့ မေလအထိ လားရှိုးမြို့မှာ တရုတ်ကိုယ်စားလှယ်အဖွဲ့အတွက် ရုံးခန်းအတည်တကျဖွင့်ထားတာမျိုးမရှိဘဲ မြို့ထဲက ဆင်နှစ်ကောင်ဟိုတယ်မှာပဲ တရုတ်အဖွဲ့အပါအဝင် စစ်တပ်နဲ့ ကိုးကန့်တပ်ဘက်က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံညှိနှိုင်းမှုတချို့ ဆက်လုပ်နေတဲ့ အခြေအနေလို့ သတင်းရင်းမြစ်က ပြောထားပါတယ်။

ကုန်ဈေးနှုန်း ၂ ဆကျော် တက်လာတဲ့ လားရှိုး

လားရှိုးမြို့မဈေးကြီး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လားရှိုးမြို့မဈေးကြီး (ပုံဟောင်း)

မြို့ခံ လူထုအတွက် သောက်ရေသန့်အပြင် အခြေခံစားသောက်ကုန်တွေအတွက် တရုတ်ဘက်က တင်သွင်းလာတဲ့ ပစ္စည်းတွေကိုပဲ အားထားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ချင်းရွှေဟော်-သိန္နီလမ်းကြောင်းကနေ တရုတ်ဘက်က ကုန်တချို့ ပုံမှန်ရောက်နေတာတော့ ရှိတယ်" လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

မန္တလေး-လားရှိုးပြည်ထောင်စုလမ်းပိုင်းမှာလည်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေဆက်ရှိနေသလို လားရှိုး-မူဆယ်လမ်းကြောင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက အပိုင်းလိုက် ထိန်းချုပ်ထားတဲ့အခြေအနေပါ။

မူဆယ် ၁၀၅ မိုင်လို နယ်စပ်ကုန်သွယ်ဂိတ်ကြီးတွေ ပိတ်ထားရတဲ့အပြင် ဖွင့်တဲ့နယ်စပ်ဂိတ်တချို့ကနေ ပြည်တွင်းထဲ ကုန်ပစ္စည်းသယ်ဆောင်တဲ့အခါမှာလည်း တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခွန်ပေးဆောင်ရတာတွေလည်းရှိတာကြောင့် ဈေးနှုန်းတွေမြင့်နေတာလို့ ကုန်သည်တချို့က ထောက်ပြပါတယ်။

လားရှိုးမှာ မေလအထိ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် ၃ သိန်းကျော်အထိ ဈေးပေါက်နေပြီး တိုက်ပွဲမဖြစ်ခင်အချိန်က ကျပ် ၁ သိန်းခွဲဝန်းကျင်သာ ရှိခဲ့တာကြောင့် ၂ ဆကျော် ဈေးတက်လာပါတယ်။

စားသုံးဆီကတော့ တစ်ပိဿာ ကျပ် ၂၀,၀၀၀ ဝန်းကျင်မှာရှိပြီး တိုက်ပွဲမဖြစ်ခင်က ဈေးနှုန်းနဲ့ ကွာခြားမှုမရှိဘူးလို့ သိရပါတယ်။

ဒါပေမဲ့ စက်သုံးဆီကတော့ အများစုသုံးတဲ့ နိုင်တီတူး(92) ဆီအမျိုးအစား တစ်လီတာကို ကျပ် ၅,၈၀၀ ဝန်းကျင်အထိရှိပြီး တိုက်ပွဲမဖြစ်ခင်ကတော့ ကျပ် ၃,၀၀၀ ကျော်ဝန်းကျင်ပဲ ရှိခဲ့ပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံတွေ ပြန်လည်ပြုပြင်ဖို့အတွက် အဓိက အကျဆုံး ဘိလပ်မြေကိုတော့ တရုတ်ကနေ တင်သွင်းနေရပြီး တစ်အိတ်ကို ကျပ် ၂၁,၀၀၀ ဝန်းကျင်နဲ့ မြို့ထဲမှာ ဝယ်ယူလို့ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လိုအပ်သလောက် ဝယ်လို့ရနေပေမယ့် အရင်က တင်သွင်းတဲ့ အရည်အသွေးထက် ပိုနိမ့်သွားတယ်" လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ခိုးဆိုးလုနှိုက်သောင်းကျန်းမှုတွေ ပြည့်နေတဲ့မြို့

မေလ ဒုတိယအပတ်က မြို့ခံတစ်ဦး လူမှုကွန်ရက်မှာ မျှဝေထားတဲ့ပို့စ်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, မေလ ဒုတိယအပတ်က မြို့ခံတစ်ဦး လူမှုကွန်ရက်မှာ မျှဝေထားတဲ့ပို့စ်တစ်ခု

လားရှိုးဒေသခံတွေဟာ ကုန်ဈေးနှုန်း ရိုက်ခတ်မှုကို ခါးစီးခံနေရတဲ့အပြင် လုံခြုံအေးချမ်းမှုမရှိတဲ့ ဒုက္ခတွေကြားထဲမှာ အားတင်းပြီးရှင်သန်နေရပါတယ်လို့ မြို့ခံတွေက ညည်းတွားနေကြပါတယ်။

လားရှိုးမြို့မှာ တိုက်ပွဲပြီးဆုံးသွားပေမယ့်လည်း မြို့တွင်းမှာ ဓားပြတိုက်တာ၊ သေနတ်ပြခြိမ်းခြောက် အကြမ်းဖက်ပြီးလုယက်တာအပြင် ခိုးမှုတွေလည်း ပေါများနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲဖြစ်နေချိန် နေအိမ်ထဲက ပစ္စည်းတွေ အခိုးခံလိုက်ရတဲ့ ဒေသခံတွေလည်းရှိနေပါတယ်။

ကိုးကန့်အုပ်ချုပ်ရေးစတင်တဲ့နောက်ပိုင်း လားရှိုးမြို့မှာ မုဒိန်းမှု၊ လူသတ်မှု၊ ဓားပြတိုက်မှုနဲ့ ဖောက်ထွင်းခိုးယူမှုစတဲ့ ရာဇဝတ်မှုစွဲချက်တွေနဲ့ မြန်မာနိုင်ငံသားခံယူထားတဲ့ တရုတ်လူမျိုး တစ်ဦးအပါအဝင် အမျိုးသား ၅ ဦးကို ကိုးကန့်တပ်က အများအရှေ့မှာပဲ သေဒဏ်စီရင်ခဲ့ပါတယ်။

ဒါပေမဲ့ လားရှိုးမြို့ အုပ်ချုပ်ရေးကို စစ်တပ်လွှဲပြောင်းယူချိန်ကစပြီး မေလအတွင်း ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှုတွေ ပိုဆိုးလာတယ်လို့ မြို့ခံတချို့က လူမှုကွန်ရက်ပေါ်မှာ ကြုံတွေ့ခဲ့ရတာတွေကို ရေးသားမျှဝေခဲ့ကြပါတယ်။

"ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာတောင် အသက်အန္တရာယ်ရှိနိုင်တယ်။ အပြင်လည်း မထွက်ရဲဘူး၊ အိမ်ကို ဒီတိုင်းထားခဲ့လို့လည်း မရဘူး" လို့ မြို့ခံတစ်ဦးက ရှင်းပြပါတယ်။

နောက်ထပ်မြို့ခံတစ်ဦးကတော့ မေလထဲမှာပဲ အိမ် ၂ လုံးဖောက်ထွင်းတာ ခံလိုက်ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

"အိမ်က ၃ လုံးရှိတာ၊ တစ်လုံးကတော့ တိုက်ပွဲမှာ လက်နက်ကြီးကျလို့ ပြာကျသွားပြီ။ နောက်ထပ် ၂ လုံးကလည်း အဖောက်ခံလိုက်ရတာ ဘာပစ္စည်းမှ မကျန်တော့ဘူး" လို့ အိမ်ရှင်ဖြစ်သူက ဆိုပါတယ်။

လူထုတွေမှာ ဒီလို ရာဇဝတ်မှုတွေနဲ့ နေ့စဉ်နီးပါး ကြုံတွေ့နေရပေမယ့် စစ်တပ်က လုံခြုံရေးဆောင်ရွက်တာ၊ ရာဇဝတ်ကျူးလွန်သူတွေကို စောင့်ကြည့်ဖမ်းဆီးတာတွေ မလုပ်ဘူးလို့ ဒေသခံတွေက ထောက်ပြနေကြပါတယ်။

လားရှိုးမြို့ထဲ ပြန်ဝင်လာကြတဲ့သူတွေထဲ အများစုကတော့ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တယ်လို့ မြို့ကို စောင့်ကြည့်လေ့လာနေတဲ့ အကဲခတ်တချို့က ပြောပါတယ်။

မြို့အုပ်ချုပ်မှုက မတည်မငြိမ်ဖြစ်နေသလို စစ်တပ်ကလည်း ရာဇဝတ်မှုကျူးလွန်သူတွေကို စောင့်ကြည့်အရေးယူဖမ်းဆီးတာတွေမရှိတာကြောင့် လုပ်ငန်းတွေ မလည်ပတ်နိုင်ဖြစ်နေတယ်လို့ ဆန်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ဒေသခံတချို့ဟာ တိုက်ပွဲပြီးလို့ နေရပ်ပြန်ရောက်လာချိန်မှာလည်း ဒီလိုလုယက်၊ ဓားပြတိုက်ခံနေရတာကြောင့် တပူပေါ်တပူဆင့်တဲ့ ဒုက္ခတွေကြုံနေရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

အလားတူ တိုက်ပွဲဖြစ်လို့ ထွက်ပြေးခဲ့ရချိန် မိသားစုဝင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ပေမယ့် တိုက်ပွဲပြီးချိန်မှာလည်း မိသားစုနဲ့ ဆုံစည်းခွင့်မရတော့တဲ့သူတချို့လည်း ရှိပါတယ်။

မြို့ထဲမှာ ပြန်နေထိုင်နေပေမယ့် မိခင်ဖြစ်သူနဲ့ အဆက်အသွယ်မရတော့တဲ့အကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

"အသက်ရှင်နေသေးရင်တော့ ဆက်သွယ်လာမှာပဲ၊ အခုကတော့ မမျှော်လင့်တော့ပါဘူး" လို့ သူက ပြောခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာလည်း လက်နက်ကြီးကျည်ထိမှန်လို့ မိသားစုဝင် ၂ ဦးဆုံးရှုံးခဲ့ရတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ကဆိုပါတယ်။

သူဟာ လားရှိုးမြို့ထဲက ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးဖြစ်ပြီး စစ်တပ်အုပ်ချုပ်ရေး လက်လွှဲယူပြီးနောက်ပိုင်းမှ မြို့ထဲပြန်ဝင်လာခဲ့တာပါ။

"ဝမ်းရေးနလန်ထူဖို့ ဆိုင်ပြန်ဖွင့်တော့ ဓားပြတိုက်ခံရတယ်၊ ရင်းနှီးထားတဲ့ သိန်းရာနဲ့ချီ အကုန်ကုန်ပြီ။ လုပ်ကိုင်စားစရာမရှိတော့ဘူး" လို့ သူက ဝမ်းနည်းသံနဲ့ ပြောပြပါတယ်။

လုယက်ခံရတဲ့ ဒေသခံတွေ ဘီဘီစီကို ပေးပို့လာတဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းတချို့မှာ အိမ်စီးကားစီးလာတဲ့ အဖွဲ့ ၂ ဖွဲ့ထက်မနည်းက လက်နက်နဲ့ခြိမ်းခြောက်ပြီး ဓားပြတိုက်တာကို တွေ့ရပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ အုပ်ချုပ်သူအပြောင်းအလဲဖြစ်ချိန်မှာ ဒီလိုခိုးဆိုးလုယက်မှုတွေဟာ ဖြစ်နိုင်ခြေရှိပြီး ဒါကိုပြန်ထိန်းချုပ်ဖို့ စစ်တပ်က အပြည့်အဝအင်အားရှိပုံမပေါ်သေးဘူးလို့ ဝေဖန်ထားပါတယ်။