လားရှိုးကို တရုတ်အကူအညီနဲ့ စစ်ကောင်စီ ဘယ်လိုထိန်းချုပ်မလဲ

ဧပြီလ ၉ ရက်တုန်းက လားရှိုးမြို့ထဲမှာ ကင်းလှည့်နေတဲ့ ကိုးကန့်ရဲတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဧပြီလ ၉ ရက်တုန်းက လားရှိုးမြို့ထဲမှာ ကင်းလှည့်နေတဲ့ ကိုးကန့်ရဲတပ်ဖွဲ့ဝင်တွေ

မြန်မာဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျင်း လားရှိုးမြို့ကို ရောက်နေပြီး စစ်ကောင်စီကို အုပ်ချုပ်ရေးယန္တရား လွှဲပြောင်းပေးမယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဘက်ကပါ အတည်ပြုပြောကြပါတယ်။

စစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ကြား အပစ်ရပ်ကတိကို တရုတ်ကြားဝင်စေ့စပ်ခဲ့တဲ့နောက် လားရှိုးမြို့ကနေ ကိုးကန့်တပ် ဆုတ်ခွာရဖို့ဖြစ်ခဲ့တာပါ။ ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ်ဖွဲ့ဝင်အားလုံး လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးကနေ ထွက်ခွာခဲ့ပြီဖြစ်လို့ မြို့ထဲမှာ ကိုးကန့်အလံတွေမရှိတော့ဘဲ မြန်မာနိုင်ငံအလံတစ်ခုတည်းသာ လွှင့်ထူထားပါတော့တယ်။

အထူးသံတမန် တိန့်ရွှီကျင်းနဲ့အဖွဲ့ဟာ လားရှိုးမြို့လယ်အနီးက ဆင်နှစ်ကောင်ဟိုတယ်မှာ တည်းခိုပြီး အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာလွှဲပြောင်းရေး ဦးဆောင်လုပ်မယ့်သဘောလို့ နားလည်ရပါတယ်။

လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ အပြီးဆုတ်ခွာရမယ့် ဧပြီ ၂၁ ရက်နောက်မှာ လားရှိုးမြို့ရဲ့အုပ်ချုပ်ရေးဘယ်လိုပုံစံဖြစ်လာမလဲ။

မြန်မာနှစ်သစ်ကူးမတိုင်ခင် ဧပြီလဆန်းပိုင်းတုန်းက မြင်တွေ့ရတဲ့ လားရှိုးမြို့မစျေးကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနှစ်သစ်ကူးမတိုင်ခင် ဧပြီလဆန်းပိုင်းတုန်းက မြင်တွေ့ရတဲ့ လားရှိုးမြို့မစျေးကြီး

တရုတ်အကူအညီနဲ့ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေ လားရှိုးမြို့ကို ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့မှာ လွှင့်ထားတဲ့ MNDAA ကိုးကန့်အထူးဒေသ (၁) အလံလည်း မရှိတော့ပါဘူး။

တရုတ်အနေနဲ့ လားရှိုးမြို့မှာ ကောင်စစ်ဝန်ရုံးခွဲထားပြီး အပစ်ရပ်ရေးစောင့်ကြည့်မယ်ဆိုတဲ့အထိ ပြင်ဆင်ထားတယ်လို့ ဘီဘီစီရဲ့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၂၁ ရက် မတိုင်ခင်မှာပဲ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့ စာတန်းပါတဲ့ကားတွေ လားရှိုးကို ရောက်ရှိနေတဲ့အကြောင်း ဓာတ်ပုံတွေက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ နေပါတယ်။

ထူးခြားတာက လားရှိုးကိစ္စကို တရုတ်က ဦးဆောင်ကြားဝင်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်တဲ့ အပေါ် စစ်တပ်ထောက်ခံသူတွေရော တော်လှန်ရေးအင်အားစုဘက်မှာပါ ဝေဖန်မှုတွေရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းနဲ့ အဖွဲ့တင်မက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တွေလည်း လားရှိုးမြို့ ဆင်နှစ်ကောင် ဟိုတယ်မှာ ရှိနေတယ်လို့ သိရပါတယ်။

''တိန့်ရွှီကျင်းနဲ့အဖွဲ့ ရောက်နေတာ သေချာပါတယ်။ မူဆယ်ဘက်ကနေ လားရှိုးကို ဝင်လာတာပါ။ ဆင်နှစ်ကောင်ဟိုတယ်မှာ သူတို့ကို ကိုးကန့်တပ်က လုံခြုံရေး ယူပေးထားပါတယ်'' လို့ လားရှိုးမြို့ ခံ ကိုစိုင်းရွှေက ပြောပါတယ်။

စစ်ကောင်စီဘက်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ MNDAA ဘက်က အထွေထွေအတွင်းရေးမှူးနဲ့ စစ်ဦးစီးချုပ်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်လူမှုကွန်ရက် TikTok မှာတော့ လားရှိုးမြို့ကို ရောက်နေတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ယာဥ်တန်းမှာ အပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့စာတန်းပါ ကားတွေ လားရှိုးမြို့အတွင်း သွားလာနေတာကို တွေ့ရပါတယ်။

လားရှိုးမြို့ပေါ် မှာ ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး တရုတ်ရဲ့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မယ့်ရုံးက မြန်မာဖွားတရုတ်လူမျိုးတွေ လူနေထူထပ်တဲ့ ရပ်ကွက် ၅ နဲ့ ၈ ဘက်မှာ ဖွင့်နိုင်တယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။

ဧပြီ ၂၁ ရက်အထိ စစ်ကောင်စီ၊ တရုတ်နဲ့ ကိုးကန်တပ်တို့ အစည်းအဝေးလုပ်နေတဲ့ လားရှိးမြို့က ဆင်နှစ်ကောင်ဟိုတယ်သွားတဲ့လမ်းကို ပိတ်ထားဆဲဖြစ်ပါတယ်။

ဧပြီ ၂၂ ရက်မှာ သုံးဖွဲအကြား အပြီးသတ်ဆွေးနွေးပြီးရင်တော့ လားရှိုးမြို့ အုပ်ချုပ်ရေးပုံစံသစ် ပုံပေါ်လာမယ်လို့ နားလည်ရပါတယ်။

လားရှိးမြို့ကိုစစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်နဲ့ ကိုးကန့်တပ်ဘက်ကပါ တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။

''တရုတ် ဦးဆောင်တဲ့ပုံစံက ကိုးကန့်တပ်တွေ လားရှိုးမြို့ကနေ စနစ်တကျဆုတ်ခွာနိုင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် ကောင်စစ်ဝန်ရုံးခွဲ အထိဖွင့်လှစ်ပြီး ဆက်လက်စောင့်ကြည့်မှာမျိုး'' လို့ လားရှိုးသတင်းရင်းမြစ်တစ်ဦးက သူသိထားတာကို ကိုးကားပြီး ရှင်းပြပါတယ်။

မြောက်ပိုင်းတပ်တွေနဲ့ နီးစပ်တဲ့နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကတော့ စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတဲ့ ဒီဇင်ဘာလ မရောက်ခင် ကြားကာလမှာ လက်ရှိအပစ်ရပ်ခိုင်မာရေးကို တရုတ်က အားထည့်လုပ်နေတာလို့ ပြောပါတယ်။

''တရုတ်သဘောကတော့ နှစ်ဖက်လုံးက အခုကာလမှာ Ceasefire Status(အပစ်ရပ်အနေအထား)နဲ့ပဲ ဆက်နေကြ၊ ရွေးကောက်ပွဲပြီးသွားတဲ့နောက်မှပေါ်လာတဲ့ အခင်းအကျင်းကျမှ နိုင်ငံရေးအရ ညှိလို့ရမယ်ဆိုတဲ့ မိုဒယ်(ပုံစံ)ကို တရုတ်က သွားခိုင်းတာ'' လို့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က အစောပိုင်း သူသိထားတဲ့အချက်ကို ရှင်းပြပါတယ်။

ဘီဘီစီရဲ့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ အပစ်ရပ်သဘောတူညီချက်တုန်းက သဘောတူညီချက်အားလုံးကို အသေးစိတ်မသိရပေမဲ့ လားရှိုးကို နှစ်ဖက်လုံးက ပူးတွဲအုပ်ချုပ်တဲ့ပုံစံမျိုးကို တရုတ်ဘက်က ဖော်ဆောင်မယ်လို့ သူသိထားတဲ့အချက်အလက်ကို ပြောပါတယ်။

''ဗဟိုနဲ့ ဒေသအခြေစိုက်အဖွဲ့တွေ ပူးတွဲအုပ်ချုပ်ကြတဲ့ပုံစံတခုက ရုပ်လုံးပေါ်လာလိမ့်မယ်''

တရုတ်ပြောတဲ့လမ်းကြောင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) မိုင်းလား(မုံးလား)အဖွဲ့ ရဲ့ မိုဒယ်(ပုံစံ)လို့ သူက ပြောထားပါတယ်။

မြို့မှာ နှစ်ဖက်လုံးက အုပ်ချုပ်ရေးအဖွဲ့တွေရှိပြီး နှစ်ဖက်လုံး အခွန်ကောက်တာနဲ့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတာမျိုးလို့ ဆိုပါတယ်။

ကိုးကန့်တပ်ရဲ့ အထူးဒေသ(၁) အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့အပြင် ရှမ်းမြောက်က သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးကိုပါ ထည့်ပြောပြီး ၁၀၂၇ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ အဆင့်လိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အခုတော့ လားရှိုးကနေ ပြန်ဆုတ်ရတဲ့ကိုးကန့်တပ်တွေဟာ သူတို့သိမ်းထားတဲ့ သိန္နီ၊ ကွမ်းလုံမှာ ပြောင်းရွှေ့ အခြေချကြမယ်လို့ သိထားရကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

''လားရှိုးမြို့ပြင်မှာ ကိုးကန့်တပ်တွေတော့ ရှိနေမယ်။ မြို့ထဲမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်နေပြီ။ ထွေအုပ်နဲ့ ဆေးရုံအုပ် အရင်ရောက်လာတယ်။ နောက်ထပ် လဝကနဲ့ စည်ပင်လည်းရောက်လာပြီ။ အတော်များများရောက်လာကြပါပြီ'' လို့ လားရှိုးသတင်းရင်းမြစ်က ဧပြီ ၂၁ ရက်မြို့ တွင်း အခြေအနေကို ရှင်းပြပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေ အလုံးအရင်းဝင်ရောက်လာတာမရှိပေမဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းတပ်ဖွဲ့လို စစ်တပ်လက်အောက်အဖွဲ့တချို့တော့ ရောက်နေပြီလို့ ဆိုပါတယ်။

တဖက်မှာလည်း ကိုးကန့်တပ်နဲ့ စစ်တပ်နှစ်ဖက်လုံးက တရုတ်ကောင်စစ်ဝန်ရုံးခွဲကို သတိပေးလှုပ်ရှားသွားလာရမယ့်အထိ သိထားရကြောင်း မြေပြင်သတင်းရင်းမြစ်တွေက ပြောပေမဲ့ ဘီဘီစီအနေနဲ့ အဲဒီအချက်ကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လက မြန်မာခရီးစဥ်နောက်မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပေါ် တစ်ဖွဲ့ချင်းစီအလိုက် ဖိအားပေးမှုတွေကို တရုတ်က လုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေဘက်က ဖွင့်ချထားပါတယ်။

အဲဒီနောက်မှာ မြောက်ပိုင်း ၃ ဖွဲ့ပေါင်းမှ ဆွေးနွေးမယ်ဆိုတဲ့ မူပျက်သွားပြီး တစ်ဖွဲ့ချင်းပဲ ဆွေးနွေးခဲ့ကြတာကနေ ၂၀၂၅ ဇန်နဝါရီ ၂၀ ရက်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ် ( MNDAA) တို့ကြားမှာ အပစ်ရပ်သဘောတူညီမှုရခဲ့ကြောင်း တရုတ်ဘက်က ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၀ ရက် လားရှိုးမြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay

ဓာတ်ပုံ ပုံစာ, ဧပြီ ၂၀ ရက် လားရှိုးမြို့မြင်ကွင်း

တဖက်မှာလည်း လားရှိုးမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ရောက်လာတဲ့အပေါ် ကိုးကန့်နဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်(TNLA) အပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာမယ်လို့ မြောက်ပိုင်းတပ်တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

သူတို့သိထားတဲ့အချက်အလက်တွေအရ တရုတ်က မြောက်ပိုင်းတပ်တွေအထူးသဖြင့် TNLA ကို ဆက်ပြီး ဖိအားပေးလာလိမ့်မယ်လို့ ဆိုပါတယ်။ လားရှိုးနဲ့ ထိစပ်နေတဲ့ TNLA ရဲ့ ထိန်းချုပ်နေရာတွေမှာပါ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တရုတ်အစိုးရဘက်က သဘောထားတွေကိုသိထားတဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးကလည်း တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို ပြင်းပြင်းထန်ထန်လုပ်လာနိုင်တယ်လို့ သူသိထားချက်တွေကို ကိုးကားပြောပါတယ်။

''ကျားဖြန့်နှိမ်နှင်းရေးလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်က အကြီးအကျယ် ထောက်ပံ့ပေးခဲ့တယ်။ နောက်ပိုင်းမှာ သူတို့ကိုလိမ်သွားတယ်လို့ မြင်တဲ့အတွက် ပျော့ပျော့ပြောင်းပြောင်းတော့ လုပ်ဖို့ သိပ်မမြင်ဘူး''

''အထူးသဖြင့် မူဆယ်-မန္တလေးလမ်းကို တရုတ်က ပြန်ဖွင့်ဖို့ ကြိုးစားလိမ့်မယ်။ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေကို ကာကွယ်ဖို့ လုပ်လိမ့်မယ်။ မြန်မာအစိုးရတွေနဲ့ သဘောတူထားတဲ့ ကားလမ်း၊ ရထားလမ်းတွေကို ဆက်လုပ်နိုင်အောင် ရှင်းလင်းပါလိမ့်မယ်'' လို့ သူသိထားချက်တွေကို ကိုးကားပြီး နိုင်ငံရေးအကဲခတ်က ပြောပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ က ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တရုတ်နိုင်ငံရဲ့ အပစ်ရပ်ရေး စောင့်ကြည့်ကာလက ဘယ်လောက်အချိန်ယူမယ်ဆိုတာကို မသိရသလို ဘာတွေဆောင်ရွက်မလဲဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ သေချာတဲ့အချက်တခုက မြန်မာနိုင်ငံတွင်းမှာ တရုတ်စီမံကိန်းတွေ ရှိနေတာကြောင့် တရုတ်ကအခုလို ကမကထ ဝင်လုပ်တာလို့ ဆိုပါတယ်။

''ကိုးကန့်က မြန်မာနဲ့တရုတ်နယ်စပ်ကြားကပ်ပြီး ရှိနေတာဆိုတော့ သူတို့ရဲ့ ကြားဝင်မှုက ပိုပြီးတော့ သက်ရောက်မှုရှိတာပေါ့။ ဒါပေမယ့် ကောင်းခြင်း ဆိုးခြင်း အားသာချက် အားနည်းချက်ကတော့ အချိန်ယူ လေ့လာရမယ်'' လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

လားရှိုး- မူဆယ် ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေ ဧပြီ ၂၁ ရက်အထိရပ်နားထားသလို လားရှိုးမြို့ထဲမှာလည်း လူသွားလူလာနည်းပါးပြီး ဆိုင်တချို့ပဲ ဖွင့်တယ်လို့ဆိုပါတယ်၊။

မန္တလေးမှာ ငလျင်ဒဏ်ထိထားတဲ့ လားရှိုးစစ်ရှောင်တွေကတော့ အခြေအနေတွေတည်ငြိမ်သွားရင် နေရပ် ပြန်လည်နေထိုင်ကြမယ်လို့ ပြောဆိုနေကြပါတယ်။

ကိုးကန့်တပ်(MNDAA) ဟာ ၂၀၂၄ ခုနှစ် သြဂုတ်လက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

တဖက်မှာလည်း တရုတ်ကြားဝင်ပေမဲ့ အပစ်ခတ်ရပ်စဲရေးဘယ်လောက် စိတ်ချရမလဲဆိုတာမျိုး မေးခွန်းထုတ်မှုတွေရှိနေပါတယ်။ စစ်တပ်နဲ့ နီးစပ်တဲ့ အကဲခတ်တချို့ကတော့ ကိုးကန့်တပ်ဟာ တရုတ်သြဇာလွှမ်းတဲ့ လက်နက်ကိုင်တပ်ဖြစ်လို့ တရုတ်ဦးဆောင်တာက အပစ်ရပ်သဘောတူမှုကို ပိုခိုင်မာစေတယ်လို့ ကောက်ချက်ချပါတယ်။