ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းဟောင်း ဘန်နဒစ်ရဲ့ ဘဝဖြတ်သန်းမှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့တဲ့ ပုပ်ရဟန်မင်းကြီးဟောင်း ဘန်နဒစ်ရဲ့ စျာပနကို ဗာတီကန်မြို့ စိန့်ပီတာရင်ပြင်မှာ ကျင်းပခဲ့ပြီး ပရိသတ် ငါးသောင်းလောက် တက်ရောက်ခဲ့ကြပါတယ်။
ဒါဟာ သက်ရှင်ထင်ရှား ပုပ်ရဟန်းတစ်ပါးက သူ့ရှေ့က ပုပ်ရဟန်မင်းရဲ့ စျာပနကို ပြုလုပ်ပေးရတဲ့ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဥ်ပါ။
သက်တော် ၉၅ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပုပ်ရဟန်မင်းကြီးဟာ ၂၀၁၃ ခုနှစ်မှာ ကျန်းမာရေးကြောင့် ရာထူးက အနားယူခဲ့တဲ့အတွက် နှစ်ပေါင်း ၆၀၀ လောက်အတွင်း ပထမဆုံး ရာထူးက နုတ်ထွက်သူလည်း ဖြစ်ခဲ့ပြီး သူ့ဘဝတစ်လျှောက်မှာ ချီးကျူးခံရမှုတွေရှိခဲ့သလို အငြင်းပွားဖွယ်တွေလည်း ရှိခဲ့ပါတယ်။
သူ့ရဲ့ ဘဝဖြစ်စဥ်ကို ပြန်ပြောင်းကြည့်ရင် အခုလို တွေ့မြင်နိုင်ပါတယ်။
ဘန်နဒစ် ၁၆ ၂၀၀၅ ခုနှစ်မှာ ပုပ်ရဟန်မင်းကြီး ဖြစ်လာချိန်မှာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။
ရှစ်နှစ်လောက် အကြာမှာတော့ အသက်အရွယ်နဲ့ ကျန်းမာရေးမကောင်းတာကြောင့် ပုပ်ရဟန်းမင်းကြီးရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
ပုပ်ရဟန်မင်းကြီးတွေ သမိုင်းမှာ Gregory XII က ၁၄၁၅ ခုနှစ်မှာ နုတ်ထွက်ပြီးခဲ့တဲ့ နောက်ပိုင်း ပုပ်ရဟန်းမင်းမှရာထူးက နုတ်ထွက်တာမရှိခဲ့ပါဘူး။
ဘန်နဒစ်ဟာ ၁၂၉၄ ခုနှစ်မှာ Celestine V က ပထမဦးဆုံး ဆန္ဒအလျောက် နုတ်ထွက်ခဲ့တဲ့ နောက်ပိုင်း ပထမဆုံး ဆန္ဒအလျောက် နုတ်ထွက်တဲ့ ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူဟာ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ၂၆၅ ဆက် မြောက် ပုပ်ရဟန်မင်းကြီး ဖြစ်ပြီး အငြင်းပွားဖွယ်ရာတွေနဲ့အတူ လျင်လျင်မြန်မြန် နေရာရလာခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီအချိန်က သူ့ကို အရင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ ရဲ့ အမွေဆက်ခံမယ့် ထူးချွန်သူအဖြစ် သူ့ကို ထောက်ခံသူတွေက ပုံဖော်ခဲ့ကြပါတယ်။
သူ့ကို ဝေဖန်သူတွေကတော့ သူဟာ ကိုယ်ဝန်ဖျက်ချတာနဲ့ သန္ဓေတားမြစ်တာလို ပြဿနာတွေအတွက် ကျောင်းတော်ရဲ့ တရားသေကျချဥ်းကပ်မှုကို ကာကွယ်သူအဖြစ် ရှုမြင်ကြပါတယ်။
သူဟာ လိုအပ်လို့ ပြောစရာ လုပ်စရာရှိတာတွေကို လူတွေ စိတ်အနှောင့်အယှက် ဖြစ်မှာမစိုးဘဲ လုပ်တတ်သူတစ်ဦး ဖြစ်ပါတယ်။
သူ့နာမည်ရင်းက Joseph Aloysius Ratzinger ဖြစ်ပြီး သူ့ကို ဂျာမနီနိုင်ငံ တောင်ပိုင်း ဘာဗာရီးယားပြည်နယ်မှာ ၁၉၂၇ ခုနှစ် ဧပြီလ ၁၆ ရက်မှာ ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ် မိသားစုက မွေးဖွားခဲ့ပါတယ်။
သူ့အဖေက ရဲအရာရှိဖြစ်ပြီး နောက်ပိုင်းမှာ သူက သူ့ကိုယ်သူ နယ်ဘက်ကလို့ ပြောပါတယ်။
သူ့ငယ်ဘဝကတော့ ဒုတိယကမ္ဘာစစ်ရဲ့ အမှတ်အသားတွေနဲ့ပါ။
သူဟာ ဟစ်တလာလူငယ်အဖွဲ့မှာ အတင်းအကျပ်ဝင်ခိုင်းခံရပြီး မြူးနစ်မြို့အပြင်ဘက်က BMW စက်ရုံကို ကာကွယ်တဲ့ လေယာဥ်ကာကွယ်ရေး တပ်ဖွဲ့မှာ အမှုထမ်းခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ပိုင်းမှာ သူဟာ တင့်ကားရန်ကာကွယ်တဲ့ ကတုတ်ကျင်းတွေလည်း တူးခဲ့ရပြီး စစ်ကြီး ပြီးခါနီးတမှာ ထွက်ပြေးလာခဲ့တယ်လို့ သူက ပြောပါတယ်။
သုံးရက်ကြာ အဆုံးမရှိတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ခြေလျင်လျှောက်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။
အမေရိကန် စစ်သားတွေက စစ်ရှုံးသူတွေကို ဓာတ်ပုံတွေ ရိုက်ကြတာမှာ လူငယ်လေးတွေ သူတို့အားလုံးနီးပါးကို ဓာတ်ပုံတွေ ရိုက်သွားကြတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ၁၉၄၆ ကနေ ၁၉၅၁ ခုနှစ် မြူးနစ်တက္ကသိုလ်မှာ ဒဿနိကဗေဒနဲ့ ဓမ္မပညာကိုလေ့လာခဲ့ပါတယ်။
၁၉၅၁ ဇွန်လမှာတော့ သူ့အစ်ကို Georg နှင့်အတူ ခရစ်ယာန် ဘုန်းကြီး ဖြစ်လာခဲ့ပါတယ်။
သူဟာ ဓမ္မပညာပါရဂူဘွဲ့ရပြီးနောက် Freising၊ Bonn နဲ့ Munster အပါအဝင် နေရာအတော်များများမှာ အယူဝါဒနှင့် အခြေခံဓမ္မပညာတွေကို သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ သူဟာ ဒုတိယဗာတီကန်ကောင်စီကို တွန်းလှန်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလစ်ဘရယ်အစီအစဉ်ကို ရှေ့တန်းက ဦးဆောင်သူလည်း ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သူ့ကို Tübingen တက္ကသိုလ်ကို ခေါ်ဆောင်လာသူ Hans Kung က ပုပ်ရဟန်းမင်းကြီးရဲ့ မှားယွင်းနိုင်မှု အယူအဆကို ငြင်းပယ်မှုကြောင့် ကျောင်းမှာ သင်ကြားခွင့်ကို ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။
၁၉၆၈ မှာ ထင်ရှားပြီး ပြုပြင်ပြောင်းလဲလိုတဲ့ ခရစ်ယာန်ဓမ္မပညာရှင်ပေါင်း ၁၃၆၀ က လွတ်လပ်စွာ ယုံကြည်ခြင်းကို စူးစမ်းပိုင်ခွင့် ဆိုင်ရာ ကြေငြာချက်တစ်ခုကို လက်မှတ်ရေးထိုးတဲ့အခါမှာ သူက ပါဝင်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်မှာ ကက်သလစ်ဘာသာဝင်တွေဟာ ဗာတီကန် ကျောင်းတော် လည်ပတ်မှုတာဝန်ယူထားတဲ့ Roman Curia ရဲ့ ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် မေးမြန်းခွင့်ရှိသင့်တယ်လို့ ဆိုပြီး ဗာတီကန်ရဲ့ ကြီးစိုးမှုကို ဆန့်ကျင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
၁၉၆၈ နိုင်ငံရေးအုံကြွမှုတွေကြောင့် ဂျိုးဇက် ရက်ဇင်ဂါရဲ့ ဘာသာရေးဆိုင်ရာအမြင် သိသိသာသာ ပြောင်းလဲသွားစေခဲ့ပါတယ်။
အမေရိကန်နှင့် ပါရီက ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေနည်းတူ Tübingen မှာ ဖြစ်ပွားခဲ့ရာမှာ လက်ဝါးကပ်တိုင်ဟာ ညှဉ်းပန်းမှုအပေါ် သာယာတဲ့ ပြယုဂ် အဖြစ် ဝေဖန်တဲ့ စာပေတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီအစွန်းရောက်ဓမ္မပညာပျံ့နှံ့မှုကြောင့် ရက်ဇင်ဂါ အလွန်တုန်လှုပ်သွားခဲ့ပြီး ပိုမိုရှေးရိုးဆန်တဲ့ Regensburg တက္ကသိုလ်ကို ထွက်ခွာသွားခဲ့ပါတယ်။
သူ့ရဲ့ လက်ထောက်ဖြစ်သူ Wolfgang Beinert က ရက်ဇင်ဂါဟာ အဲဒီအဖြစ်အပျက်တွေအတွက် သူ့မှာ တစ်နည်းနည်းနဲ့ တာဝန်ရှိတယ်၊ တက္ကသိုလ်၊ လူ့အဖွဲ့အစည်းနဲ့ ဘုရားကျောင်း အသိုက်အမြုံ ပြိုလဲလာမှုမှာ အပြစ်ရှိတယ်လို့ ယူဆခဲ့ကြောင်း ပြောပြပါတယ်။
အဲဒီအချိန်ကစပြီး ဂျိုးဇက် ရက်ဇင်ဂါဟာ အသင်းတော် ပြုပြင်ပြောင်းလဲရေး၊ တင်းကျပ်တဲ့ အထက်အောက်ဖွဲ့စည်းပုံ ဖြိုဖျက်ရေးနဲ့ ဗာတီကန်နဲ့ ကက်သလစ်ဂိုဏ်းအုပ်တွေကြားမှာ စည်းလုံးညီညွတ်မှုကို အားပေးရေး စတဲ့ အယူအဆသစ်တွေကို လက်လျှော့ခဲ့ပုံရပါတယ်။ အဲဒီကနေ သူဟာ ရှေးရိုးစွဲ ထောက်ခံသူ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, API/GAMMA-RAPHO
အဲဒီနောက် ဂျိုးဇက် ရက်ဇင်ဂါဟာ ကျောင်းတော်မှာ လျင်လျင်မြန်မြန် ရှေ့တန်းရောက်လာခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ပေါလ် ၆ က သူ့ကို မြူးနစ် ဂိုဏ်းချုပ်၊ အဲဒီနောက် ၁၉၉၇ ခုနှစ်မှာ ကာဒီနယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
၁၉၈၁ မှာ ပုပ်ရဟန်မင်းကြီး ဂျွန်ပေါလ်က တစ်ချိန်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Holy Inquisition လို့ လူသိများတဲ့ Church theology ရဲ့ သန့်ရှင်းမှုကို ကာကွယ်ဖို့ ရက်ဇင်ဂါကို ဗာတီကန်မှာ ခန့်အပ်ခဲ့ပါတယ်။
၁၉၈၀ ပြည့်နှစ်တွေမှာ သူဟာ လက်တင်အမေရိကမှာ အထူးရေပန်းစားလာတဲ့ ကက်သလစ် အယူဝါဒနဲ့ မာ့စ်ဝါဒ ရောထွေးထားတဲ့ "လွတ်မြောက်ရေးသီအိုရီ" ကို ဆန့်ကျင်တဲ့ ကျောင်းတော်လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါတယ်။
သူဟာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါအတွက် ဓမ္မရေးရာ တွန်းအားပေးသူအဖြစ် ဆောင်ရွက်ရာမှာ အယူမှားတဲ့ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ပညာရှင်တွေ သူတို့အယူအဆတွေ ခံဝန်မထိုးခင်မှာ ရောမမှာ လာရောက် ရှင်းလင်းပြောကြဖို့ တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ တခြား အယူဆမှားသူတွေကို ဆက်မဝေဖန်နိုင်အောင်လုပ်တာ၊ ကျောင်းတော်နဲ့ အဆက်အဆံ ဖြတ်တောက် ပစ်တဲ့အထိ လုပ်ခဲ့တဲ့အတွက် လစ်ဘရယ်တွေက သူ့ကို "Panzerkardinal"လို့ နာမည်ပေးထားကြပါတယ်။
ရှေးရိုးစွဲတွေကတော့ ရက်ဇင်ဂါရဲ့ လုပ်ရပ်တွေကို ထောက်ခံကြတာ တွေ့ရပါတယ်။
နောက်ပိုင်းမှာ သူဟာ "ဘာသာရေး နှိုင်းရဝါဒ" လို့ သူမြင်တဲ့ ရှုထောင့်တွေကိုလည်း ရှုတ်ချတိုက်ခိုက် လာခဲ့ပါတယ်။
"ဘာသာရေး နှိုင်းရဝါဒ" ဆိုတာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘာသာရေး ယုံကြည်မှု တစ်မျိုးတည်းက မူပိုင်ခွင့် ရမထားဘူးဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ Domine Iesus (သခင်ယေရှု) ကို ထုတ်ဝေခဲ့ရာမှာ ရိုမန်ကက်သလစ် ကျောင်းတော်သည်သာ စစ်မှန်တဲ့ ခရစ်ယာန်ဂိုဏ်းဖြစ်ပြီး ကျန်ဂိုဏ်းတွေက လိုအပ်ချက်တွေ ရှိတယ်ဆိုတဲ့အမြင် ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PETER MACDIARMID
၂၀၀၁ ပြည့်နှစ်မှာ သူဟာ လိင်ပိုင်း စော်ကားတယ်လို့ စွပ်စွဲခံရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေကိုသီးခြားစီ စစ်ဆေးရာမှာ ရိုမန်ကက်သလစ် ခရစ်ယာန် အယူအဆ ကာကွယ်ရေးအဖွဲ့ (the Congregation for the Doctrine of Faith) က စစ်ဆေးစေဖို့ ဂျွန်ပေါကို နားချနိုင်ခဲ့ပါတယ်။
ရက်ဇင်ဂါဟာ စွပ်စွဲခံရတဲ့ ဘုန်းတော်ကြီးတွေကို အရေးယူရာမှာ ကန့်သတ်ချက်မထားဘဲ ပြစ်မှုထင်ရှားပါက အလျင်အမြန်ထုတ်ပယ်နိုင်သင့်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဗာတီကန်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။
၂၀၀၅ ခုနှစ် ဧပြီလမှာ ဂျွန်ပေါလ်ကွယ်လွန်ပြီးနောက် ခရစ်တော်ရဲ့ စကားကို အခြေခံပြီး "ငါ့နောက်သို့လိုက်လော့" ဆိုတဲ့ ဓမ္မစကားကို စျာပနအခမ်းအနားမှာ ဟောကြားခဲ့ပါတယ်။
အဲဒီနောက် ရက်အတော်ကြာအပြီးမှာ ကမ္ဘာပေါ်က ၁.၁ ဘီလျံ ကက်သလစ် ဘာသာဝင်တွေရဲ့ ခေါင်းဆောင်ဖြစ်လာရေးအတွက် မဲလေးမဲနဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပါတယ်။
ကက်သလစ်ကျောင်းတော်ရဲ့ မြင့်မြတ်မှုအပေါ် သူရဲ့ ယုံကြည်ချက်က ကွဲလွဲမှုတွေ ဖြစ်စေခဲ့ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ သူရဲ့ဇာတိ ဂျာမနီမှာ သူပြောခဲ့တဲ့ အငြင်းပွားဖွယ်ရာ မိန့်ခွန်းမှာ အဲဒီအချက်က သိသာစေခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ ပြန်ဆက်စပ်မိကြပါတယ်။
ဓမ္မပညာပါမောက္ခအဖြစ် Regensburg တက္ကသိုလ် ကို သွားဖို့ ဖိတ်ကြားခံရရမှာ ၁၄ ရာစု ခရစ်ယာန် ခေါင်းဆောင်တစ်ယောက်ရဲ့ စကားကို ကိုးကားပြီး တမန်တော် မိုဟာမက်ရဲ့ သန့်ရှင်းသော် စစ်ပွဲကို ယုံကြည်ချက်ဟာ ဆိုးယုတ်ပြီး လူမဆန်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
သူက တိုက်ရိုက် တိတိကျကျ ပြောတာ မဟုတ်ပေမဲ့ အကြမ်းဖက်မှုကို ယုံကြည်ခြင်းအားဖြင့် ဘာသာရေး ပြန့်ပွားရခြင်းကို လက်ခံနိုင်စရာအဖြစ် မယူဆသင့်ကြောင်း ပြောဆိုမှုတော့ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THOMAS COEX
အဲဒီနောက် ကမ္ဘာတစ်ဝန်းရှိ မွတ်ဆလင်တွေက သူ့တို့ယုံကြည်ချက်ကို တိုက်ခိုက်တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီအတွက် ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ကိုလည်း တောင်းပန်ခိုင်းခဲ့ပါတယ်။
ဘန်နဒစ်က လူအများအပြားက တောင်းဆိုထားကြတဲ့ သဘောထားမှတ်ချက်ကို မရုပ်သိမ်းခဲ့ဘဲ သူ့မှတ်ချက်က စော်ကားတိုက်ခိုက်တယ်လို့ ရှုမြင်တာအတွက် စိတ်မကောင်းဘူးလို့ပဲ ပြောခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက မွတ်ဆလင်နိုင်ငံတချို့မှာ ဘာသာရေးလွတ်လပ်ခွင့်ကို ပိတ်ပင်ထားတဲ့အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲဟာ ခက်ခဲတယ်လို့ ယူဆချက်ရှိတဲ့အတွက် သူ့ရဲ့ ပြေရာပြေကြောင်း ပြောဆိုမှုက လက်မခံသူတွေ ရှိခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး တောင်အမေရိကကို သွားပြီး ဘရာဇီးမှာ မိန့်ခွန်းပြောရာမှာ ဒေသခံလူမျိုးတွေဟာ သူတို့ကို သိမ်းပိုက်နယ်ချဲ့သူတွေ ယူဆောင်လာတဲ့ ခရစ်ယာန်ဘာသာကို "တိတ်တဆိတ် တောင့်တနေကြတယ်"လို့ ပြောခဲ့လို့ အငြင်းပွားဖွယ်ရာတွေ ထပ်ဖြစ်ခဲ့ပါတယ်။
“အဲဒီအချိန်က ကက်သလစ်ကျောင်းတော်ရဲ့ ကိုယ်စားလှယ်တွေဟာ ကြံရာပါတွေ ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး လူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်" လို့ အဖွဲ့အစည်းတစ်ခုက ပြောဆိုခဲ့ပြီး ဌာနေတိုင်းရင်းသားအုပ်စုအများကြီးက ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
ရောမမြို့ကို ပြန်ရောက်တဲ့အခါမှာတော့ ပုပ်ရဟန်းမင်းကြီးက ဌာနေတိုင်းရင်းသားတွေ အပေါ် နယ်ချဲ့ကိုလိုနီပြုခဲ့သူတွေ ကျူးလွန်ခဲ့တဲ့တဲ့ ဆင်းရဲဒုက္ခတွေနဲ့ မတရားမှုတွေကို မေ့ဖျောက်ဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ သူက "တောင်အမေရိကက ကက်သလစ်ဘာသာတရားဟာ သူတို့ရဲ့ ယဥ်ကျေးမှုကို နှစ် ၅၀၀ တိုင် ပုံဖော်ပေးခဲ့တယ်" လို့ သူ့အမြင်ကို ထပ်ပြောခဲ့ပြန်ပါတယ်။
အရှေ့အလယ်ပိုင်းကို ၂၀၀၉ ခုနှစ်မှာသွားခဲ့တဲ့ ထိရှလွယ် ဖြစ်နိုင်တဲ့ ခရီးစဥ်မှာတော့ သူက သိပ်များများ မပြောခဲ့ပါဘူး။
သူရောက်ရှိချိန်မှာ ဂျူးဝါဒဆန့်ကျင်မှုကို တိုက်ခိုက်တဲ့ ဟောပြောမှုကိုတော့ လုပ်ခဲ့ပြီး ဂျေရုဆလင်ကို ရောက်ချိန်မှာတော့ လူမျိုးတုန်းသတ်ဖြတ်ခံရသူတွေကို သေးသိမ်မေ့ပစ်တာမျိုး မဖြစ်စေသင့်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပါလက်စတိုင်း အာဏာပိုင် မာမွတ်အဘတ်စ်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ “နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်တွေ”နဲ့ အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANWAR HUSSEIN COLLECTION
ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲမတိုင်ခင်ကတည်းက သူ့ရဲ့ ကျန်းမာရေးဟာ ပိုဆိုးရွားနေခဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ နှလုံးခုန်ဆက် တပ်ဆင်ခဲ့ရတယ်လို့ နောက်ပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။
၂၀၁၃ ဖေဖော်ဝါရီမှာတော့ ကျန်းမာရေးမကောင်းတော့လို့ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သူ့ရဲ့ ကာဒီနယ်တွေကို ပြောခဲ့ပါတယ်။ ရုတ်တရက် ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်နောက် လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ၁ က သူ့နေရာကို ဆက်ခံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TIZIANA FABI
သူအနားယူချိန်မှာတော့ ဗာတီကန် ဥယျာဥ်တွေထဲက Mater Ecclesiae ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ဖြတ်သန်းခဲ့ပါတယ်။
သူဟာ ပုပ်ရဟန်မင်းကြီးနေရာက အနားယူလိုက်ချိန်မှာ ဂျိုးဇက်ရက်ဇင်ဂါအဖြစ် နာမည် ပြန်မပြောင်းတော့ဘဲ ဖာသာဘန်နဒစ် အဖြစ်ပဲ ဆက်နေခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး ယိုယွင်းလာခဲ့ပါတယ်။
သူက ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ လိင်အလွဲသုံးစော်ကားမှုတွေ ဖြစ်ပေါ်ခဲ့မှုတွေဟာ ၁၉၆၀ ပြည့်နှစ်တွေက လိင်လွတ်လပ်ခွင့်တွေနဲ့ ဘုရားရဲ့ သွန်သင်မှုတွေကို မလိုက်နာကြတဲ့အတွက်ကြောင့်လို့ အပစ်တင်တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။
နောက်သုံးနှစ်အကြာမှာတော့ ၁၉၇၀ ပြည့်နှစ်တွေမှာ ဘန်နဒစ်ဟာ သူ မြူးနစ်မှာ ဂိုဏ်းချုပ်အဖြစ်ရှိစဥ်က ကလေး လိင်စော်ကားမှုမှုဖြစ်ရပ်များကိုတားဆီးရန်ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရ ပါတယ်။ သူကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ်ဟာ မိုးဇက်နဲ့ ဘရမ်တို့ကို နှစ်သက်ပြီး စန္ဒယားအတီးကောင်းသူလည်း ဖြစ်ပါတယ်။ ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီနဲ့ စပိန်ဘာသာစကား အပါအဝင် ဘာသာစကား ရှစ်မျိုးလည်း ပြောဆိုနိုင်သူ ဖြစ်ပါတယ်။








