ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နီဒစ် အသက် ၉၅ နှစ် မှာ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယခင် ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ် ၁၆ ဗာတီကန်မြို့ က နေထိုင်ရာမှာ အသက် ၉၅ နှစ် အရွယ်မှာ ဒီကနေ့ ကွယ်လွန်သွားခဲ့ပါတယ်။
ကျန်းမာရေးမကောင်းတဲ့အတွက် ပုပ်ရဟန်မင်းကြီး ရာထူးက အနားယူခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက် အကြာမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ကက်သလစ် ချပ်ကျောင်းတော်ကို ၈ နှစ်လောက် ဦးဆောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူဟာ Gregory XII ပုပ်ရဟန်းမင်းကြီးနေရာက ၁၄၁၅ ခုနှစ်မှာ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ပုပ်ရဟန်းမင်းရာထူးကို ပထမဆုံး နုတ်ထွက်သူ ဖြစ်ခဲ့ပါတယ်။
ပုပ်ရဟန်မင်းကြီး ဘန်နီဒစ်ဟာ သူရဲ့ နောက်ဆုံးနေထိုင်ခဲ့တဲ့ နှစ်တွေကို ဗာတီကန်မြို့က ကျောင်းတော်တစ်ခုမှာ နေထိုင်ဖြတ်သန်းခဲ့ပါတယ်။
သူ့ရဲ့နောက်က ဆက်ခံသူ ပုပ် ဖရန်စစ်က သူ့ဆီကို မကြာခဏ သွားရောက်တယ်လို့ ဆိုပါတယ်။
ပုပ်ရဟန်မင်းကြီး ကွယ်လွန်သွားကြောင်းကို ဗာကီကန်ကလည်း ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။
နောက်ဆက်တွဲ အခြေအနေတွေကို သိလျှင်သိချင်း ဖော်ပြပေးမယ်လို့လည်း ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးကို ဂါရဝပြုနိုင်ဖို့ သူ့ရဲ့ ကျန်ရစ်တဲ့ခန္ဓာကို ဗာတီကန်က စိန့်ပီတာချပ်ကျောင်းမှာ ဇန်နဝါရီ ၂ ရက်ကနေ စတင် ထားရှိထားမယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်ရဲ့ စျာပနအကြောင်းကို နောက်နာရီပိုင်းအကြာမှာ ကြေညာမယ်လို့လည်း ဗာတီကန်က ပြောပါတယ်။
ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း နာမကျန်းဖြစ်နေတာ အတော်ကြာပြီဖြစ်ပြီး သက်တော်ကြီးရင့်လာတဲ့အတွက် အခြေအနေပိုဆိုးသွားခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ the Holy See သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်မှာ ပြုလုပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် နောက်ဆုံး တရားနာ ပရိသတ်နဲ့ တွေ့ဆုံမှုမှာ အတော်နာမကျန်းဖြစ်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်အတွက် အထူးဆုတောင်း ပေးကြဖို့ နှိုးဆော်ခဲ့ပါတယ်။
ဂျိုးဇက် ရက်ဇ်ဇင်ကာ နာမည်နဲ့ ဂျာမနီမှာ မွေးဖွားခဲ့သူ ဘန်နီဒစ်ဟာ ၂၀ဝ၅ ခုနှစ် ပုပ်ရဟန်းမင်းကြီး ဖြစ်လာချိန်မှာ အသက် ၇၈ နှစ် ရှိပြီဖြစ်ပြီး အသက်အကြီးဆုံး ပုပ်ရဟန်းမင်းကြီးတွေထဲက တဦး ဖြစ်ပါတယ်။
သူ ပုပ်ရဟန်းမင်းကြီးဖြစ်စဉ် ကာလမှာ ကက်သလစ်ကျောင်းတော်ဟာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ကလေးသူငယ်တွေအပေါ် မတော်မတရားပြုမှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေ၊ တရားစွဲမှုတွေနဲ့ တရားဝင် တိုင်စာတွေကို ကြုံတွေ့ ဖြေရှင်းခဲ့ရပါတယ်။
လက်ရှိ ၂၀၂၂ ခုနှစ် အစောပိုင်းမှာလည်း အခုကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်းက သူ ၁၉၇၇ ကနေ ၁၉၈၂ ခုနှစ်အကြား မြူးနစ်မြို့ ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီး လုပ်စဉ်က တိုင်ကြားခံရတဲ့ မတော်တရားပြုမှုများကို ကိုင်တွယ်ဖြေရှင်းရာမှာ အမှားတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။








