ဧပြီ ၁၃ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများ အနှစ်ချုပ်

သင်္ကြန်မှာ မီးရှို့ခံရတဲ့ စစ်ကိုင်းကရွာတွေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ မြောက်ပိုင်းက ကျေးရွာတွေကို ဒီနေ့ သင်္ကြန်အကြိုနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ အင်အားဆယ်နဲ့ချီ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အရပ်သားနေအိမ်တွေလည်း မီးရှို့ခံလိုက်ရတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ကြောင်းထိုးနေချိန်မှာပဲ ဝါးတောမ၊ ဘော်ကုန်း၊ စည်သာ နဲ့ မကျီးစုကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၁၀) ထဲကို စစ်ကူလွှတ်လိုက်တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အခုလို ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဒေသခံက ပြောပါတယ်။

စစ်ကြောင်းမထိုးခင် အရာတော်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၁၀) ကနေလည်း ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျေးရွာတွေက ဒေသခံရာနဲ့ချီလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေ

စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်တဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေပြီး ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို ရုရှားဘက်က ဒုတိယကြည်းတပ်ဦးစီးချုပ် နဲ့ မြန်မာဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ ပူးတွဲဥက္ကဋ္ဌ တွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ရုရှားကာကွယ်ရေးဒုဝန်ကြီး ဖိုမင် နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေးအပါအဝင် လုံခြုံရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကို နေပြည်တော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာက ကျင်းပခဲ့ပြီး မြန်မာစစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက အဂတိလိုက်စားမှုပုဒ်မတွေ နဲ့ ထောက်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရပြီးတဲ့နောက် ဒုတိယအကြိမ်အစည်းအဝေးကို ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဦးဆောင်လာတာ ဖြစ်ပါတယ်။

မြဝတီကို တပ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ အာရှလမ်းတစ်လျှောက် နေရာယူ

ကော့ကရိတ်မှာ လေကြောင်းကနေ ဗုံးကြဲ

ဘားအံမြို့ကနေ စစ်ကူထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဘားအံ-မြဝတီကြားက အာရှလမ်းတစ်လျှောက်မှာ နေရာယူထားတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ ကို KNU ကသိမ်းပိုက်လိုက်ပြီးတဲ့နောက် အခုလိုစစ်ကူလွှတ်တာဖြစ်ပြီး မနေ့က ကော့ကရိတ်မြို့ကို ကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၂ ရက် တနေ့လုံးနဲ့ ညပိုင်းမှာလည်း စစ်ကောင်စီက သင်္ဃန်းညီနောင်တဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခလရ-၂၇၅ ကို ကရင်တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပေမယ့် မြဝတီမြို့ပြင်မှာ စစ်ကောင်စီတပ်ရဲ့ လေးကေ့ကော်အမြာက်တပ်စခန်းနဲ့ စခန်းတချို့ ကျန်ရှိနေသေးတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

KNLA/PDF တော်လှန်ရေးပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်နေပြီး မြဝတီဒေသ လုံခြုံရေးအတွက် ဆက်လက် လုပ်ဆောင်မယ်လို့ ဧပြီ ၁၂ ရက်မှာ KNU က ထုတ်ပြန်ထားတာပါ။

မြဝတီကနေ သင်္ဃန်းညီနောင်အထိကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲ့ ကော်ဘရာစစ်ကြောင်းက ထိန်းထားတယ်လို့ မြို့ခံတစ်ဦးကဆိုပါတယ်။

တစ်ဖက်မှာလည်း လက်မောင်းတံဆိပ်ဖြုတ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) က လုံခြုံရေးရယူပြီး မြို့ကိုကင်းလှည့်နေသလို မြို့ထဲက ချစ်ကြည်ရေးတံတားအမှတ် ၁ မှာလည်း စောင့်ကြပ်နေတယ်လို့ သိရပါတယ်။

ဒါအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF တပ်ဖွဲ့ဝင်တချို့လည်း မြဝတီမြို့ထဲ ဝင်ထွက်သွားလာနေတာတွေရှိတယ်လို့ မြို့ခံတွေကဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ မြို့ထဲ သွားလာလှုပ်ရှားနေတာကြောင့် ဘယ်အဖွဲ့အစည်းက ထိန်းချုပ်ထားလဲဆိုတာကို မသိနိုင်ဘဲ အခြေအနေတွေက ရှုပ်ထွေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြဝတီမြို့အနီးက ကော့ကရိတ်မြို့မှာလည်း ဒီနေ့ ဧပြီ ၁၃ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောထားပါတယ်။

‘’ကော့ကရိတ် တောင်ပိုင်း ရွာတွေ ဘက် ကင်းထောက်ပျံ တယ်၊ ဗုံးကြဲတယ်။ တိုက်ပွဲတော့ မဖြစ်သေးဘူး’’ လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

မြဝတီမြို့မှာ စစ်ရေးတင်းမာနေတာကြောင့် ဧပြီ ၁၀ ရက်ကစပြီး ဒေသခံတွေ ထောင်နဲ့ချီ ထိုင်းဘက်ကို ရွှေ့ပြောင်းနေကြပါတယ်။

စစ်ခေါင်းဆောင်က ဘာသာရေးခေါင်းဆောင်တွေကို နေပြည်တော် ခေါ်တွေ့

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေကို ဧပြီ ၁၂ ရက်မှာ နေပြည်တော်ကို ခေါ်တွေ့ပြီး ဘာသာရေးဆိုင်ရာကိစ္စတွေဆောင်ရွက်ဖို့ဆိုပြီး မြေနေရာတွေ ပေးခဲ့ပါတယ်။

အရင်က ရန်ကုန်မြို့ကိုလာရောက်ပြီး ဘာသာရေးအဆောက်အအုံတွေကို သွားရောက်လေ့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုတော့ ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေကို လေယာဥ်နဲ့ နေပြည်တော်ကို ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြေပေးမိန့်တွေကို ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီယာအစ္စလာမ်ဘာသာကိုယ်စားလှယ် နဲ့ ဟိန္ဒူဘာသာကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

နေပြည်တော်မှာ ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နဲ့ ဟိန္ဒူဘာသာဝင်တွေ နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

နေပြည်တော်ကို တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ဘာသာပေါင်းစုံ နေထိုင်တဲ့ နေရာတစ်ခုဖြစ်အောင် ဆောင်ရွက်ပြီး ဘာသာပေါင်းစုံ ကိုယ်စားပြုတဲ့နေရာတစ်ခုဖြစ်အောင် ရည်ရွယ်ဆောင်ရွက်နေတယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် မာရဝိဇယဘုရားကြီးပရိဝုဏ်နဲ့ ဆက်စပ်နေရာတွေမှာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်နဲ့ ထေရဝါဒဗုဒ္ဓသာသနာတက္ကသိုလ် တည်ဆောက်ဖို့ လျာထားပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ၊ နီပေါ၊ အိန္ဒိယနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအတွက် ကျောင်းတွေ လာရောက်တည်ဆောက်ချင်ရင် နေရာပေးမယ် လို့ သူကဆက်ပြောပါတယ်။

ဖားဆောင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၆ ဦးဖမ်းမိ

ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၅၆ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၇၀ ကျော်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီတော်လှန်ရေးအဖွဲ့တွေဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

ဖမ်းဆီးရမိတဲ့အထဲ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးနဲ့ တပ်ခွဲမှူးအပြင် စစ်တပ်အရာရှိတွေ ပါဝင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ-၅၁၅၊ ခမရ-၅၁၆၊ တပ်မ (၆၆) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁) အပါအဝင် လွိုင်ကော်ဒေသကွပ်ကဲစစ်ဆင်ရေးဌာနချုပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၁၃၅) စတဲ့ တပ်ရင်း ၄ ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ပွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အပါအဝင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်လပ်ရေးတပ်ဦး-ကလလတ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နဲ့ တခြားကရင်နီတော်လှန်ရေးအင်အားစုတွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီတိုက်ပွဲပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဖားဆောင်းအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၃၄ နဲ့ ခလရ-၁၃၅ တို့ကို ဆက်ပြီး ထိုးစစ်အရှိန်မြှင့်တင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ဖားဆောင်းက တိုက်ပွဲနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီစခန်းဟာ စစ်ကောင်စီရဲ တပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၅၀၀ နီးပါးတပ်စွဲထားတဲ့ စခန်းဖြစ်ပြီး ရက်ပေါင်း ၅၀ နီးပါးတိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ခဲ့တဲ့ နယ်ခြားစောင့်တပ်စခန်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် မိသားစုဝင်တွေကိုပါ ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေက ပြောပါတယ်။

လက်ရှိမှာ မောင်တောမြို့မှာရှိတဲ့ တပ်စခန်းအားလုံးနီးပါးကို အေအေက သိမ်းထားနိုင်ပြီး မြောက်ပိုင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် ဌာနချုပ်တစ်ခုနဲ့ တောင်ပိုင်းမှာတော့ အင်းဒင်နယ်ခြားစောင့်တပ်ရင်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ မြေပြင်မှာရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်ရဲ့ အမ်းနဲ့ ဘူးသီးတောင်မြို့တို့မှာလည်း အေအေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ ခုခံတိုက်ခိုက်နေတယ်လို့ အေအေက ကြေညာထားပါတယ်။

အေအေက စစ်ကောင်စီရဲ့ အဓိကအရေးပါတဲ့ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်ကျန်စခန်းတွေကိုပါ ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ရခိုင်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။