မိုးကြီးရေလျှံခဲ့တဲ့ ယူအေအီးနိုင်ငံမှာ ဒူဘိုင်းလေဆိပ် ပြန်ဖွင့်နိုင်

Dubai

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘွတ်ကင်လုပ်တာကို အတည်ပြုချက်ရပြီးမှ လေဆိပ်ကို လာကြဖို့ ခရီးသွားတွေကို အာဏာပိုင်တွေက တိုက်တွန်းထား

အာရပ်စော်ဘွားများနိုင်ငံ (United Arab Emirates - UAE)နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မိုးသည်းထန်စွာရွာခဲ့ပြီးတဲ့နောက် ဒူဘိုင်း နိုင်ငံတကာ လေဆိပ်မှာ လုပ်ငန်းဆောင်တာတွေ အကြီးအမားထိခိုက်ခဲ့ပါတယ်။

အင်္ဂါနေ့က ယူအေအီးနိုင်ငံမှာ မုန်တိုင်းကျခဲ့ပြီး လမ်းတွေနဲ့ နိုင်ငံတကာ လေဆိပ်က တချို့အပိုင်းတွေ ရေလွှမ်းခဲ့ပါတယ်။

ရေတွေ ထိုးဆင်းလာတာကြောင့် အိုမင်မှာ လူ ၂၀ ယောက် သေဆုံးခဲ့ပြီး ယူအေအီး မှာ ၁ ယောက် သေဆုံးခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ တချို့ အဝင် လေယာဉ်တွေ ဆင်းသက် ဆိုက်ကပ်လာနိုင်ပေမဲ့ ဒူဘိုင်း လေဆိပ်တခုလုံးရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ အားလုံး ပြန်လည်ပတ်နိုင်ဖို့အတွက်ကတော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ကမ္ဘာမှာ ဒုတိယ လူသုံးအများဆုံးဖြစ်တဲ့ ဒီလေဆိပ်ရဲ့ အာဏာပိုင်တွေက အဝင် လေကြောင်းခရီးစဉ်တွေကို သူတို့ စပြီး ခွင့်ပြုနေပေမဲ့ အထွက် လေကြောင်း လိုင်းတွေကိုတော့ ရွှေ့ဆိုင်းထားရဆဲပဲလို့ ကြာသပတေးနေ့က ပြောပါတယ်။

နှောင့်နှေးမယ့် ခရီးစဉ်တွေ အများကြီး ရှိနိုင်သေးတယ်လို့လည်း သူတို့က ပြောပါတယ်။

ခရီးစဥ်ကို အတည်ပြုကြောင်း လက်ခံရပြီးမှသာ ခရီးသွားမယ့်သူတွေအနေနဲ့ လေဆိပ်ကို သွားကြဖို့ အရင်တုန်းက တွစ်တာလို့ အသိများကြတဲ့ အိတ်စ်ကတဆင့် သူတို့က တိုက်တွန်းနေပါတယ်။

လေဆိပ်ကို သွားမယ့် လူတွေများလွန်းတာကြောင့် လေဆိပ်ကိုလာတဲ့ လမ်းတွေမှာ ကားတွေပြည့်ကျပ်ပြီး လမ်းပိတ်တာတွေလည်း ဖြစ်နေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗုဒ္ဓဟူးနေ့တုန်းက လေကြောင်း ခရီးစဉ်ပေါင်း ၃၀၀ ဖျက်သိမ်းခဲ့ရပြီး နောက်ထပ် ရာနဲ့ ချီတဲ့ ခရီးစဉ်တွေ နှောင့်နှေးခဲ့ပါတယ်။

ဒူဘိုင်း လေဆိပ်အကြီးအကဲ ပေါလ် ဂရက်ဖစ်က "အခြေအနေက တကယ့်ကို စိန်ခေါ် နေတုန်းပါပဲ။ ဒီလို အခြေအနေမျိုး ကြုံခဲ့ရတဲ့လူ ရှိမယ်မထင်ဘူး" လို့ ဆိုပါတယ်။

ယူအေအီးအနေနဲ့ မှတ်တမ်းတင်ထားတဲ့ သမိုင်းတလျောက် အကြီးဆုံးသော မိုးကြီးမှုနဲ့ ကြုံခဲ့ရတာပါ။ အင်္ဂါနေ့မှာ မိုးရေချိန်က ၁၀.၂ လက်မ ထိရှိခဲ့ပါတယ်။

မိုးကြီးမှုဟာ "သမိုင်းတင်တဲ့ ရာသီဥတုအဖြစ်အပျက်ပဲ"လို့ နိုင်ငံပိုင် သတင်းဌာနက ဆိုပြီး "၁၉၄၉ ခုနှစ်က စပြီး ကောက်ခဲ့တဲ့ မှတ်တမ်းတွေက စံချိန်တွေ" ကိုကျော်လွန် သွားတယ်လို့ ပြောပါတယ်။

လန်ဒန် ဟိသရိုးလေဆိပ်ကိုပြန်ဖို့ မျှော်လင့်ထားတဲ့ ဗြိတိန်က ခရီးသည် အန်နီ ဝင်းဟာ သူ့ခင်ပွန်း၊ သူ့ ကလေး ၃ ယောက်နဲ့အတူ ဒူဘိုင်းလေဆိပ်မှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။

"သိပ်ကို ကြောက်စရာပါ။ လူတွေကို တိရိစ္ဆာန်တွေလိုပဲ ပိတ်ကျပ်နေအောင် အတင်း နေခိုင်းတာ၊ အန္တရာယ်လည်း များသလို၊ လူလို သူလိုလည်း မလုပ်ကြဘူး" လို့ သူက ပြောပါတယ်။

နေ့လယ်စာ နောက်ပိုင်း ကတည်းက သူနဲ့ သူ့မိသားစု ဘာမှ မစားရသေးကြောင်း ပြောပြီး သူတို့ကို လာပေးတာ "ရေဘူး အသေးလေးတွေ နည်းနည်းပဲ" လို့ သူက ဆက်ပြောပြပါတယ်။

Dubai

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒူဘိုင်းက အဝေးပြေးလမ်းမ တခုပေါ်မှာ ကားတွေ ရေထဲမြုတ်နေ

လေဆိပ်ကိုလာတဲ့ လမ်းတွေက ရေကြီးပြီး ပိတ်နေလို့ လေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည်တွေအတွက် အစားအသောက်တွေ ရနိုင်ဖို့ ကြိုးစားနေတဲ့ ဝန်ထမ်းတွေ အခက်အခဲ ကြုံနေရတယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။

လမ်းတွေက ပိတ်နေသေးသလို ရေပတ်လည်ဝိုင်းနေလို့ ကားထဲမှာ ဒါမှမဟုတ် လမ်းဘေးမှာ ပိတ်မိနေတဲ့ ယာဉ်မောင်းသူတွေ ရှိနေဆဲပါ။

အသက် ၇၀ အရွယ် အမျိုးသား တယောက်ဖြစ်တဲ့ ရပ်စ် အယ်ခိုင်မာဟာ ရေစီး သန်တဲ့ အထဲ သူ့ကားနဲ့အတူ မျောပါသွားပြီး အသက်သေဆုံးခဲ့ရတယ်လို့ အယ် အာရေဗီယာ ရုပ်မြင်သံကြားဌာနက သတင်းပို့သွားပါတယ်။

လမ်းတွေ၊ ရုံးတွေ၊ အိမ်တွေမှာ ပိတ်မိနေတဲ့ လူတွေဆီကို ရောက်နိုင်ရေးအတွက် ရေတွေနဲ့ ပိတ်နေတဲ့ လမ်းတွေပွင့်သွားဖို့ အရေးပေါ်ဌာနတွေကလည်း ကြာသ ပတေး နေ့မှာ ကြိုးစားနေပါတယ်။

ယူအေအီး မြို့တော် အဘူဒါဘီနဲ့ ဒူဘိုင်းကို ဆက်ထားတဲ့ အဓိက လမ်းမကြီးတခု လည်း အဘူဒါဘီကို သွားတဲ့ ဘက်မှာ ပိတ်နေပါတယ်။

ဒူဘိုင်းလေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည်တွေကလည်း လူမှုမီဒီယာက တဆင့် သတင်းအချက်အလက်တွေ ပိုရနိုင်ရေးအတွက် ပန်ကြားနေပါတယ်။

မနှစ်က ခရီးသည် သန်း ၈၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့တဲ့ ဒီလေဆိပ်ကြီး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ကတော့ အချိန်ယူရမယ့် ပုံရှိနေပါတယ်။

ယူအေအီးမှာ ကြာသပတေးနေ့က နေသာပေမဲ့ နောက်ထပ် မိုးကြိုးပစ်တာတွေ၊ မိုးကြီးတာတွေ၊ လေပြင်းတွေလာနိုင်သေးတယ်လို့ အာဏာပိုင်တွေက သတိပေး နေပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုကြောင့် ထိခိုက်ခဲ့တဲ့ အခြေခံအဆောက်အအုံတွေကို ပြန် ဆန်းစစ်ဖို့ ယူအေအီး သမ္မတ ရှိတ်ခ် မိုဟာမက် ဘင် ဇာယက် အယ်လ် နာယန်က အမိန့်ထုတ်ထားပါတယ်။