ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဓမ္မလက်ထပ်ခံရတာကို ဘောလုံးအားကစားနဲ့ အံတုတဲ့အိန္ဒိယအမျိုးသမီးငယ်တွေ
- ရေးသားသူ, ဒီဗရာ အာရာ
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
- ဖတ်ရန်အချိန်: မိနစ် ၁၂
နွေပူပူ ညနေခင်းတစ်ခုမှာ အသက် ၁၄ နှစ်အရွယ် နီရှာ ဗိုင်ရှ်နက်ဗ်နဲ့ အသက် ၁၈ နှစ်အရွယ် သူ့အစ်မ မွန်နာတို့ ဘောလုံးကစား လေ့ကျင့်နေတုန်း လူကြီး ငါးယောက်က သူတို့ ဓာတ်ပုံရိုက်ယူနေကြတာကို သတိထားမိလိုက်ပါတယ်။
သိပ်မကြာခင်မှာတော့ နီရှာတစ်ယောက် ဒီလူကြီးတွေ ဘာကြောင့် ဓာတ်ပုံရိုက်နေကြလဲဆိုတဲ့ အခြေအနေကို သဘောပေါက်သွားပါတယ်။ ဒီလူတွေဟာ မိသားစုတစ်ခုတည်းက ဖြစ်ပြီး သူတို့ထဲမှာ သားအတွက် ကြင်ယာရှာဖွေနေတဲ့ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။
နီရှာရဲ့မိခင်လည်း အဲဒီနေရာမှာ ရှိနေပြီး သူ့သမီး လက်ထပ်ဖြစ်ရေးကို အားပေးအားမြှောက်ရှိနေခဲ့တဲ့အခြေအနေပါ။
သူတို့အားလုံးဟာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း၊ ရာဂျတ်စတန်ပြည်နယ်ရှိ ပါဒန်ပူရာဆိုတဲ့ ရွာမှာရှိတဲ့ ဗိုင်ရှ်နက်ဗ် မိသားစုအိမ်ကို ပြန်သွားခဲ့ကြပါတယ်။
''သူတို့ကို လေးစားသမှုပြတဲ့အနေတဲ့ အမေက ကျွန်မကို သူတို့ရဲ့ခြေထောက်ကို ထိခိုင်းခဲ့တယ်'' လို့ နီရှာက ပြောပါတယ်။
''ကျွန်မ ငြင်းခဲ့ပါတယ်''
"ရွာထဲက အမျိုးသမီးတွေက ကျွန်မတို့ကို လက်ညှိုးထိုးကြတယ်"
အိန္ဒိယမှာ မိန်းကလေးဆို အသက် ၁၈ နှစ်အောက်၊ ယောက်ျားလေးဆို အသက် ၂၁ နှစ်အောက် လက်ထပ် ထိမ်းမြားပေးတာကို ဥပဒေအရ တားမြစ်ထားပေမဲ့ လက်တွေ့မှာတော့ ကလေးအရွယ်လက်ထပ်မှုတွေကို မကြာခဏ တွေ့နေရဆဲဖြစ်ပါတယ်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့အပြောအရ အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့အမျိုးသမီးတွေရဲ့ခန့်မှန်းခြေ ၂၅% ဟာ ဥပဒေအရ သတ်မှတ်ထားတဲ့ အသက်မရောက်ခင်မှာပဲ လက်ထပ်ကြရပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ကလေးအရွယ်နဲ့ လက်ထပ်ရတဲ့ အချိုးအစားက သိသိသာသာ လျော့ကျခဲ့ပါတယ်။
အစိုးရက ပြုလုပ်ခဲ့တဲ့ National Family Health Survey အရ ၁၉၉၂-၉၃ ခုနှစ်တွေအတွင်း အိန္ဒိယနိုင်ငံရှိ အမျိုးသမီးတွေရဲ့ ခန့်မှန်းခြေ ၆၆ ရာခိုင်နှုန်းနီးပါးဟာ အသက် ၁၈ မပြည့်ခင်မှာ လက်ထပ်ခဲ့ကြပါတယ်။
ရာဂျတ်စတန်ပြည်နယ်မှာ ကလေးလက်ထပ်မှုနှုန်းက တစ်နိုင်ငံလုံးရဲ့ ပျှမ်းမျှနှုန်းနဲ့ကြည့်မယ်ဆိုရင် ပိုမြင့်နေပါတယ်။ ဒါကြောင့် မိန်းကလေးငယ်တွေဟာ သူတို့ကို လက်ထပ်စေချင်တဲ့ မိဘရဲ့ဆန္ဒကို ဆန့်ကျင်ဖို့၊ လက်ထပ်ဖို့ ကမ်းလှမ်းချက်တွေကို ငြင်းဖို့ရာ မစွမ်းသာတဲ့အခြေအနေလို့ ဆိုကြပါတယ်။
ဒါပေမဲ့ နီရှာကတော့ ဘောလုံးဟာ သူ့ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ကစားနည်းလို့ ပြောပြီး ဘောလုံးကစားတာက သူ့အတွက် ယုံကြည်မှု တိုးလာစေခဲ့တယ်လို့လည်း ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ အစ်မဖြစ်သူ မွန်နာက နီရှာကို ဘောလုံးကစားနည်းနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ မွန်နာကိုယ်တိုင်လည်း အဲဒီမတိုင်ခင် နှစ်ကမှ "Football for Freedom" (ဘောလုံးအားကစားကနေတဆင့် လွတ်လပ်မှုရှာဖွေခြင်း) လို့ခေါ်တဲ့အစီအစဉ်ကနေတဆင့် ဘောလုံးကစားနည်းကို သိရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအစီအစဥ်ဟာ ပြည်နယ်အဆင့် အကျိုးအမြတ် မယူတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုကနေ စတင်တာဖြစ်ပြီး မိန်းကလေးတွေရဲ့ဘဝကို အားကစားကနေတဆင့် မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
မွန်နာက အဲဒီအစီအစဥ်ကိုပါဝင်ဖို့ တက်တက်ကြွကြွရှိသူဖြစ်ပြီး ပြိုင်ပွဲတွေကို သွားရောက်ခွင့်ရဖို့အတွက်နဲ့ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘောင်းဘီရှည်နဲ့ အင်္ကျီခါးဖုံးတွေအစား အားကစားဝတ်စုံဝတ်ခွင့်ရဖို့ တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အများသူငှာ နေရာတွေနဲ့ အမျိုးသားတွေရှေ့မှာ မျက်နှာဖုံးထားရတဲ့ရွာတစ်ရွာက အမျိုးသမီးတွေအတွက် ဒါက လွတ်လပ်မှုနဲ့ အခွင့်အရေးအတွက် တိုက်ယူမှု ပြယုဂ်ဖြစ်ပါတယ်။
မွန်နာက "ပထမ နှစ်ရက်၊ သုံးရက်လောက်အတွင်း ရွာထဲက အမျိုးသမီးတွေက ကျွန်မတို့ကို လက်ညှိုးထိုးပြီး 'ခြေထောက်တွေပြနေတဲ့ အဲဒီမိန်းကလေးတွေကို ကြည့်ပါဦး' လို့ ပြောကြတယ်"လို့ ဆိုပါတယ်။
"ကျွန်မတို့က သူတို့ကို လျစ်လျူရှုတယ်။ ဂရုမစိုက်ဘူးလို့ ဆုံးဖြတ်ပြီး အားကစားဘောင်းဘီတိုကိုပဲ ဆက်ပြီး ဝတ်ဆင်ခဲ့ကြပါတယ်"လို့ သူကပြောပါတယ်။
နီရှာဟာ ဘောလုံးအားကစားမှာ လျင်လျင်မြန်မြန်ကို ရှေ့ရောက်တဲ့အထိ တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ်က ကျင်းပခဲ့တဲ့ အမျိုးသားအဆင့်ဘောလုံးချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ရာဂျတ်စတန် ပြည်နယ်ကိုကိုယ်စားပြု ကစားသမားအဖြစ် ပါဝင်ကစားနိုင်တဲ့အထိရောက်ခဲ့ပါတယ်။
ဆံပင်ကိုလည်း တိုတိုတိတိ ညှပ်ခဲ့ပါတယ်။ ဒါကြောင့် မိန်းကလေးဆိုရင် ဆံပင်ရှည်ရမယ်ဆိုတဲ့ထုံးစံလိုဖြစ်နေတဲ့ သူတို့ရွာထဲမှာ သူ့ လုပ်ရပ်က တစ်ရွာလုံးနဲ့ တစ်ယောက်အဖြစ် မြင်စရာဖြစ်ခဲ့ပါတယ်။
ဘောလုံးလေ့ကျင့်နေချိန်မှာ သူ့ကို လာကြည့်နေတဲ့မိသားစုက သူတို့သားနဲ့ လက်ထပ်ခိုင်းချင်တာမျိုး ချဥ်းကပ်လာတာကိုလည်း နီရှာက လက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။
လက်ထပ်ဖို့ သူ့အသက်ငယ်လွန်းကြောင်းကို ပြတ်သားစွာ ပြောခဲ့ပြီး ဘောလုံးကစားသမားအဖြစ် သူ့ရဲ့အိမ်မက်တွေကို ဆက်အကောင်အထည်ဖော်ချင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
တစ်လလောက် ကြာပြီးနောက် လက်ထပ်ဖို့ ကမ်းလှမ်းတဲ့ မိသားစုဘက်ကပဲ ကမ်းလှမ်းချက်ကို ပြန်လည် ရုပ်သိမ်းသွားပါတယ်။
၂၀၂၅ ခုနှစ်မှာလည်း နီရှာနဲ့ မွန်နာတို့ဟာ နောက်ထပ် မိသားစုတစ်ခုက ကမ်းလှမ်းတဲ့ လက်ထပ်ပေးရေး အဆိုပြုချက်ကို ငြင်းဆန်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ သူတို့ရဲ့ မောင်အငယ်ဆုံးတောင်ပါပါတယ်။
သူတို့ ညီအစ်မ နှစ်ဦးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခိုင်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပြီး အားကစားဘက်နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေကို အာရုံစိုက်လိုကြပါတယ်။
တစ်ခါသားမှာ ဖခင်ဖြစ်သူက "ချစ်သူ စောင့်နေလို့ ဘောလုံးလေ့ကျင့်ဖို့ သွားမှာလား'' မေးတာမျိုး နီရှာကြုံရပါတယ်။ "ချစ်သူ မရှိပါဘူး။ သမီး ဘောလုံးကစားဖို့ သွားတာပါ။ ဘောလုံးအားကစားကပဲ သမီး ချစ်သူပါ" လို့ ပြန်ဖြေခဲ့ကြောင်း နီရှာက ပြန်ပြောပြပါတယ်။
ဘောလုံးကနေတဆင့် အလုပ်ရအောင်ကြိုးပမ်းမှု
ကလေးအသက်အရွယ်မှာ အိမ်ထောင်ပြုရတဲ့ မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မဖြစ်နိုင်ခြေ၊ ကိုယ်ဝန် စောဆောင်ရနိုင်ခြေ၊ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးမကောင်းနိုင်ခြေတွေ ပိုမိုမြင့်မားကြောင်း သုတေသနတွေက ဖော်ပြထားပါတယ်။
ဒါတွေတင်မက ပညာသင်ယူမှုကနေ စောစောစီးစီးထွက်ခွာနိုင်ရတာနဲ့ အဲဒီအခြေအနေကြောင့်ဘဝအခြေအနေကို တိုးတက်ကောင်းမွန်အောင်ပြောင်းလဲနိုင်တဲ့ အခွင့်အလမ်းတွေလျော့ပါးသွားမှာဖြစ်ပါတယ်။
"Mahila Jan Adhikar Samiti အမည်ရှိ အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Football for Freedom ကနေ မိသားစုတွေကို အဲဒီအန္တရာယ်တွေအကြောင်း အသိပညာပေးလိုတယ်လို့ ပက်ဒ်မာဂျိုရှီက ဆိုပါတယ်။
"Football for Freedom အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အဲဒီအချိန်ကစပြီး ရာဂျတ်စတန်ပြည်နယ်ရှိ ကျေးရွာ ၁၃ ရွာအတွင်းက ခန့်မှန်းခြေ မိန်းကလေး ၈၀၀ လောက်ကို ဘောလုံးအားကစား လေ့ကျင့်ပေးခဲ့ပြီလို့ ပြောပါတယ်။
ရာဂျတ်စတန် မှာ Football for Freedom လို အစီအစဉ်တွေဟာ မိန်းကလေးတွေကို ယုံကြည်မှု၊ ဘဝကျွမ်းကျင်မှုတိုးတက်စေပြီး ကလေးအရွယ်လက်ထပ်မှုကို တားဆီးဖို့ အားကစားကို အသုံးပြုတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
''မိဘတွေနဲ့ ဒီအစီအစဥ်အတွက် စကားစပြောတုန်းကတော့ ကလေးအရွယ် လက်ထပ်မှုကို တားဆီးဖို့ ဘောလုံးအားကစားကို မိတ်ဆက်ပေးတာလို့ ကျွန်မ မပြောခဲ့ပါဘူး" လို့ ဂျိုရှီက ပြောပါတယ်။
"ဒါပေမယ့် မိန်းကလေးတွေကို သူတို့ရဲ့အခွင့်အရေးတွေ၊ ကလေးအရွယ်နဲ့ အိမ်ထောင်ပြုရတာရဲ့ မကောင်းတဲ့ အကျိုးဆက်တွေကို သိလာတဲ့အခါမှာတော့ သူတို့ ကိုယ်တိုင် အသံထွက်ပြောဆိုနိုင်လာကြပါတယ်" လို့ သူက ဖြည့်ပြောပါတယ်။
မိန်းကလေးတွေအနေနဲ့ ဘောလုံးအားကစားမှာ ထူးချွန်မယ်ဆိုရင် နောက်ဆုံးမှာ အလုပ်အကိုင်ရနိုင်တယ်ဆိုတဲ့အချက်ကို မိဘတွေကို သူ ပြောပြပါတယ်။ အထူးသဖြင့် သူချိတ်ဆက်ပြတာက အိန္ဒိယနိုင်ငံက ပြည်နယ်အချို့မှာ အစိုးရလုပ်ငန်းခွင်တွေမှာ အားကစားသမားများအတွက် နေရာကို သီးသန့်ထားပေးထားတာမျိုးကို ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုနဲ့ ရိုးရာယဉ်ကျေးမှုတို့ကြောင့် အိန္ဒိယနိုင်ငံရှိ မိသားစုတွေက သမီးမိန်းကလေးတွေကို မကြာခဏ လက်ထပ်ပေးနေဆဲဖြစ်ပါတယ်။ မိန်းကလေးတွေကို မိသားစုရဲ့ ငွေကုန်ကြေးကျများတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို မြင်ကြတာကလည်း အကြောင်းခြင်းရာတစ်ခုပါ။
တစ်ခါတလေမှာ လက်ထပ်ပေးခံရသူက သက်တူရွယ်တူ ယောက်ျားလေးတွေ ဖြစ်တတ်ပေမယ့် အရွယ်ရောက်ပြီးသား ယောက်ျားရင့်မာတွေနဲ့ လက်ထပ်ပေးခံရတာလည်း ရှိပါတယ်။
ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ အိမ်ထောင်ပြုပြီးတာနဲ့ ခင်ပွန်းရဲ့အိမ်သို့ ပြောင်းနေကြရပါတယ်။ ဒါကြောင့် သူတို့ကို မိသားစုဘက်က ဝန်ထုပ်ဝန်ပိုးအဖြစ်တာဝန်ယူစရာမလိုတော့တာမျိုးဖြစ်ပါတယ်။
နီရှာနဲ့ မွန်နာမှာ အစ်မတစ်ယောက်ရှိပြီး သူတို့ အစ်မဟာ ၂၀၂၀ ပြည့်နှစ်တုန်းက အသက် ၁၆ နှစ်အရွယ်ပဲ ရှိနေသေးချိန် လက်ထပ်ပေးခံခဲ့ရပါတယ်။ သူတို့ရဲ့ မိခင် လာလီ ကိုယ်တိုင်လည်း ကလေးသတို့သမီးဖြစ်ခဲ့သူပါ။
သူတို့ရဲ့ မိခင် လာလီကတော့ ကလေးတွေကို အိမ်ထောင်စောစောပြုပေးစေချင်တဲ့သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုပါတယ်။
"ကျွန်မက ကျွန်မ သမီးတွေကို စိုးရိမ်တယ်။ အိမ်အပြင်ရောက်တာနဲ့ စိတ်ရိုင်းဝင်ပြီး မဖြစ်သင့်တာတွေဖြစ်ကုန်မယ်၊ တွေ့ကရာ ကောင်လေးနဲ့ကြိုက်ပြီး ခိုးပြေးတာမျိုးဖြစ်မယ်လို့ ရပ်ထဲ ရွာထဲ ပြောကြ ဆိုကြတော့ သူတို့ကို စောစော လက်ထပ်ပေးဖို့ ကျွန်မ လုပ်ရတာ''
သူ့ရဲ့ အကြီးဆုံးသမီးကို အသက် ၁၆ နှစ်မှာ လက်ထပ်ပေးခဲ့တာက ဥပဒေမညီကြောင်း သိရှိလားလို့ သူ့ကို မေးတဲ့အခါ သူမက ခေါင်းညိတ် ပြပါတယ်။ ဘယ်သူကမှ ဖမ်းဆီးတာမှမရှိတာလို့ သူ ပြောပါတယ်။ "ကျွန်မတို့ အားလုံးကို တိုးတိုးတိတ်တိတ်ပဲ လုပ်တယ်။ မင်္ဂလာဆောင်ဖိတ်စာ မရိုက်ဘူး၊ အိမ်ကိုလည်း အလှဆင်ဘူး'' လို့ ဆိုပါတယ်။
ဒါပေမဲ့ ဥပဒေကတော့ ရှင်းလင်းပါတယ်။ ကလေးကို အသက်ငယ်ငယ်နဲ့ လက်ထပ်ပေးတာကို ကူညီစီစဉ်ပေးတာက ပြစ်မှုမြောက်ပါတယ်။
ကလေးလက်ထပ်ပွဲကို ကျင်းပပေးသူတွေအပါအဝင် ကလေးလက်ထပ်ခြင်းကို ခွင့်ပြုတာ ဒါမှမဟုတ် တားဆီးဖို့ ပျက်ကွက်တဲ့ မိဘတွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေဟာ အများဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ရူပီး ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၁၀၀ ခန့်) အထိ ဒဏ်ငွေ ချမှတ်ခံရနိုင်ပါတယ်။
ရာဂျာစတန်ပြည်နယ် အက်ဂျ်မာမြို့ရှိ ကလေးသူငယ်ကာကွယ်ရေးကော်မတီ အကြီးအကဲ အန်ဂျာလီရှာမာက လက်တွေ့မှာ ပြစ်ဒဏ်ချမှတ်ဖို့ ခက်ခဲကြောင်းပြောပါတယ်။ အကြောင်းကတော့ သက်သေတွေက အာဏာပိုင်တွေနဲ့ ဆက်စပ်ရမှာ သက်သေအထောက်အထားတွေကို မျှဝေရမှာမျိုးတွေကို ဝန်လေးတတ်ကြတာကြောင့်ပါ။
"မိသားစုတွေက ကျွန်မတို့ ကလေးလက်ထပ်ပွဲအကြောင်း သိနေတယ်ဆိုတာ သိသွားရင် သူတို့ ခန့်မှန်းထားတဲ့နေ့ မတိုင်ခင် ဒါမှမဟုတ် နောက်တစ်နေ့ကို ပြောင်းပြီး လက်ထပ်ပွဲလုပ်ကြတယ်"လို့ ရှာမာက ပြောပါတယ်။ တစ်ရွာလုံးကလည်း လက်ထပ်ပွဲကို ဝိုင်းဝန်းဖုံးကွယ်ပူးပေါင်းလုပ်ဆောင်ကြတယ်လို့ ရှင်းပြပါတယ်။
မင်္ဂလာဆောင်ခံရတဲ့ မိန်းကလေး ဒါမှမဟုတ် ယောက်ျားလေးတစ်ဦးဦးက ရဲကို တိုင်ကြားပါက အသက်မပြည့်မီ လက်ထပ်မှုကို ပယ်ဖျက်နိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေဟာ ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ် ချမှတ်ခံရနိုင်တာကို သိရှိနေတာကြောင့် ကိုယ့်မိဘကို ရဲနဲ့ပြန်တိုင်ဖို့ဆိုတာက သူတို့အတွက် ခက်ခဲပါတယ်။
ကလေးအသက်အရွယ်မှာ လက်ထပ်မှုကို မတိုင်ကြားပါက နောက်ပိုင်း ယောက်ျားနဲ့ မိန်းမ နှစ်ဦးစလုံး ဥပဒေအရ အသက်ပြည့်လာတဲ့အခါ တရားဝင် မှတ်ပုံတင်နိုင်ပြီး အရေးယူခံရနိုင်တာ မရှိတော့ပါဘူး။
အသိပညာပေးမှုတွေနဲ့ ဥပဒေကို အကောင်အထည်ဖော်မှု တိုးတက်လာသလို အိန္ဒိယနိုင်ငံတဝန်း ကလေးလက်ထပ်မှုကို တိုင်ကြားတဲ့အမှုအရေအတွက်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။
အမျိုးသမီးနှင့် ကလေးဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှာ ကလေးလက်ထပ်မှု တိုင်ကြားချက် ၁,၀၅၀ မှု ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ ၃၉၅ မှုသာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ UNICEF ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် အသက် ၁၈ နှစ်အောက် မိန်းကလေး ၁.၅ သန်းခန့် လက်ထပ်ပေးခံနေရတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တရားဝင် တိုင်ကြားချက်အရေအတွက်တွေက အမှန်တကယ် ဖြစ်နေတဲ့အရေအတွက်နဲ့ နှိုင်းယှဥ်ရင် အလွန်နည်းပါးနေပါတယ်။
နီရှာဟာ အခု အသက် ၁၅ နှစ်ရှိပြီး ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။အနာဂတ်မှာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းအတွက် ကစားနိုင်မယ်လို့ သူ မျှော်လင့်နေပါတယ်။
တကယ်လို့ လက်ရွေးစင်အဆင့် မရောက်နိုင်ခဲ့ရင်တောင် အစိုးရအလုပ်တစ်ခု ရရှိနိုင်ပါက ငွေကြေးအရ ကိုယ်တိုင်လွတ်လပ်လာပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း ရရှိနိုင်မယ်လို့ယုံကြည်ထားပါတယ်။
အားကစားသမားတွေအတွက် သီးသန့်ထားရှိတဲ့အလုပ်အကိုင်တစ်ခုကို ရရှိဖို့အရည်အချင်းပြည့်မီတဲ့ တက္ကသိုလ်ပြီးဆုံးတဲ့အထိ ပြည်နယ်အဆင့် ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တဲ့ အဆင့်မှာ ဆက်လက် ကစားနေဖို့ လိုအပ်ပါတယ်။
အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့မွန်နာက ကလေးအသက်အရွယ်မှာ လက်ထပ်ပေးခြင်းကနေ လွတ်မြောက်နိုင်ခဲ့ပေမယ့် မိဘတွေစီစဉ်ပေးတဲ့ လက်ထပ်မှုဖြစ်လာနိုင်ခြေကတော့ ကျန်နေပါသေးတယ်။
သူ့ယောက်မ တော်စပ်သူ မိသားစုဘက်က သား တစ်ဦးနဲ့ မွန်နာ တို့ကို မိဘတွေက စီစဉ်ပေးတဲ့ လက်ထပ်မှုကို လက်ခံဖို့ ဖိအားပေးနေကြပါတယ်။
မွန်နာကတော့ ငြင်းနေဆဲဖြစ်ပါတယ်။
မွန်နာက နီရှာလောက် ဘောလုံးမှာ အောင်မြင်မှုမရသေးပေမယ့် Football for Freedom Project မှာ မိန်းကလေးငယ်တွေကို လေ့ကျင့်ပေးနေပြီး တက္ကသိုလ်ဘွဲ့အတွက်လည်း ဆက်လက်သင်ယူနေပါတယ်။
သူက ကျောင်းတစ်ကျောင်းမှာ အားကစားဆရာမ ဖြစ်လာဖို့ မျှော်လင့်နေပြီး အဲဒီအလုပ်က သူ့ အတွက် ငွေကြေးအရ ကိုယ်တိုင်ရပ်တည်နိုင်စေပြီး ဘဝအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ လွတ်လပ်မှုကို ပေးနိုင်မယ်လို့ဆိုပါတယ်။
အဲဒီအချိန်အတွင်းမှာပင် သူလေ့ကျင့်ပေးနေတဲ့ မိန်းကလေးတွေကို ကလေးအရွယ်နဲ့ လက်ထပ်ပေးတာကိုလက်မခံဖို့ အကြံပေး လမ်းညွှန်ပေးနေပါတယ်။
"သူတို့ရဲ့ လက်ထပ်မှုကို တားဆီးနိုင် မနိုင် မသေချာပေမဲ့ သူတို့ ဘဝမှာ တစ်ခုခု အောင်မြင်လာစေဖို့နဲ့ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်စေဖို့ ကျွန်မ ကူညီချင်ပါတယ်"