အိန္ဒိယရဲ့ ပဋိဇီဝ ဆေးယဉ်ပါးမှု ကပ်ရောဂါ

အိန္ဒိယ အနောက်ပိုင်း မဟာရပ်ရှ်ထရာ ပြည်နယ်မှာရှိတဲ့ ကုတင် တစ်ထောင်ဆန့် ကတ်စ်ထရာဘာ ဆေးရုံမှာ ဆရာဝန်တွေဟာ ပဋိဇီ၀ ဆေးတွေနဲ့ ယဉ်ပါးနေတဲ့ စူပါ ဗိုင်းရပ်စ် တစ်မျိုး ကူးစက်ခံနေရသူတွေကို ကုသပေးနေရပါတယ်။

 အချိန်ကြာလာတာနဲ့ အမျှပြောင်းလဲလာတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေဟာ သူတို့ကို ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါးတွေကို ယဉ်ပါးလာပြီးနောက်မှာ ဒီလို အခြေအနေမျိုးဖြစ်ပေါ် လာတာပါ။

 ဒီလို ပဋိဇီဝ ဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားပိုး တစ်မျိုးကြောင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လူပေါင်း ၁ ဒဿမ ၇သန်း ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ လန်းဆက်စ် ဆေးပညာ စာဆောင်မှာ ဖော်ပြပါတယ်။

 နောက်ပြီး ပြင်းထန်တဲ့ ကူးစက်ရောဂါတွေကို ပထမဆုံး တားဆီးကာကွယ်တဲ့ အဆင့်ဖြစ်တဲ့ ပဋိဇီဝ ဆေးတွေဟာ အဲဒီလို ကူးစက်မှုအများစုမှာ အလုပ် မဖြစ်ကြဘူးလို့လည်း ဆိုပါတယ်။

ဆေးယဉ်ပါး ရောဂါပိုးကြောင့် သန်းပေါင်းများစွာ သေဆုံးကြရ

အိန္ဒိယ နိုင်ငံဟာ ဆရာဝန်တွေရဲ့ အခေါ်အရ ပဋိဇီဝ ပိုးသတ်ဆေးယဉ်ပါးမှု ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပဋိဇီဝ ဆေးနဲ့ယဉ်ပါးနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် နှစ်စဉ် မွေးကင်းစ ကလေးငယ် ၆၀၀၀၀ နီးပါး သေဆုံးနေရတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ အစိုးရ ရဲ့ အစီရင်ခံစာထဲမှာ ဒီလို သေဆုံးမှု စာရင်းတွေကို ဖော်ပြထားပြီး အခြေအနေ ဆိုးရွားနေတယ်ဆိုတာကို ထိတ်လန့်ဖွယ်ရာ အဖြစ် ရည်ညွှန်းဖော်ပြထားပါတယ်။

 အဓိက ဘက်တီးရီးယား ၅ မျိုးကို ကုသနိုင်ဖို့ ဘယ်ပဋိဇီဝ ဆေးက အသင့်တော်ဆုံးလဲ ဆိုတာကို သိနိုင်ဖို့ ကတ်စ်ထရာဘာ ဆေးရုံမှာ စမ်းသပ်မှုတွေ လုပ်ခဲ့ရာမှာ ဆေးဝါး အများအပြားဟာ ထိရောက်မှု မရှိတာကို တွေ့ခဲ့ရပါတယ်။

ဒီပိုးတွေထဲမှာ အီးကိုလိုင်လို့ ခေါ်တဲ့ (Escherichia coli) ဗိုင်းရပ်စ် အမျိုးအစားတွေဟာ မသန့်ရှင်းတဲ့ အစားအစာတွေ စားပြီးနောက်မှာ လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ အူတွေမှာ တွေ့ရလေ့ ရှိပါတယ်။

 ကလက်ဆီလာ နျူမိုးနီးယား (Klebsiella Pneumoniae) ဗိုင်းရပ်စ်ဟာ အဆုတ်ရောင် ရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ တခါ သွေးကနေတဆင့် ကူးစက်ပြီး အရေပြားနဲ့ ဦးနှောက်အတွင်းပိုင်း ကို ကူးစက်နိုင်တဲ့ Staphylococcus Aureus ဗိုင်းရပ်စ် အမျိုးအစားတွေ ဖြစ်ပါတယ်။

 ဒီလို ဗိုင်းရပ်စ် တွေကို ပင်မ ပဋိဇီဝ ဆေးတွေနဲ့ စမ်းသပ်ခဲ့ရာမှာ ၁၅ ရာခိုင်နှုန်းလောက်ပဲ ထိရောက်မှု ရှိတာကို ဆရာဝန်တွေ ရှာဖွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ အရေးကြီးဆုံး အချက်ကတော့ ဆေးမျိုးစုံနဲ့ ယဉ်နေပြီး၊ အရေးပေါ်ကုသခန်းထဲမှာ အသက်လု ကုသပေးနေရတဲ့ လူနာတွေရဲ့ အဆုတ်ကို တိုက်ခိုက်တဲ့ Acinetobacter Baumannii ဆိုတဲ့ ဗိုင်းရပ်စ် ပေါ်ပေါက်လာတာကိုလည်း ဆရာဝန်တွေ တွေ့ရှိခဲ့ရပါတယ်။

ပဋိဇီဝ ဆေးတွေနဲ့ ယဉ်ပါးနေတဲ့ ဗိုင်းရပ်စ် ကူးစက်မှု ကပ်ရောဂါ

ဒီက လူနာအားလုံးနီးပါးဟာ ပိုမိုအဆင့်မြင့်တဲ့ ပဋိဇီဝ ဆေးဝါးတွေကို မတတ်နိုင်ကြတဲ့ အတွက် ကြပ်မတ်ကုသဆောင်ထဲမှာ အသက်ရှုစက် တပ်ထားရချိန်မှာ နျူမိုးနီးယားရောဂါ နဲ့ သေဆုံးဖို့ ဖြစ်နိုင်ခြေအများဆုံး ရှိတယ်လို့ ဆေးရုံအုပ် ဒေါက်တာ အက်စ်ပီ ကလန်ထရီက ပြောပါတယ်။

 အိန္ဒိယ ဆေးပညာ သုတေသန ကောင်စီ (ICMR) ရဲ့ အစီရင်ခံစာထဲမှာ စွမ်းအားမြင့် ပဋိဇီဝဆေး Carbapenems ကို ဗိုင်းရပ်စ်ပိုးတွေက ယဉ်ပါးခံနိုင်ရည် ရှိမှုဟာ တစ်နှစ်မှာ ၁၀ ရာခိုင်နှုန်း အထိ မြင့်တက်လာတယ်လို့ ဖော်ပြ ထားပါတယ်။

 ICMR အနေနဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံ ၃၀ က ပဋိဇီဝ ဆေးယဉ်ပါးမှု ဆိုင်ရာ အချက်အလက် တွေကို နှစ်စဉ် စုဆောင်းပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာကြောင့် စိုးရိမ်ထိတ်လန့်စရာကောင်းတာလဲ ဆိုတော့ Sepsis လို့ခေါ်တဲ့ အသက် အန္တရာယ် ရှိတဲ့ အခြေအနေမှာ ကုသမှုပေးတဲ့ ဆေးဝါး၊ အထူးကြပ်မတ် ကုသဆောင်က အလွန်အမင်း ဖျားနာနေတဲ့ လူနာတွေကို ကုသမှုပေးတဲ့ ဆေးဝါးဖြစ်တဲ့ Carbapenems ပဋိဇီ၀ဆေးကို ခံနိုင်ရည် ရှိလာကြတဲ့ ကိစ္စပါလို့ ဒေါက်တာ ခါမီနီ ဝါလီယာက ဆိုပါတယ်။ သူက ICMR ရဲ့ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သူ ဆရာ၀န် တစ်ယောက်လည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ နျူမိုးနီးယား ရောဂါတွေကို ပဋိဇီဝဆေးနဲ့ ကုသပေးနိုင်မှု ၄၃ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ၆၅ ရာခိုင်နှုန်းအထိ ပဋိဇီဝဆေးတွေနဲ့ ကုသပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအချက်က အလွန်စိုးရိမ်စရာ ကောင်းတယ်လို့ ICMR ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 ကိုလ်က္ကတား မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ AMRI ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်က လူနာ ၁၀ ယောက်မှာ ၆ ယောက်က ပဋိဇီဝ ဆေးယဉ်ပါးမှုနဲ့ ကြုံတွေ့နေရကြောင်း ကြပ်မတ်ဆောင် ကုသရေး စပယ်ရှယ်လစ် ဆက်စဝါတီ ရှင်နာက ပြောပါတယ်။ အခြေအနေက စိုးရိမ်စရာ ကောင်းပြီး တချို့လူနာတွေကို ကုသရေးအတွက် ရွေးချယ်စရာ နည်းလမ်း များစွာ မရှိတော့ဘူးလို့လည်း သူက ဆိုပါတယ်။

ပဋိဇီဝ ဆေးတွေ မရှိရင် ဘာဖြစ်မလဲ။

ပဋိဇီဝ ဆေးတွေကို ခံနိုင်ရည်ရှိမှုက အဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ အခြေအနေတွေများ ဖြစ်ပေါ်နေတဲ့ ရွာတွေနဲ့ မြို့ငယ်တွေက ပြင်ပ လူနာတွေကြားမှာလည်း ပျံ့နှံ့နေတယ်လို့ ကတ်စထရာဘာ ဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။ ပြင်ပ လူနာ အများစုဟာ ဆေးစာကို သိမ်းမထားတဲ့ အပြင် သူတို့ကို ဆရာဝန်က ညွှန်ကြားပေးတဲ့ ဆေးဝါးကို တောင် မမှတ်မိတဲ့ အတွက် ပဋိဇီဝ ဆေးဝါးသောက်သုံးမှု နောက်ကြောင်း မှတ်တမ်းကို ရယူဖို့ ခက်ခဲနေပါတယ်။

အဲဒီလို လူနာတွေကို စီမံခန့်ခွဲကုသရတာလည်း ဒုက္ခ တစ်မျိုး ဖြစ်နေပြန်ပါတယ်။ အခြေအနေက စိုးရိမ်စရာကောင်းပြီး မလိုအပ်ဘဲ ပဋိဇီဝ ဆေးတွေကို အလွန်အကျွံ သောက်သုံးခြင်းက အကျိုးထက် အပြစ်ပိုများတယ်လို့ ဒေါက်တာ ကလန်ထရီက ဆိုပါတယ်။

 အိန္ဒိယက ဆရာဝန်အများအပြားဟာ မလိုအပ်ဘဲ ပဋိဇီဝ ဆေးတွေကို အလွန်အကျွံ အသုံးပြု နေကြတယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

ဥပမာ အနေနဲ့ ပဋိဇီဝ ဆေးတွေဟာ တုပ်ကွေး ဒါမှမဟုတ် သာမန် အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ပိုးတွေကို မကုသနိုင်ပါ။ သွေးလွန်တုပ်ကွေး၊ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါ တွေကိုသာ တခါတရံ ပဋိဇီဝ ဆေးတွေ ပေးပြီး ကုသလေ့ရှိပါတယ်။

 ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်ခြင်း စတဲ့ရောဂါတွေကို လည်း အကန့်အသတ် ပဋိဇီဝ ဆေးတွေနဲ့သာ ကုသမှုပေးလေ့ရှိပါတယ်။

 ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လူနာတွေကို ပဋိဇီ၀ ဆေးတွေပေးပြီး ကုသခဲ့ရာမှာ ပိုမို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ICMR ရဲ့ လေ့လာမှု တစ်ခုမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ဆေးရုံတွေက လူနာ ၁၇၅၃၄ ယောက်မှာ ပဋိဇီ၀ ဆေးနဲ့ ယဉ်ပါးနေတဲ့ရောဂါပိုးဝင်သူ လူနာ ထက်ဝက်ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ကျယ်ပြန်တဲ့ ပဋိဇီဝ ဆေးတွေကို ရောဂါပြင်းထန်တဲ့ ကုသမှုမျိုးတွေမှာသာ သုံးသင့်ပေမယ့် အိန္ဒိယ ဆေးရုံတွေကပေးတဲ့ ဆေးညွှန်းတွေမှာ ပဋိဇီဝဆေးက ၇၅ ရာခိုင်နှုန်း အထိ ပါဝင်နေတယ်လို့လည်း စစ်တမ်း တစ်ခုက တွေ့ရှိခဲ့ပါတယ်။

 ဆရာဝန်တွေကိုပဲ လုံးဝ အပြစ်တင်လို့မရပါဘူး။ အစိုးရ ဆေးရုံတွေမှာ များပြားလွန်းတဲ့ လူနာ အရေအတွက်ကြောင့် ဆရာဝန်တွေအနေနဲ့ နာမကျန်းဖြစ်မှုကို ဆန်းစစ်ဖို့ နဲ့ ရောဂါတွေကို လေ့လာမှု အတွက် အချိန်ရှားပါး လွန်းတယ်လို့ ဒေါက်တာ ကလန်ထရီက ဆိုပါတယ်။

 ပဋိဇီဝ ဆေးတွေအကြောင်း အသိပညာ ကျယ်ကျယ်ပြန့်ပြန် မရှိခြင်းဟာ မြို့ပြနဲ့ ကျေးလက်တွေမှာ ဖြစ်ပေါ်လျှက်ရှိနေပါတယ်။ ငွေကြေးရှိပြီး ပညာတတ်သူတွေတောင် နေမကောင်း ဖြစ်ရင် ပဋိဇီဝ ဆေးတွေ ပေးဖို့ ဆရာဝန်ကို ဖိအားပေးလေ့ ရှိကြပါတယ်။

ပဋိဇီဝ ဆေးတွေရဲ့ စျေးနှုန်းကျဆင်းနေပြီး ရောဂါ ရှာဖွေမှုလုပ်ငန်းက စျေးကြီးနေတဲ့ အခါမှာ ဆရာဝန်တွေက စမ်းသပ်မှုထက် ဆေးဝါးတွေကိုသာ ညွှန်ကြားဖို့ ပိုပြီး နှစ်သက်ကြပါတယ်။ တခါတရံ ဆရာဝန်တွေဟာ ဘာကို ကုသမှုပေးနေတာလဲ ဆိုတာ မသေချာတဲ့ အခါမှာ Antibiotics ပဋိဇီဝ ဆေးတွေနဲ့ အရာအားလုံးကို ကုသချင်နေတယ်လို့လည်း ဒေါက်တာ ဝါလီယာက ဆိုပါတယ်။

 ဆေးရုံတွင်း ပိုးကူးစက်မှုတွေကိုလည်း အပြစ်တင်ရမှာဖြစ်ပါတယ်။ သန့်ရှင်းမှု အားနည်းတဲ့ ဆေးရုံမှာ လူနာတွေကို အစားထိုး ပဋိဇီဝ ဆေးတွေ အများအပြားပေးပြီး ကုသနေကြပါတယ်။ လူနာတွေ ဆုံးရှုံးသွားမှာကိုလည်း ဆရာဝန်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

 နောက်ကွယ်မှာ ကူးစက်မှုတွေအများအပြားနဲ့ ရောဂါထိန်းချုပ်မှု နည်းပါးတာ၊ မလိုအပ်ဘဲ ပဋိဇီဝ ဆေးတွေ သုံးစွဲနေတဲ့ အဖြစ်ဟာ အိန္ဒိယကို မုန်တိုင်း တစ်ခု တိုက်ခတ်နေသလိုပါပဲ ဆိုပြီး ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး အတိုင်ပင်ခံ အဖွဲ့က ဒေါက်တာ ရာမာနန် လက်စမီနာရာယန်က ဆိုပါတယ်။

 အိန္ဒိယနိုင်ငံအနေနဲ့ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေမှာ ပိုမိုရင်းနှီးမြှပ်နှံဖို့ လိုအပ်ပြီး ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများ မြှင့်တင်ဖို့၊ ကူးစက်ရောဂါဆိုင်ရာ သမားတော်များ မွေးထုတ်ပေးဖို့၊ ဆေးရုံတွင်း ကူးစက်မှုများ လျှော့ချဖို့နဲ့ စူပါပိုးမွှားတွေရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စမ်းသပ်မှုတွေအပေါ် အခြေခံပြီး ပဋိဇီဝဆေးအသုံးပြုမှုဆိုင်ရာ ဆရာဝန်တွေကို လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။

 ဒါတွေကို မလုပ်ဘူးဆိုရင်တော့ "ပဋိဇီဝဆေး ယဉ်ပါးမှုက မဝေးတဲ့အနာဂတ်မှာ ကပ်ရောဂါအသွင်ဖြစ်လာနိုင်တယ်" လို့ ဒေါက်တာ ဝါလီယာက က သတိပေးပြောဆိုပါတယ်။

ပဋိဇီ၀ ဆေးယဉ်ပါးမှု - အသံတိတ် ကပ်ရောဂါ

  • ကမ္ဘာ့ကျန်းမာရေး၊ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပဋိဇီဝ ဆေးယဥ်ပါးမှုက အကြီးမားဆုံးခြိမ်းခြောက်။
  •  ပဋိဇီဝဆေးယဉ်ပါးမှုသည် သဘာဝအတိုင်းဖြစ်ပေါ်သော်လည်း လူနှင့်တိရစ္ဆာန်များတွင် ပဋိဇီဝဆေးများကို အများအပြား သုံးစွဲခြင်းက ဆေးယဥ်ပါးမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်စေနိုင်။
  • အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ ဆီးပူညောင်းကျိတ်နှင့် salmonellosis ကဲ့သို့သော ရောဂါပိုးများ တိုးပွားလာကာ ကုသရန်အသုံးပြုသည့် ပဋိဇီဝဆေးများသည် ထိရောက်မှုနည်းသောကြောင့် ကုသရန် ပိုမိုခက်ခဲလာ။

ရင်းမြစ် - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး