နီပေါမှာ လိင်တူ လက်ထပ်ခွင့်ပြုပြီ - နိုဝင်ဘာ ၃၀ ညပိုင်း နိုင်ငံတကာသတင်းများ

နီပေါဟာ တောင်အာရှမှာ လိင်တူလက်ထပ်မှုကို ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

လိင်တူနှစ်သက်သူ အမျိုးသားနဲ့ အမျိုးသမီးလိင်အဖြစ် ပြောင်းထားပြီး တရားဝင် လိင်မပြောင်းရသူစုံတွဲဟာ ဗုဒ္ဓဟူးနေ့က ခတ္တမန္ဒူ အနောက်ဘက်က ကျေးရွာရုံးမှာ လက်မှတ်ထိုးခဲ့ကြတာပါ။

နီပေါ တရားရုံးချုပ်က ဇွန်လမှာ အမိန့်ထုတ်ပေးလို့ လိင်တူစုံတွဲတွေ ရုံးတက် လက်ထပ်ခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့လည်း လက်တွေ့မှာ အခက်အခဲတွေ ဆက်ရှိနေလို့ လက်ထပ်မှု မှတ်ပုံတင်ရေးမှာ ကြားဝင်ပေးဖို့ အစိုးရကို ဒီစုံတွဲ တောင်းဆိုခဲ့ရပါတယ်။

နီပေါက လိင်တူအခွင့်အရေး တိုက်ပွဲဝင်သူတွေကတော့ ဒါကို သမိုင်းဝင် အောင်ပွဲအဖြစ် ချီးကျူးနေကြပါတယ်။

ထိုင်းဓားစာခံတွေ ပြန်ရောက်

အရင်လက ဟားမတ်စ် ပြန်ပေးဆွဲခံရပြီးနောက် ပြန်လွတ်လာတဲ့ ထိုင်းဓားစာခံအုပ်စု တစု ဘန်ကောက်ကို လေယာဉ်နဲ့ ပြန်ရောက်လာပါတယ်။

သူတို့ကို ကြိုဆိုဖို့ ဆွေမျိုးတွေ လေဆိပ်မှာ စုဝေးခဲ့ကြပါတယ်။

တချို့ ဆွေမျိုးတွေက သူတို့သေပြီလို့ ထင်နေကြပြီး သူတို့ပြန်လွတ်လာတဲ့ ပုံတွေ တွေ့မှ အသက်ရှင်နေသေးတယ်ဆိုတာ သိကြတာ ဖြစ်ပါတယ်။

စုစုပေါင်း ၁၇ ယောက် ထိုင်းကို ပြန်လာကြပြီး နောက် ခြောက်ယောက်ကတော့ အစ္စရေးမှာ ဆေးစစ်ဖို့ ကျန်နေပါတယ်။

နောက်ထပ် ဟားမတ်စ်လက်မှာ အဖမ်းခံနေရတဲ့ ထိုင်းတအုပ်စုလည်း ကျန်နေပါသေးတယ်။

ဂါဇာနားက အစ္စရေးလယ်တောမှာ အလုပ်လုပ်တဲ့ ထိုင်းတွေ ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဒူဘိုင်း ရာသီဥတု အစည်းအဝေးဖွင့်

ဒူဘိုင်းမှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အရေး ထိပ်သီးဆွေးနွေးပွဲ အဖွင့်မှာပဲ ပေးထားတဲ့ ကတိကဝတ်တွေကို လက်တွေ့ဖော်ဆောင်ကြဖို့ ဆွေးနွေးပွဲ ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေကို ပန်ကြားခဲ့ပါတယ်။

ကွဲပြားမှုတွေကနေ ရုန်းထပြီး နိုင်ငံစုံဝါဒကို ယုံကြည်မှုကို ပြန်အသက်သွင်းကြဖို့ ဆူလ်တန် အယ်လ် ဂျဘားက ထောင်နဲ့ချီတဲ့ COP ၂၈ အစည်းအဝေး တက်ရောက်သူတွေကို တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့အပူချိန် မြင့်တက်နေမှုကို ကန့်သတ်ဖို့ နိုင်ငံတကာ သဘောတူထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်သလား ဆန်းစစ်ဖို့ကလည်း ဒီ အစည်းအဝေးရဲ့ ဦးတည်ချက်မှာ ပါဝင်ပါတယ်။

ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို လုံးဝ ဖယ်ရှားဖို့ ဒီအစည်းအဝေးက အာရုံစိုက်သင့်တယ်လို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ရှ်က ပြောပါတယ်။

ထိုင်ဝမ် သမ္မတ တရုတ်ကို တုံ့ပြန်

လက်ရှိအချိန်မှာ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ မစဉ်းစားနိုင်ဘဲ သူ့ပြည်တွင်းရေး ပြဿနာတွေနဲ့ ဗျာများနေရကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်ယင်ဝမ်းက ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရမှာ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ပိုက်နက်အဖြစ် သတ်မှတ်ပြီး အင်အားသုံး သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

မစ္စဆိုင်ရဲ့ စကားကို တုံ့ပြန်တဲ့အနေနဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြန်လည်ပေါင်းစည်းရေးက အမှန်တကယ် ဖြစ်လာမှာလို့ ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်မှာလာမယ့် ဇန်နဝါရီလမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။

တရုတ်ကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သမ္မတလောင်းတွေကြား အမြင်ကွဲပြားမှုတွေ ရှိနေပါတယ်။

တောင်ကိုရီးယား ခွေးသားအရောင်းပိတ်ဖို့ပြင်

တောင်ကိုရီးယားမှာ ခွေးသားရောင်းတာ ပိတ်ပင်ဖို့ ကြိုးစားလို့ ရဲနဲ့ ဒါဇင်နဲ့ချီတဲ့ လယ်သမားတွေကြား အချင်းများခဲ့ကြပါတယ်။

ဒီလို အရောင်းပိတ်တာကို ဖျက်ပေးဖို့ ဆိုးလ်မြို့တော်က သမ္မတ နန်းတော်နားမှာ လူ နှစ်ရာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

လမ်းကြားထဲ ခွေးတွေ လွှတ်ပေးဖို့ ဆန္ဒပြသူတွေက ပြင်ဆင်ခဲ့ကြပေမယ့် အာဏာပိုင်တွေက တားဆီးခဲ့ကြပါတယ်။

ရာစုနှစ်တွေနဲ့ချီပြီး ခွေးသား ရောင်းတာကို တားမြစ်ဖို့ တောင်ကိုရီးယား အာဏာရပါတီက ဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီလုပ်ငန်း လုပ်ကိုင်သူတွေကို လျော်ကြေးပေးမယ်ဆိုပြီး ဥပဒေအရာရှိတွေက ကမ်းလှမ်းခဲ့ကြသလို သူတို့လုပ်ငန်းတွေကို သုံးနှစ်အတွင်း ပိတ်ပစ်ဖို့ ဖိအားပေးခဲ့ပါတယ်။