ဂါဇာ အိတ်ဇိုးတပ်စ် - အစ္စရေးလက်တုံ့ပြန်မှုကြောင့် လူတစ်သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး

ဟားမတ်စ်သေနတ်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်ပြီး ဂါဇာထဲ အစ္စရေးက ဗုံးပြင်းပြင်းထန်ထန် ကြဲနေခဲ့တာကြောင့် လူတသန်းနီးပါးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြးခဲ့ရပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်၊

ဂါဇာထဲ စာနာမှု ဆိုင်ရာ အကူအညီတွေ တင်သွင်းခွင့် ပြုဖို့လည်း ကုလအေဂျင်စီ UNRWA က အစ္စရေးကို တောင်းဆိုပါတယ်။ လောင်စာဆီမရှိ၊ သောက်စရာ ရေမရှိနဲ့ ပါလက်စတိုင်းတွေဟာ ရေဓာတ်ခမ်းခြောက် သေကြရလိမ့်မယ် ဆိုပြီးတော့လည်း UNRWA က သတိပေးနေပါတယ်။

ဂါဇာမြောက်ပိုင်းမှာ ရှိနေတဲ့ အရပ်သားတွေ တောင်ဘက်ပိုင်းကို ပြောင်းရွှေ့ဖို့ နောက်ထပ် နာရီ အနည်းငယ် တိုးပြီး အချိန်ပေးမယ်လို့ အစ္စရေးက ပြောပါတယ်။

အရပ်သားတွေ နေရာ ရွှေ့တဲ့ အခါ အထိအခိုက်မရှိစေရ ဆိုပြီး အစ္စရေးဘက်က အာမခံထားတဲ့ သတ်မှတ် လမ်းကြောင်းတွေ ရှိနေပါတယ်။

အစ္စရေးတွေဘက်က မြေပြင်ထိုးစစ်တွေ ပြုလုပ်လာတော့မယ်လို့ ခန့်မှန်းထားကြပြီး အဲဒီမတိုင်ခင် ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်း တစ်သန်းကျော်ကို နေရာပြောင်းရွှေ့ဖို့ ပြောနေတာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ရေတပ်ဗိုလ်မှူးချုပ် ဒင်နီရယ် ဟာဂရီက အခုလို ဆိုပါတယ်။

“ဂါဇာမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ သိန်းပေါင်းများစွာသောသူတွေဟာ ကျွန်တော်တို့ ပြောထားတာကို ကြားနှင့်ပြီးဖြစ်လို့ နေရာပြောင်းရွှေ့ သွားကြလိမ့်မယ် ဆိုပြီး ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ နာရီတွေမှာ ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းဖို့ အသေးစိတ် အချက်တွေ ပါဝင်တဲ့ သတိပေးချက် စာရွက်တွေကို ကြဲချပေးနေခဲ့ပါတယ်။ သူတို့ကို ဟားမတ်စ်တွေက အသုံးချနေတယ် ဆိုတာကို သူတို့ကိုယ်တိုင်လည်း သိပါတယ်။ ထွက်သွားဖို့ ငြင်းဆန်သူကတော့ ကိုယ့်ကိုယ်ကိုယ် ရော ကိုယ့်မိသားစုကိုပါ အန္တရာယ်တွင်းထဲ တွန်းချတာနဲ့ အတူတူပါပဲ ” ဆိုပြီး ပြောပါတယ်။

နှစ်ဖက်ပေါင်း သေဆုံးသူ သုံးထောင့်ငါးရာ ကျော်သွားပြီ

ပြီးခဲ့တဲ့ စနေတုန်းက ပေါ်ပေါက်ခဲ့တဲ့ ဟားမတ်စ် သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး တစ်ထောင့်သုံးရာ သေဆုံးခဲ့ရတာကို လက်တုံ့ပြန်ပြီး ဂါဇာကို အပြင်းထန်ဆုံး ဗုံးကြဲနေခဲ့ပါတယ်။ ပါလက်စတိုင်း ကျန်းမာရေးဌာနဘက်က တာဝန်ရှိသူတွေရဲ့ အဆိုအရ သေဆုံးသွားတဲ့ ပါလက်စတိုင်း အရေအတွက် နှစ်ထောင့်နှစ်ရာ ကျော်သွားပြီ ဖြစ်ပါတယ်။

အစ္စရေးတွေက ပါလက်စတိုင်းတွေကို ဂါဇာမြောက်ပိုင်းက ထွက်သွားဖို့ ပြောပေမယ့် အဲဒီမှာ ဆက်ပြီး နေဦးမယ်လို့ ဘီဘီစီကို ပြောသူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ပါလက်စတိုင်းတွေ အတွက် ဆေးဝါးဆိုင်ရာ ထောက်ပံ့ရေး ဂါဇာတာဝန်ခံ မာမွဒ် ရှာလာဘီလည်း ပါဝင်ပါတယ်။

“ဘဝတွေက အခုဒီမှာ အတော်လေးဆိုးရွားနေပါတယ်။ ကျွန်တော်နေတဲ့နေရာမှာ အခြေအနေဟာ တကယ့်ကို တင်းမာနေပါတယ်။ အစ္စရေးတွေက ထွက်သွားခိုင်းတဲ့ နေရာတွေထဲက တစ်ခုမှာ ကျွန်တော် ဆက်ပြီးနေနေတာပါ။ လူတချို့လည်း ထွက်မပြေးကြသေးပဲ ဆက်ရှိနေပါတယ်။ ကျွန်တော်ကတော့ ဂါဇာရဲ့ ဘယ်နေရာမှာ မဆို လုံခြုံမယ်လို့ မထင်ပါဘူး။ ဒ့ါကြောင့် ထွက်သွားခိုင်းနေတာကို အန်တု ငြင်းဆန် နေတာ ဖြစ်ပါတယ်” ဆိုပြီး မာမွဒ် ရှာလာဘီက ပြောခဲ့ပါတယ်။

အခုရက်ပိုင်းတွေမှာ ဂါဇာကို အစ္စရေးက အပြင်းထန်ဆုံး ဗုံးကြဲခဲ့ပေမယ့် ...ဒါဟာ အစပဲ ရှိသေးတယ် ဆိုပြီး အစ္စရေးဝန်ကြီးချုပ် နက်တန်ညာဟုက ပြောပါတယ်။ အစ္စရေးက ပေးထားတဲ့ ၂၄ နာရီ အချိန်အပိုင်းအခြားအတွင်းမှာ ဂါဇာမြောက်ပိုင်းကနေ လူအားလုံး ထွက်သွားနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုပြီး၊ ဂါဇာမှာ အဓိက လှုပ်ရှားတဲ့ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့ အန်နရာ UNRWA ရဲ့ ပြော‌ရေးဆိုခွင့်ရှိသူ ဂျူးလီယက် တိုမာက ပြောပါတယ်။

“ဂါဇာကမ်းမြောင် မြောက်ပိုင်းကနေ လူတွေ အစုလိုက် အပြုံလိုက် ရွေ့လျား ထွက်ခွာ နေကြပါတယ်။ တကယ့်ကို ပမာဏကြီးမားတဲ့ လူပြောင်းရွှေ့ စွန့်ခွာမှုကြီး အိတ်ဇိုးဒပ်စ် ပုံစံဖြစ်တယ်လို့ မြေပြင်မှာ ရှိနေတဲ့ လုပ်ဖော်ကိုင်ဘက်တွေဆီက ကြားသိနေရပါတယ်။ ကားတွေနဲ့ ထွက်ခွာနေကြသူတွေ ရှိသလို၊ တချို့လည်း ခြေကျင်လျှောက်ပြီး စွန့်ခွာနေရတာပါ။ မွေ့ရာတွေပါ ထမ်းပိုးပြီး သွားနေကြတာပါ။ လူတွေဟာ အင်မတန် ကြောက်ရွံ့ တုန်လှုပ်နေကြရပါတယ်” လို့ ဂျူးလီယက် တိုမာက ဆိုပါတယ်။

အာရပ်ကမ္ဘာကို အမေရိကန် ဖျောင်းဖျနိုင်မလား

အစ္စရေးက ဂါဇာကို တိုက်ခိုက်နေတာဟာ နိုင်ငံတကာ ဥပ‌‌ဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ် ဆိုပြီး ဂျော်ဒန် နိုင်ငံခြားရေး ဝန်ကြီး အာမန် ဆာဖာဒီက ရှုတ်ချ ပြောဆိုပါတယ်။

အခုလိုမျိုး အရပ်သားတွေကို အိုးအိမ်တွေကနေ စွန့်ခွာစေတာဟာ ဒေသတွင်း တစ်ခုလုံးကို ပဋိပက္ခထဲ ဆွဲသွင်းသလို ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကတော့ အခု ပေါ်ပေါက်လာတဲ့ အခြေအနေတွေ အတွက် အ‌ရှေ့အလယ်ပိုင်း ဒေသ နိုင်ငံတွေကို သွားရောက် နေတာမှာ အခု ခရီးစဥ် အဆုံးသတ်အဖြစ် ဆော်ဒီအာရေဗျ နိုင်ငံမှာ ရှိနေပါတယ်။ အကြမ်းဖက် သွေးထွက်သံယို ဖြစ်ရပ်တွေ ‌‌ဒေသတွင်း ကူးစက်မလာအောင် တားဆီးနိုင်ရေး အတွက် ဆော်ဒီအာဏာပိုင်တွေနဲ့ တွေ့ဆုံနေပါတယ်။

ဆော်ဒီ နိုင်ငံခြားရေး ဌာနကလည်း အစ္စရေး အပေါ် အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြစ်တင် ဝေဖန်တဲ့ ကြေညာချက် ထုတ်ထားပါတယ်။ လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေ အပေါ် အစ္စရေးက ပစ်မှတ်ထားနေတယ် ဆိုပြီး ဆော်ဒီက ရှုတ်ချ ပြောဆိုထားပါတယ်။

အစ္စရေးကတော့ ဂါဇာမှာ သူတို့ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း၊ ဟားမတ်စ်ထိပ်သီး တပ်မှူးတစ်ယောက် သေဆုံးသွားတယ်လို့ ကြေညာပါတယ်။ ဟားမတ်စ်တို့ရဲ့ အမိန့်ပေးကွပ်ကဲရေး စခန်းတစ်ခုကို အစ္စရေး ဂျက် တိုက်လေယာဥ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာမှာ မူရတ်ဒ်အဘူမူရဒ် ဆိုသူလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အစ္စရေးထဲ ဟားမတ်စ် လက်နက်ကိုင်တွေ ဝင်တိုက်ခဲ့တဲ့ စစ်ဆင်ရေးမှာ အဲဒီသူဟာ အဓိက နေရာကသူတစ်ဦးပဲလို့လည်း အစ္စရေး စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ဘနွန်နဲ့ နယ်စပ်မှာလည်း တိုက်ခိုက်မှုတွေရှိ

လက်ဘနွန်ဘက်ကနေ အစ္စရေးထဲကို ဝင်နိုင်ဖို့ ကြိုးစားကြသူတချို့ကို သုတ်သင်လိုက်နိုင်တယ် ဆိုပြီး အစ္စရေး စစ်တပ်က ပြောပါတယ်။

မာဂါလီအော့ ဆိုတဲ့ အစ္စ‌ရေးမြောက်ပိုင်းမြို့ တစ်မြို့ အနီး အခင်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လက်ဘနွန် တောင်ပိုင်းကနေလည်း အစ္စရေး အဆိုအရ ဟဇ်ဘိုလာ အဖွဲ့က အစ္စရေးထဲကို ဒရုန်း ၃ စင်း လွှတ်တင်ခဲ့တာကို ပစ်ချနိုင်ခဲ့ပြီး လက်တုံ့ပြန်တဲ့ အနေနဲ့ လက်ဘနွန်ထဲက ဟဇ်ဘိုလာ ပစ်မှတ်ကို ဒရုန်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြင်သစ်ထဲက အခြေအနေ

အစ္စရေးနဲ့ ဂါဇာ ဖြစ်ရပ်တွေကြောင့် ပြင်သစ်နိုင်ငံထဲ လုံခြုံရေး ပျက်ယွင်းနိုင်တဲ့ အန္တရာယ်တိုးမြင့်လာတယ်လို့ ပြင်သစ် အစိုးရက ပြောပြီး ပြင်သစ် စစ်သား ၇ ထောင်ကို နေရာချနေပါတယ်။

မနေ့ သောကြာနေ့တုန်းက တပည့်ဟောင်းတစ်ယောက်က ဓားနဲ့ထိုး တိုက်ခိုက်ခဲ့လို့ ကျောင်းဆရာတစ်ဦး သေဆုံး ခဲ့ရပါတယ်။

ဒီလုပ်ရပ်ဟာ အစွန်းရော အစ္စလာမ်အကြမ်းဖက်ဝါဒကို အခြေခံပြီး ပေါ်ပေါက်လာတာလို့ ပြင်သစ် သမ္မတ အေမန်နွဲ မက်ခရွန်းက ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ လက်ရှိ ပေါ်ပေါက်နေတာတွေနဲ့ ဆက်စပ်ပြီး ဖြစ်လာတာလို့ ပြင်သစ် အာဏာပိုင်တွေ ယူဆထားပါတယ်။

ပြင်သစ်မှာ လူစုလူဝေး ကြီးကြီးမားမား မလုပ်ရ အမိန့် ထုတ်ပြန်ထားပေမယ့် ပါလက်စတိုင်း ထောက်ခံရေး ဆန္ဒပြပွဲတွေ ပြင်သစ် မြို့ကြီးတွေမှာ ပေါ်ပေါက်နေပါတယ်။