ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေယာဥ်မှူးရဲ့ အမှားကြောင့် နီပေါလေယာဥ်ပျက်ကျခဲ့တယ်လို့ အစီရင်ခံစာထွက်လာ
မွေးကင်းစကလေးနှစ်ဦးအပါအဝင် လူပေါင်း ၇၂ ဦးသေဆုံးခဲ့ရတဲ့ နီပေါလေယာဥ်ပျက်ကျခဲ့မှုဟာ လေယာဥ်မှူးတွေရဲ့ လျှပ်စစ်ဓာတ်အားမှားယွင်းဖြတ်တောက်လိုက်တာကြောင့်ဖြစ်တယ်လို့ အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကဖော်ပြပါတယ်။
လေယာဥ်တွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အတွက် "လေခွင်းအားကို" ဖြစ်စေတဲ့တွန်း အားတွေ မရှိတော့ဘဲ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။
အခုနှစ် ဇန်နဝါရီလ ၁၅ ရက်က နီပေါရဲ့ Yeti လေကြောင်းလိုင်းဟာ မြို့တော် ခတ္တမန္ဒူ ကနေ တခြားနီပေါမြို့တခုဖြစ်တဲ့ ပေါ့ခရာကို ပျံသန်းခဲ့တာဖြစ်ပါတယ်။
အဲဒီ လေယာဉ်ပျက်ကျမှုဟာ နီပေါနိုင်ငံအတွက် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးဖြစ်ရပ်ပါ။
လေယာဉ်ဟာ မြေပြင်ကိုဆင်းသက်နေချိန် ရောက်လုဆဲဆဲမှာ ထိုးကျပျက်စီးသွားတာဖြစ်ပါတယ်။
ATR 72 အမျိုးအစား အဲဒီလေယာဥ်ပေါ်မှာ လိုက်ပါခဲ့တဲ့ လေယာဥ်အမှုထမ်းတွေအတွက် အဲဒီနေ့ရဲ့ တတိယမြောက် ခတ္တမန္ဒူ ကနေ ပေါ့ခရာ ခရီးစဥ်ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် အဲဒီလေယာဥ်ဟာ လေဆိပ်ကနေ ၁ ဒသမ ၅ ကီလိုမီတာ အကွာမှာ ဆေတီမြစ်နားမှာ ပျက်ကျခဲ့တာဖြစ်ပြီး နီပေါစစ်သား ရာနဲ့ချီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ခဲ့ကြပါတယ်။
“အရှိန်အဟုန်ကြောင့် လေယာဉ်ဟာ မြေပြင်ကို မထိခင် ၄၉ စက္ကန့်အထိ ပျံသန်းခဲ့ပါတယ်” လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လေကြောင်းအင်ဂျင်နီယာ ဒီပက်ခ် ပါရာဆက် ဘစတိုလာ ကပြောပါတယ်။
လေယာဉ်မှူးတွေဟာ တောင်ပံခတ်ရမယ့် အစား လေယာဥ်ထိပ်ဖူးအင်ဂျင်ဒလက် လည်နေတဲ့အချိန်မှာ လျှပ်စစ်ကိုထိန်းချုပ်ပြီး လီဗာလို့ခေါ်တဲ့ မောင်းတံကိုနင်းထားတာကြောင့်ဖြစ်နိုင်တယ်လို့ ဘစတိုလာကရှင်းပြပါတယ်။
အဲဒီတော့ အင်ဂျင်ဒလက်ကို "မလှုပ်မယှက်ထားပြီး လည်ခိုင်းသလိုဖြစ်တော့ တွန်းထုတ်သလိုဖြစ်သွားတယ် " လို့ မစ္စတာဘစတိုလာကရှင်းပြပါတယ်။
"လေယာဥ်နောက်ကအင်ဂျင်ပန်ကာနှစ်ခုလုံးက ဒလက်တွေ ပြဿနာကိုလေယာဉ်အမှုထမ်းတွေက အဖြေရှာတာမရှိသလို လေကြောင်းသတိပေးချက်တွေရှိနေပေမဲ့လည်း လိုက်နာတာမရှိခဲ့ဘူး'' လို့ လည်းပြောပါတယ်။
အစီရင်ခံစာမှာ လေယာဥ်မှူးတွေဟာ သင့်လျော်တဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုအခြေခံ ဆိုင်ရာတွေမှာ လေ့ကျင့်သင်ကြားမှုနည်းပါးတာ၊ အလုပ်ဝန်နဲ့ ဖိစီးမှုမမျှ မတဖြစ်နေတာ၊ မတော်တဆထိခိုက်မှုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းရမယ့်လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှုမရှိတာလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ပျက်ကျတဲ့ လေယာဉ်ကို စနစ်တကျ ထိန်းသိမ်းထားသလို လေယာဉ်မှူးတွေဟာ အပြစ်အနာအဆာမရှိခဲ့ဖူးတဲ့ နီပေါမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ အရည်အသွေးသတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြည့်စုံသူတွေဖြစ်တယ်လို့ ထပ်ပြီးဖြည့်ပြောပါတယ်။
အခုစုံစမ်းစစ်ဆေးတာကို အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နဲ့ စင်ကာပူတို့က စုံစမ်းစစ်ဆေးရေးမှူး ဒါဇင်နဲ့ချီပါဝင်ခဲ့တာဖြစ်ပါတယ်။
လေယာဥ်ပျက်ခဲ့တာကို မြင်ခဲ့တဲ့ ဒေသခံ ဒီဝါဒါခဲ က လေယာဥ်ကောင်းကင်ကနေ ပြုတ်ကျတာကို မြင်ခဲ့သလို အဲဒီနေရာကိုလည်း အမြန်လိုက်ပြေးကြည့်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဘီဘီစီကိုပြောခဲ့ပါတယ်။
“ ကျွန်မရောက်တော့ အဲဒီပျက်ကျတဲ့နေရာကလူတွေပြည့်နေပြီ။ လေယာဉ်ကမီးလောင်နေပြီး မီးခိုးလုံးကြီးတွေထွက်နေတာ။ ပြီးတော့ ရဟတ်ယာဉ်တွေ အချိန်မဆိုင်းဘဲ ရောက်လာတယ်” လို့ သူကပြောပြခဲ့တာပါ။
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဥရောပသမဂ္ဂဟာ နီပေါလေကြောင်းလိုင်းတွေအပေါ် ဘေးကင်းလုံခြုံရေးစိုးရိမ်ချက်ကြောင့် သူတို့ရဲ့ လေပိုင်နက်အတွင်းပျံသန်းပြေးဆွဲတာကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
နီပေါမှာ လေယာဥ်မတော်တဆမှုဖြစ်တာက အထူးအဆန်းမဟုတ်တော့သလိုဖြစ်နေပါတယ်။ ဝေးလံခေါင်သီတဲ့ပြေးလမ်းတွေနဲ့ ရုတ်တရက် ရာသီဥတုပြောင်းလဲမှုတွေကြောင့် မကြာခဏအန္တရာယ်ရှိတဲ့အခြေအနေကိုကြုံကြရပါတယ်။
ပြီးခဲ့တဲ့ မေလက Yeti လေကြောင်းလိုင်းပိုင် Tara Air Flight 197 ဟာ တောင်စောင်းတစ်ခုပေါ်ကို ပျက်ကျခဲ့ရာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၂ ဦး သေဆုံးခဲ့ပါတယ်။