လေယာဉ်ပျက်မကျခင်လေးမှာ တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်သွားသူ

နီပေါနိုင်ငံမှာ လေယာဉ်ပျက်မကျခင် စက္ကန့်ပိုင်းအလိုကာလလေးအတွင်း လူတယောက်ဟာ ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်သွားခဲ့ပါတယ်။ သူ့နာမည်က ဆိုနူဂျေစ်ဝါ ပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေ ဇန်နဝါရီလ ၁၅ ရက်နေ့မှာဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုဟာ နီပေါနိုင်ငံအတွက် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးပါ။ လေယာဉ်ဟာ မြေပြင်ကိုဆင်းသက်နေချိန် ရောက်လုဆဲဆဲမှာ ထိုးကျပျက်စီးသွားတာဖြစ်ပါတယ်။ 

ဆိုနူဂျေစ်ဝါဟာ အိန္ဒိယနိုင်ငံဂါဇီပူးကပါ။ သူ့သူငယ်ချင်း ၃ ယောက်နဲ့အတူ နီပေါမြို့တော် ခတ္တမန္ဒုကနေ တခြားနီပေါမြို့တခုဖြစ်တဲ့ ပေါ့ခရာကို လေယာဉ်နဲ့ခရီးသွားခဲ့ကြပါတယ်။ လေယာဉ်ဆင်းသက်ကာနီးမှာ သူဟာတိုက်ရိုက်ဗီဒီယိုတခုထုတ်လွှင့်သွားတာပါ။

ဗီဒီယိုထဲမှာ ဘဲဥပုံ လေယာဉ်ပြတင်းကနေ အပြင်ဘက်မြေပြင်မြင်ကွင်းကိုမြင်ရပါတယ်။ မြေပြင်ဟာ တဖြည်းဖြည်း နီးသထက်နီးလာတဲ့အတွက် လေယာဉ်ဆင်းသက်နေတာကိုသိနိုင်ပါတယ်။ ဆိုနူဂျေစ်ဝါဟာ အပြုံးနဲ့ ဆယ်လ်ဖီဆွဲလိုက်ပါသေးတယ်။ သူ့ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း လှည့်ရိုက်ပြလိုက်ပါသေးတယ်။ သူ့သူငယ်ချင်း ၃ ယောက်ရဲ့ မြူးတူးပြောဆိုနေတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်။ နောက်ထပ်စက္ကန့်ပိုင်းအလိုမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး။

ကင်မရာဟာ ရုတ်တရက် ခပ်ကြမ်းကြမ်းလှုပ်ခါသွားပါတယ်။ မြင်ကွင်းတွေ ဟိုယိုင်ဒီထိုးဖြစ်သွားပါတယ်။ ထိတ်လန့်တဲ့အသံတွေ အော်ဟစ်တဲ့အသံတွေထွက်ပေါ်လာပြီးနောက် ခဏအတွင်းမှာပဲ ဗီဒီယိုမျက်နှာပြင်မှာ အလွန်စူးရှတောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပါတယ်။ ဗီဒီယိုပိတ်မသွားခင်မှာ ကျယ်လောင်တဲ့ လေယာဉ်စက်သံလိုအသံကြီးတွေကြားရပါတယ်။ မှန်စတွေကွဲကြေလွင့်စင်တာမြင်ရပါတယ်။ ကြီးမားတဲ့မီးတောက်၊ မီးခိုးနဲ့ အပျက်အစီးတချို့ကို နောက်ဆုံးတွေ့မြင်လိုက်ရပါတယ်။

လေယာဉ်ပေါ်မှာပါလာတဲ့ လူ ၇၂ ယောက်စလုံးတယောက်မှ အသက်မရှင်ကြပါဘူး။

ဆိုနူဂျေစ်ဝါရဲ့မိတ်ဆွေနဲ့ မိသားစုဝင်တွေက အဲဒီ facebook live video ကိုကြည့်ကြရကြောင်း အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။

ဆိုနူဟာ ဆေတီမြစ်နားမှာ လေယာဉ်ပျက်ကျနေစဉ်တိုက်ရိုက်ထုတ်လွှင့်သွားခဲ့တယ်လို့ သူ့သူငယ်ချင်း မုကက်ရှ် ကတ်ရှ်ယပ်က သတင်းထောက်တွေကို ပြောပါတယ်။ သူဟာရင်းနှီးတဲ့သူတွေသာ ကြည့်နိုင်အောင် ဖွင့်ပေးထားတဲ့ အဲဒီဗီဒီယိုကို ဒေသတွင်းသတင်းထောက်တယောက်ဖြစ်တဲ့ ရှာရှီခန်တီဝါရီကို ပြခဲ့တယ်လို့ဆိုပါတယ်။ ရှာရှီခန်တီဝါရီက ဘီဘီစီကိုပြန်ပြောပြတာပါ။

ဆိုနူဂျေစ်ဝါဟာ လေယာဉ်ပေါ်မှာ ဘယ်လိုအင်တာနက်ရပြီး တိုက်ရိုက်ထုတ်လွှင့်သွားနိုင်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

နီပေါနိုင်ငံသားလွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ အဘိရှက်ပရာတတ်ရှားကတော့ ကယ်ဆယ်ရေးသမားတွေဟာ လေယာဉ်အပျက်အစီးတွေကြားထဲကနေ ဖုန်းကိုတွေ့ပြီး အဲဒီဗီဒီယိုကို ရခဲ့တာလို့ အိန္ဒိယ NDTV သတင်းချန်နယ်ကို ပြောကြားခဲ့ပါတယ်။

“အဲဒီဗီဒီယိုကို ကျွန်တော့်သူငယ်ချင်းတယောက်က ရဲအရာရှိဆီကရပြီး ပို့ပေးခဲ့တာပါ။ တကယ်ရိုက်ခဲ့တဲ့ဗီဒီယိုပါ” လို့ သူကဆိုပါတယ်။

မစ္စတာရှားရဲ့ ပြောကြားချက်ကို နီပေါတာဝန်ရှိသူတွေကတော့ အတည်ပြုချက်မပေးပါဘူး။ ဒီဗီဒီယိုဟာ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ အထောက်အကူပြုကောင်းပြုနိုင်ပါတယ်။

သေဆုံးသူ သူငယ်ချင်း ၄ ယောက်ရဲ့မိသားစုတွေအတွက်ကတော့ ဒီဗီဒီယိုဟာ သိပ်အရေးမပါပါဘူး။ သူတို့ဟာ အလွန်အမင်းစိတ်ထိခိုက်နေကြပါတယ်။ ကြေကွဲမှုဟာ ပြောမပြတတ်အောင်ပါပဲ လို့ မိသားစုဝင်တယောက်ကဆိုပါတယ်။

“အစိုးရအနေနဲ့သူတို့တတ်နိုင်သမျှ ကျွန်တော်တို့ကို အကူအညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့ ချစ်ခင်ရသူတွေရဲ့ ရုပ်အလောင်းကို ကျွန်တော်တို့ပြန်လိုချင်ပါတယ်။” 

သေဆုံးသူသူငယ်ချင်း ၄ ယောက်ရဲ့မိသားစုဝင်တွေကို ခတ္တမန္ဒုအိန္ဒိယသံရုံးက ဆက်သွယ်ပြီး တတ်နိုင်သမျှ အကူအညီပေးဖို့ ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။ သူတို့ခတ္တမန္ဒုကိုလာချင်ရင် လိုအပ်တာမှန်သမျှစီစဉ်ပေးမယ်လို့ပြောထားကြောင်းလည်း သတင်းထောက်တွေကို ထုတ်ဖော်ပြောကြားပါတယ်။ 

သူတို့သူငယ်ချင်း ၄ ယောက်ဟာ ပျော်ပျော်နေတတ်သူတွေလို့ သူတို့ဇာတိရွာသားတွေက ဆိုကြပါတယ်။ တချို့ရွာသားတွေဟာ သူတို့အတွက် လျော်ကြေးရဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သူတို့ ၄ ယောက်ဟာ အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်တွေလို့ ယူဆရပါတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာတွဲလာကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့ဟာ နီပေါနိုင်ငံ ပတ်ရှုပထီနတ်ဘုရားကျောင်းကို ဘုရားဖူးသွားဖို့အတွက် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ နီပေါနိုင်ငံကို ထွက်ခွာသွားခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။ ခရီးစဉ်ကို စတင်အကြံပြုခဲ့သူက ဂျေစ်ဝါ ဖြစ်ပါတယ်။ ဂျေစ်ဝါဟာ ကလေး ၃ ယောက်ရဲ့ဖခင်ဖြစ်ပြီး သူကအခု ဘုရားကျောင်းကိုသွားပြီး နောက်ထပ်သားတယောက်ရဖို့ သွားဆုတောင်းတာလို့ဆိုပါတယ်။

ဘုရားကျောင်းကိုရောက်ပြီးနောက်မှ သူတို့သူငယ်ချင်းတွေဟာ ပေါ့ခရာခရီးစဉ်ကိုစတင်ခဲ့တာပါ။ သူတို့ဟာ အနာပူရဏတောင်တန်းနားက ရှုခင်းတွေကို သွားရောက်ကြည့်ရှုကြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကံကြမ္မာက သူတို့အစီအစဉ်ကို ပြောင်းလဲပစ်လိုက်ပါပြီလို့ ဆွေမျိုးတဦးက ပီတီအိုင် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၅ ဦး၊ ရုရှား ၄ ဦး၊ ကိုရီးယား ၂ ဦးပါဝင်ပြီး ကျန်သူအားလုံးဟာ နီပေါနိုင်ငံသားတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ တချို့သတင်းတွေကတော့ ဗြိတိန်၊ သြစတြေးလျ၊ အာဂျင်တီးနားနဲ့ ပြင်သစ်နိုင်ငံသား ၁ ယောက်စီလည်း ပါဝင်တယ်လို့ ရေးသားကြပါတယ်။

ဂျေစ်ဝါရဲ့ဖခင်ကတော့ အဲဒီဗီဒီယိုကို ကြည့်ဖို့ စိတ်ခွန်အားမရှိဘူးလို့ ဆိုပါတယ်။ အတူတူသွားတဲ့ အန်နီရာဂျဘားရဲ့ ဖခင်ကတော့ သူ့သားနီပေါကို ထွက်သွားတာမသိလိုက်ပါဘူး။ သူ့သားက သူတို့ကို မပြောဘဲ ထွက်သွားခဲ့တာပါ။ ဖခင်ဖြစ်သူ အလုပ်ရှုပ်နေစဉ်မှာ သူ့ဘာသာပြင်ဆင်ပြီး သူငယ်ချင်းတွေနဲ့ ထွက်သွားတာလို့ ဆိုပါတယ်။

သူ့သားသေဆုံးသွားပြီဆိုတာကို သူကတော့ မယုံကြည်နိုင်သေးဘဲ ဖြစ်နေပါတယ်။