မတ်လမှာ လွှတ်တော်ခေါ်ပြီး နိုင်ငံ့တာဝန်လွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ပြော
လာမယ့် မတ်လ မှာ လွှတ်တော်ခေါ်ပြီး အနိုင်ရတဲ့ အစိုးရအဖွဲ့ကို နိုင်ငံတော်တာဝန်တွေ လွှဲပြောင်းပေးမယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်မှာ တပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုတွေ နဲ့ တွေ့ဆုံတဲ့အခါမှာ ပြောခဲ့တာပါ။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပေးမယ်လို့ တပ်နယ် အရာရှိ၊ စစ်သည်တွေနဲ့ တွေ့တိုင်းပြောဆိုလေ့ရှိပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ် ရောက်တဲ့အခါမှာ လည်း အခုလို ပြောခဲ့သလို ဒီဇင်ဘာ ၂၀ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်က တပ်မိသားစုတွေ နဲ့ တွေ့ဆုံတဲ့အခါမှာလည်း အလားတူပြောခဲ့ပါသေးတယ်။
လာမယ့် မတ်လမှာ လွှတ်တော် စတင်ခေါ်ယူပြီး ဧပြီလထဲမှာ အစိုးရသစ်က စတင်တာဝန်ထမ်းဆောင် လိမ့်မယ်လို့ စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းထောက်တွေ နဲ့ တွေဆုံချိန် ပြောခဲ့တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လက်ရှိမှာ ယာယီသမ္မတ နဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ယူထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သက်ဆိုင်ရာ သမ္မတရွေးချယ်ရေးအဖွဲ့က ရွေးချယ်တာဝန်ပေးလာရင်တော့ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။