ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နွေဦး ကြယ်ဖြူ ဖေဖေ
၈လ သားအရွယ်ကတည်းက သူနဲ့ခွဲနေရတဲ့ ကိုခန့် (အသက် ၃၀ နှစ် )ရဲ့ သမီးလေးဟာ အခုဆိုရင် ဖေဖေလို့ ကောင်းကောင်းခေါ်တတ်တဲ့ စကားပြောနိုင်တဲ့ ၃ နှစ် အရွယ်ကို ရောက်နေပါပြီ။
သူ့ သမီးလေးနဲ့ စပြီးခွဲခဲ့ရတာဟာ လွန်ခဲ့တဲ့ ၂ နှစ် အခုလို နွေဦးပေါက်ကာလက ဖြစ်ပါတယ်။
မတ်လထဲ ဖြစ်လို့ ကိုခန့် အခုရောက်နေတဲ့ ယင်းမာပင်နယ်ထဲက တောင်တန်းလျှိုမြောင်တွေမှာ ပေါက်နေတဲ့ သစ်ပင်ဝါးပင်ကြီးတွေက သစ်ရွက်တွေ ကြွေကျနေတာတွေ့ရပါတယ်။ မတ်လဟာ နွေဦးပေါက်တဲ့အချိန် ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့ နွေဦးတော်လှန်ရေး အစပြုတဲ့ ကာလလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ကို လူငယ်အများစုက လက်နက်ကိုင်တော်လှန်ခဲ့ကြပြီးတော့ ကိုခန့်တို့ စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေး အားကောင်းတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း အတွင်းက မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေး အဖြစ်ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ထားပြီး ရွာတွေမီးရှို့ခံရတာတွေ သတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ထဲမှာဆိုရင် မတ်လ ၁ ရက် ကနေ ၅ ရက် အထိ ကျေးရွာ ၁၀ ရွာနီးပါး မီးရှို့ခံခဲ့ရပြီး ဒေသခံ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် မြေပြင်အခြေအနေ စစ်တမ်းကောက်ယူသူတွေထံက သိရပါတယ်။
နိုင်ငံအနှံက ဒေသအချို့မှာလည်း စစ်ကိုင်းတိုင်းလိုပဲ မီးရှို့ခံရတာ သတ်ဖြတ်ခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် မတ် ၃ ရက်အထိ စစ်အာဏာရှင်ကို တော်လှန်ရင်း သေဆုံးရသူ ၃၀၈၅ ယောက်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေ ၁၆၁၂၀ ယောက်၊ သေဒဏ်ချမှတ်ခံရသူ ၁၄၄ ယောက် ရှိနေတယ်လို့ဆိုပါတယ်။
အင်တာနက်လိုင်းရတဲ့နေရာရောက်လို့ အွန်လိုင်းကနေ ဗွီဒီယိုနဲ့ ဖုန်းခေါ်တဲ့အခါ သမီးက “ဖေဖေ”လို့ ခေါ်တဲ့အသံ ကြားရင် သေနတ်ကိုင်ထားတဲ့ ကိုခန့်ဟာ မျက်ရည်ကျရတယ်လို့ ဆိုပါတယ်။
သားသမီးကို ကိုယ်တိုင်မစောင့်ရှောက်နိုင်တဲ့ ဖခင်အဖြစ်စဥ်းစားမိတိုင်း သူ့ရင်မှာ နာကျင်ရတယ်လို့ ကိုခန့်က ပြောပါတယ်။
ကိုခန့်ဟာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်မြို့နယ် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ဝင်ရောက်ပြီး စစ်ကောင်စီကို တော်လှန်နေသူ ဖြစ်ပါတယ်။
သတင်းသမားဘဝကနေ တော်လှန်ရေးခေါင်းဆောင်ဖြစ်လာသူဖခင်
ယင်းမာပင်မြို့နယ်ထဲမှာ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူတစ်ယောက်အနေနဲ့ ပါဝင်နေတဲ့ ကိုခန့်ဟာ တချိန်က သတင်းသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။
ကိုခန့်ဟာလုပ်ငန်းတာဝန်အရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ သတင်းအလုပ် လုပ်ကိုင်ခဲ့တာပါ။ ဒီလိုနဲ့ သူရဲ့သမီးလေး ၈ လလောက်မှာ စစ်အာဏာသိမ်းမှုဖြစ်လာတဲ့အခါ ဆန္ဒပြပွဲသတင်းတွေ လိုက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ မှာတော့ မုံရွာမြို့ ဘုရားနီလမ်းဆုံမှာ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီက ပစ်ခတ်တာကြောင့် ကိုခန့်ရဲ့မျက်စိရှေ့တင် ပြည်သူ ၉ ယောက် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ သတင်းထောက်အလုပ်ကို စွန့်လွှတ်ပြီး ကလေးကို စောင့်ရှောက်ပေးဖို့ ဇနီးကို ခွင့်ပန်ရင်း စစ်ကောင်စီတော်လှန်ရေးထဲကို ဝင်ရောက်လာခဲ့ပါတယ်။
“ကျွန်တော့် အမျိုးသမီးကလည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးခဲ့တယ်။ ကျွန်တော် ဖခင်တစ်ယောက်ရော၊ အဖေကို မစောင့်ရှောက်နိုင်တဲ့ သားအဖြစ်လည်း တာဝန်တွေ လစ်ဟင်းခဲ့တယ်။ တစ်ခါတစ်လေ စိတ်ထဲ ဝမ်းနည်းပြီး မျက်ရည်ကျမိတယ်။ တစ်ဖက်ကလည်း မိသားစုက ဒီတော်လှန်ရေးလုပ်တာကို ကြည်ဖြူလို့လည်း ဝမ်းသာမိပါတယ်”လို့ ကိုခန့်က ပြောပါတယ်။
“အာဏာမသိမ်းခင်က အိမ်ထောင်ဦးစီးတစ်ယောက် ဖခင်တစ်ယောက်အနေနဲ့ သတင်းထောက်လုပ်ခက ရတဲ့လစာနဲ့ ပြည့်ပြည့်စုံစုံ ထားနိုင်တယ်။ အခုဆို မိသားစုကို မထောက်ပံ့နိုင်တော့ဘူး။ သတင်းသမားအလုပ်ကို တခြားသတင်းထောက်တွေ ဆက်လုပ်လို့ရတယ်။ တော်လှန်ရေးကို ငါလုပ်မယ်ဆိုပြီး ကျွန်တော်ပါဝင်နေတာ”လို့ သူက ပြောပါတယ်။
မြန်မာပြက္ခဒိန်လရဲ့ တပေါင်းလပြည့်နေ့ အခါသမယမှာ ဗုဒ္ဓဘာသာဝင်တွေက အဖေများနေ့လို့ သတ်မှတ်ကာ ဂုဏ်ပြုကြတဲ့ အလေ့အထတွေ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက စပြီး ပြည်တွင်းမှာရှိလာခဲ့ပါတယ်။
တပေါင်းလပြည့်နေ့ မှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို ကျေးဇူးဆပ်ဖို့အတွက် စတင်ကြွချီတဲ့နေ့ဖြစ်တာကြောင့် အဖေများနေ့ဆိုပြီးတော့ သတ်မှတ်ခဲ့ကြတာလို့ ဆိုကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မမျှော်လင့်ဘဲ ရုတ်တရက် သားသမီးမဲ့သွားတဲ့ ဖခင်တွေ၊ ဖခင်မဲ့သွားတဲ့သားသမီးတွေဟာ နေ့စဉ်ဆိုသလို မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိနေခဲ့တာပါ။
ဒီလိုဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတွေ ရပ်တန့်သွားအောင် စစ်အာဏာရှင်ကိုတော်လှန်တဲ့အထဲမှာ ဖခင်တွေလည်း ပါဝင်နေကြတာလို့ ဆိုပါတယ်။
အဖေများနေ့မှာ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဖေတွေ နဲ့ သားတွေက ကိုခန့်လိုပဲ သတိရစရာ အမှတ်တရတွေ ရှိနေကြပါတယ်။
တောင်သူဖခင် တော်လှန်ရေးခေါင်းဆောင်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ်အစပ် ခင်ဦးမြို့နယ်ထဲက Khin U Special Force Organization (KSO) ဦးဆောင်သူ ဗိုလ်လင်းရောင်ကတော့ သားသမီး ၅ ယောက်ရဲ့ ဖခင်တစ်ယောက်ပါ။
သူက တချိန်က တောင်သူလယ်သမားတစ်ယောက်ဖြစ်ခဲ့ပြီး တောင်သူအလုပ်နဲ့ သားသမီးတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတွေကို ပြည့်စုံအောင် ထားနိုင်ခဲ့သူပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးထဲကို ဝင်ရောက်လာတဲ့အခါ သားကြီးက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်သလို၊ သမီးကြီးကလည်း ကြားကာလပညာရေးကျောင်းတွေမှာ စေတနာ့ဝန်ထမ်း ဆရာမအဖြစ် ပါဝင်လာကြပါတယ်။
သားအဖတွေ ဒီလိုတွေပါဝင်လာခဲ့ကြပေမဲ့ ဖခင်တစ်ယောက်ရဲ့ဝတ္တရားဟာ သားသမီးတွေအပေါ်မှာ မထားနိုင်တော့ဘဲ သူဦးဆောင်မှု အောက်မှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေအပေါ်မှာ ဦးစားပေးလာရပါတော့တယ်။
“ကျနော်တို့က အန္တရာယ်များတဲ့နေရာ၊ ထိပ်တိုက် တိုက်ပွဲတွေ မကြာမကြာ ဖြစ်တဲ့နေရာမှာဆိုတော့ မိသားစုအရေးထက် တပ်ဖွဲ့ဝင်တွေရဲ့အရေးကို ပိုအဓိကထားတယ်။ မိသားစုနဲ့ ကျန်တဲ့ကလေးတွေကိုလည်း လွတ်အောင်သာပြေးဖို့ပြောထားတယ်။ ဖခင်တစ်ယောက်ရဲ့ စောင့်ရှောက်မှုကိုတော့ မမျှော်နဲ့လို့ ပြောထားတယ်”လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။
သူကိုယ်တိုင်က သားသမီးမဆုံးရှုံးရပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်းထဲက သားမဲ့သွားတဲ့ ဖခင်တွေ၊ မိဘမဲ့သွားတဲ့ သားသမီးတွေကို သူတွေ့ကြုံခဲ့ရတာကြောင့် ရင်နာခဲ့ရပါတယ်။
ဒ့ါကြောင့် သူ့တပ်ဖွဲ့ထဲမှာရှိနေတဲ့ ရဲဘော်တွေကို ခေါင်းဆောင်တစ်ယောက်လို တစ်မျိုး၊ ဖခင်တစ်ယောက်လို တစ်ဖုံ ဦးဆောင်နေပြီး တပ်ဖွဲ့ဝင်တွေ အထိခိုက်နည်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူတို့တွေဟာ မိသားစုနဲ့ ဝေးကွာနေကြရပြီး တချို့တွေက ပြန်မလာနိုင်ကြတော့ပါဘူး။ စစ်အာဏာရှင်တည်မြဲနေသရွေ့ သေဆုံးသူတွေ ၊ မီးရှို့ခံရတဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ၊ အဖမ်းဆီးခံရမှုတွေဟာ နေ့စဉ်ရှိနေမှာဖြစ်တဲ့အတွက် ကိုခန့်နဲ့ ဗိုလ်လရောင်တို့က ဖခင်မဲ့သားတွေ၊ သားမဲ့ဖခင်တွေ ရပ်တန့်သွားဖို့အရေး ဆက်တော်လှန်သွားကြမှာ လို့ဆိုပါတယ်။
ဖခင်တစ်ယောက်အနေနဲ့ စားဝတ်နေရေး ငွေရှာမပေးနိုင်တော့ပေမဲ့ နိုင်ငံအကျိုး သယ်ပိုးနေတဲ့ ဖခင်တွေကို သားသမီးတွေ နားလည်ပေးနိုင်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
ကိုခန့်ရောက်နေတဲ့ ယင်းမာပင်မြို့နယ်ကလည်း တိုက်ပွဲပြင်းထန်တဲ့ ဒေသတစ်ခုဖြစ်တာကြောင့် တိုက်ပွဲမှာ သူတစ်ခုခု ဖြစ်သွားခဲ့ရင် သူ့ဖခင်၊ သူ့ကလေး၊ သူ့မိသားစုတွေ ဘယ်လိုနေကြမလဲဆိုတာကိုတော့ သူတွေးပူမိတယ်လို့ ဆိုပါတယ်။
“ကျွန်တော် ကတော့ ဖခင်ဝတ္တရားအစား၊ စစ်မြေပြင်မှာ တာဝန်ယူနေရတော့ ဖခင်ဝတ္တရားဆိုတာ မေ့နေတယ်။ ကျွန်တော် ကလေးနဲ့ နိုင်ငံက ကလေးတွေရဲ့ အနာဂတ်ကောင်းဖို့ ကျွန်တော် ပေးဆပ်မှုက တန်တယ်လို့ ယူဆတယ်”လို့ ကိုခန့်က ပြောပါတယ်။