ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒိန်းမတ်ဘုရင်မကြီး တရားဝင် ထီးနန်းစွန့် - ဇန်နဝါရီလ ၁၄ ရက်ညပိုင်းသတင်းများ
ဒိန်းမတ်နိုင်ငံမှာ နှစ်ပေါင်း ၅၂ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူ ဘုရင်မကြီး ဒုတိယမြောက် မာဂရေးသာ ထီးနန်းစွန့်တဲ့ အထိမ်းအမှတ်အဖြစ် ကိုပဲန်ဟေဂန်မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားတွေကို လူတွေထောင်သောင်းချီ တက်ရောက်နေပါတယ်။
ဘုရင်မကြီး မာဂရေးသာ ဟာ သူ့ရဲ့ သားအကြီးဆုံး ဖရက်ဒရစ်ခ်ကို ထီးနန်းလွှဲအပ်ကြောင်း လက်မှတ်ရေးထိုးဖို့အတွက် ပါလီမန်ရှိရာ ခရစ်ရှန်ဘော့ဂ်နန်းတော်ဆီကို တော်ဝင်ရထားလှည်းနဲ့ သွားရောက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဖရက်ဒရစ်ခ်နဲ့ သူ့ရဲ့ ကြင်ရာတော် သြစတြေးလျလူမျိုး ဇနီးသည် မေရီ တို့ဟာ ဒိန်းမတ်ဘုရင်နဲ့ ကြင်ရာတော် မိဖုရားကြီးအဖြစ် ပထမဆုံးအကြိမ် နန်းတော် လသာဆောင်ကနေ လူထုကို လက်ဝှေ့ယမ်း နှုတ်ဆက်ဖို့ ရှိပါတယ်။
ဒိန်းမတ်နိုင်ငံမှာ တော်ဝင်မိသားစုကို လူချစ်လူခင် များတဲ့အတွက် ဒီအထိမ်းအမှတ်အခမ်းအနားဟာ ပျော်ရွှင်စရာခံစားမှုမျိုး တွေ့ရတယ်လို့ အဲဒီမှာ ရှိနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
အသက် ၈၃ နှစ်ရှိပြီ ဖြစ်တဲ့ ဘုရင်မကြီး မာဂရေးသာ ဟာ သူထီးနန်းစွန့်တော့မယ့်အကြောင်းကို အခုနှစ်သစ်ကူးမိန့်ခွန်းထဲမှာ ထည့်သွင်း ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
ထိုင်ဝမ်သမ္မတသစ် ဝီလျံလိုင်ကို ဂုဏ်ပြုစကားဆိုခဲ့တဲ့ အမေရိကန်ကို တရုတ်ပြစ်တင်ဝေဖန်
ထိုင်ဝမ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတသစ် ဝီလျံလိုင်ကို အမေရိကန်အစိုးရက ဂုဏ်ပြုချီးကျူးစကား ပြောခဲ့တာနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒါဟာ ထိုင်ဝမ်ကို လွတ်လပ်ရေး ရယူဖို့ တွန်းအားပေးနေသူတွေဆီ သတင်းစကားအမှား ပါးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကနေ ဂုဏ်ပြုစကား ပေးပို့ခဲ့တာဟာ ထိုင်ဝမ်နဲ့ တရားဝင်အဖြစ်မဟုတ်တဲ့ ဆက်ဆံရေးမျိုးသာ ထားပါ့မယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကတိစကားကို ချိုးဖောက်ရာ ကျတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မကျေနပ်ကြောင်း သံတမန်နည်းအရ တရားဝင်စာပို့မယ်လို့လည်း ဆိုပါတယ်။
တရုတ်အစိုးရရဲ့ ခြိမ်းခြောက်မှုကနေ ထိုင်ဝမ်ကို ကာကွယ်သွားမယ်၊ ဒီမိုကရေစီနည်း ဆက်လက်ကျင့်သုံးသွားမယ်လို့ ကတိပြုထားတဲ့ သမ္မတသစ် ဝီလျံလိုင် ကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက ဂုဏ်ပြုလွှာတွေ ပေးပို့ခဲ့ကြပါတယ်။
တရုတ်အစိုးရကတော့ ရွေးကောက်ပွဲမှာ ဝီလျံလိုင် အနိုင်ရသွားတာကို လက်မခံ ပယ်ချခဲ့ပြီး ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ လက်အောက်ခံနယ်မြေ ဖြစ်ကြောင်း အခိုင်အမာ ထပ်မံ ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ အမေရိကန် ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်ဟောင်း နှစ်ဦး တိုင်ပေမြို့ကို လာရောက်ဖို့ ရှိပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲ ရက် ၁၀၀ ပြည့်အထိမ်းအမှတ် သပိတ်ဆင်နွှဲ
ဟားမတ်စ်နဲ့ အစ္စရေး စစ်ပွဲ စတင်တာ ရက်ပေါင်း ၁၀၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အစ္စရေးနိုင်ငံတဝန်းက ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေ အတော်များများက မိနစ် ၁၀၀ ဆိုင်မဖွင့်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
သပိတ်စတင်ရင်း အစ္စရေးအလုပ်သမားသမဂ္ဂ အကြီးအကဲ အာနွန် ဘဲန် ဒေးဗစ်က အစ္စရေးပြည်သူတွေဟာ အိပ်မက်ဆိုးကြီး မက်နေသလို ခံစားနေကြရပြီး၊ သူ့အနေနဲ့ ဒီအိပ်မက်ဆိုးကြီးကနေ နိုးထပြီး အစ္စရေးနိုင်ငံသစ် ထူထောင်လိုတယ်လို့ ပြောသွားပါတယ်။
ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ တဲလဗိဗ်မြို့မှာ ၂၄ နာရီကြာ ကျင်းပနေတဲ့ လူထုစည်းဝေးပွဲတစ်ခုမှာ သူက အခုလို ပြောသွားတာပါ။
အစ္စရေးစစ်တပ်က ဂါဇာမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး မနေ့တုန်းက ဂါဇာတောင်ပိုင်း ခန်းယူနစ်စ်မြို့မှာ ဟားမတ်စ် လက်နက်ကိုင် ၁၄ ဦးကို သုတ်သင်ချေမှုန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အိုက်စလန်မှာ မီးတောင်ပေါက်ကွဲမှုသစ်တွေ ထပ်ဖြစ်
အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်းက ဂရင်ဒါဗစ်ခ် တံငါမြို့လေးနားမှာ မီးတောင် ပေါက်ကွဲမှုသစ်တွေ စဖြစ်လာနေပါတယ်။
ဒီမီးတောင်ပေါက်ကွဲမှုတွေက ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေထက် မြို့နဲ့ ပိုနီးတယ်လို့ သိရပါတယ်။
မီးတောင်ထိပ်ဝတစ်ခုကနေ ချော်ရည်တွေ ပန်းထွက်ပြီး မီးတောင်ဝတစ်ဝိုက် အိုင်ထွန်းနေတာကို ဗီဒီယိုပုံတွေမှာ တွေ့ရပါတယ်။
ဂရင်ဒါဗစ်ခ်မြို့ကို ပြန်နေထိုင်ခဲ့ကြတဲ့ မြို့ခံအတော်များများကို အခုအခါ ဘေးကင်းရာ ကယ်ထုတ်ထားရပါတယ်။
ဒေသန္တရ အာဏာပိုင်တွေက အဲဒီနေရာမှာ အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။
ဂရင်ဒါဗစ်ခ်မြို့ဟာ အိုက်စလန်နိုင်ငံရဲ့ မြို့တော် ရေခယူဗစ်ခ်နဲ့ ကီလိုမီတာ ၄၀ အကွာမှာ ရှိပါတယ်။