ယူကရိန်းရဲ့ ထိုးစစ်ဆင်မှု မထိရောက်ဘူးလို့ သမ္မတပူတင် တုံ့ပြန်-ဇူလိုင် ၂၁ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ရုရှား စစ်ဘက်ဆိုင်ရာ တပ်သားတွေ၊ အရာရှိတွေ၊ တပ်ရင်းတပ်ဖွဲ့တွေက အမိမြေအတွက် ရဲရဲဝံ့ဝံ့ တစိုက်မတ်မတ် တာဝန်ထမ်းဆောင် တိုက်ပွဲဝင်နေကြတယ်လို့ သမ္မတပူတင် ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှား စစ်ဘက်ဆိုင်ရာ တပ်သားတွေ၊ အရာရှိတွေ၊ တပ်ရင်းတပ်ဖွဲ့တွေက အမိမြေအတွက် ရဲရဲဝံ့ဝံ့ တစိုက်မတ်မတ် တာဝန်ထမ်းဆောင် တိုက်ပွဲဝင်နေကြတယ်လို့ သမ္မတပူတင် ပြော

ရုရှားသမ္မတ ပူတင်က ယူကရိန်းကို အနောက်အုပ်စုက အရင်းအမြစ်တွေ အလုံးအရင်းနဲ့ ထောက်ပံ့ပေးနေတဲ့ကြားက ရုရှားတပ်ဖွဲ့တွေအပေါ် ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ဆင်မှုတွေက ခုချိန်ထိ အလုပ်မဖြစ်သေးဘူးလို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

ဒီရလဒ်တွေအပေါ် ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေက စိတ်ပျက်နေကြကြောင်းနဲ့ ဥရောပအပေါ်လူထုရဲ့ အမြင်တွေ ပြောင်းလဲလာနေပြီလို့လည်း အထောက်အထားမပါပဲ သမ္မတပူတင်က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောသွားခဲ့ပါတယ်။

တိုက်ခိုက်နိုင်စွမ်း ကြီးမားပါတယ်ဆိုတဲ့ အနောက်အုပ်စုလုပ် လက်နက်တွေက ဆိုဗီယက်လုပ် လက်နက်တွေထက် ဗျူဟာပိုင်းအရရော၊ နည်းပညာပိုင်း အရပါ ညံ့ဖျင်းနေတယ်ဆိုတာကို တစ်ကမ္ဘာလုံးက တွေ့နေရတယ် လို့ လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၇ ပတ်လောက်က စတင်ခဲ့တဲ့ တန်ပြန်ထိုးစစ် တွေအတွင်း ယူကရိန်းစစ်တပ်က အထိုက်အလျောက် သေးငယ်တဲ့ နယ်မြေတွေကိုသာ ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းကတော့ သူတို့ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ရုရှားတပ်ဖွဲ့မှာ အကျအဆုံးတွေ များခဲ့တယ်လို့ ပြောနေပါတယ်။

ရုရှား အထင်ကရ စစ်ဘက် ဘလော့ဂါ ဖမ်းဆီးခံခဲ့ရ

ရုရှား၊ စစ်ဘက် ဘလော့ဂါ၊ ဂါကင်

ဓာတ်ပုံ ရင်းမြစ်, IGOR STRELKOV/TELEGRAM

ဓာတ်ပုံ ပုံစာ, ယူကရိန်းစစ်ပွဲအပေါ် ရုရှားရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ တယ်လီဂရမ် ချယ်နယ်ပေါ်ကနေ အီဂေါ ဂါကင် ခေါ် အီဂေါ စထရယ်ကော့ဗ် ဝေဖန်ပြောလေ့ရှိ

ရုရှားနိုင်ငံ မော်စကိုမြို့က လာတဲ့ သတင်းတွေအရ ရုရှားစစ်ဘက်ဘလော့ဂါ အီဂေါ ဂါကင် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အစွန်းရောက်မှုနဲ့ သူစွဲချက်တင် ခံထားရတယ်လို့ မစ္စတာ ဂါကင်ရဲ့ တယ်လီဂရမ် ချယ်နယ်မှာ သူ့ဇနီးရဲ့ အမည်နဲ့ ပို့စ်တင်ထားပါတယ်။

မစ္စတာ ဂါကင်ဟာ သူကိုယ်တိုင်က ယူကရိန်းစစ်ပွဲကို အခိုင်အမာ ထောက်ခံအားပေးသူ ဖြစ်ပေမဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပုံနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုနေသူ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းအပေါ် ရုရှားအစိုးရက ရန်လိုတိုက်ခိုက်မှုတွေ စလုပ်ခဲ့စဉ်တုန်းက မစ္စတာ ဂါကင်ဟာ အဓိက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံပေါ် ဖြတ်ပျံသန်းသွားတဲ့ မလေးရှား လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စင်းကို ရုရှားထောက်ခံအားပေးတဲ့ လက်နက်ကိုင်တွေက ပစ်ချခဲ့တဲ့အတွက် လူ ၃၀၀ နီးပါး သေဆုံးခဲ့ရမှုမှာ မစ္စတာ ဂါကင်ကို အပြစ်ရှိကြောင်း ဒတ်ချ် တရားရုံးတစ်ခုက ပြီးခဲ့တဲ့နှစ်က အမိန့်ချမှတ်ခဲ့ပါတယ်။

အိန္ဒိယမှာ အမျိုးသမီးနှစ်ဦး လိင်ပိုင်းစော်ကားခံခဲ့ရမှုအပြီး သံသယတရားခံအိမ်ကို အမျိုးသမီးအုပ်စု မီးရှို့ဖျက်ဆီး

အိန္ဒိယ၊ မဏိပူရ၊ အမျိုးသမီး၊ လိင်ပိုင်း ထိပါးနှောင့်ယှက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဏိပူရပြည်နယ်မှာ လူမျိုးစုအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မေလကစလို့ မြင့်တက်ခဲ့

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူအများ ဒေါသအမျက်ထွက်စေခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတစ်ခုမှာ အဓိကပါဝင်သူ သံသယတရားခံရဲ့ နေအိမ်ကို အမျိုးသမီးအုပ်စုတစ်စုက ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်လို့ ရဲတွေကပြောပါတယ်။

အမျိုးသမီးနှစ်ဦးကို အတင်းဆွဲခေါ်ပြီး လမ်းမပေါ် အဝတ်ဗလာ လမ်းလျှောက်ခိုင်းခဲ့တဲ့ ဗီဒီယိုတစ်ခုနဲ့ ဆက်နွှယ်ပြီး အမျိုးသား ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်အပြီးမှာ အခုလို တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ပြည်နယ်မြို့တော် အင်ဖါးမြို့မှာ ဒေသခံ အမျိုးသမီးတွေက အဲဒီသံသယ တရားခံရဲ့ အိမ်ကို ခဲတွေနဲ့ ဝိုင်းပေါက်၊ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီ တရားခံကို ဗီဒီယိုထဲကနေ ရှာဖွေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မဏိပူရပြည်နယ်မှာ ကသည်းလူမျိုးတွေအတွက် အစိုးရအလုပ်တွေနဲ့ ပညာရေး တိုးချဲ့ ဆောင်ရွက်ပေးရေး အဆိုပြုချက်တစ်ခုနဲ့ ပတ်သက်လို့ ဟိန္ဒူအများစုပါတဲ့ ကသည်းလူမျိုးစုနဲ့ ခရစ်ယာန်အများစုပါတဲ့ ကူကီးလူမျိုးစုတို့အကြား မေလတုန်းက ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့အပြီး ဒီဖြစ်ရပ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင်မှာ ကုရ်အာန် ကျမ်းစာကို ခြေနဲ့နင်း ဆန္ဒပြခဲ့မှုရဲ့ နောက်ဆက်တွဲ ဘဂ္ဂဒက်မြို့က ဆွီဒင်သံရုံး တိုက်ခိုက် ဖျက်ဆီးခံရ

ဆွီဒင်၊ ကိုရ်အာန်၊ ဆန္ဒပြ၊ မူဆလင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘဂ္ဂဒက်မြို့က ဆွီဒင်သံရုံးကို ဆန္ဒပြသူတွေ တိုက်ခိုက်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ ဆွီဒင် သံရုံး ကြာသပတေးနေ့က တိုက်ခိုက်၊ မီးရှို့ဖျက်ဆီး ခံခဲ့ရအပြီးမှာ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီက သူတို့ရဲ့ သံရုံးအမှုထမ်းတွေကို ဆွီဒင်နိုင်ငံဆီ ပြန်လည် ရွှေ့ပြောင်း ခေါ်ယူလိုက်ပါတယ်။

ဒါဟာ လုံခြုံရေးကြောင့် လုပ်တာ ဖြစ်ပြီး အီရတ်နိုင်ငံမှာ သူတို့ရဲ့ သံရုံးကို ဘေးကင်းလုံခြုံအောင် မထားပေးနိုင်တာ သိသာ ထင်ရှားနေတယ်လို့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

စတော့ခ်ဟုမ်းမြို့က ဆန္ဒပြပွဲတစ်ခုအတွင်း အီရတ်လူမျိုး နိုင်ငံရေးခိုလှုံခွင့်တောင်းသူ တစ်ဦးက ကုရ်အာန်ကျမ်းစာအုပ်ကို ခြေနဲ့ နင်းချခဲ့အပြီးမှာ ဒီလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလူဟာ အစောပိုင်းတုန်းကလည်း ကျမ်းစာအုပ်တစ်အုပ်ကို မီးရှို့ဖျက်ဆီးပြခဲ့ပါတယ်။

ဆွီဒင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ မူဆလင်နိုင်ငံတွေမှာ တောင်းဆိုတိုက်တွန်းမှုတွေ ရှိခဲ့ကြပြီး Ericsson ဆွီဒင် ဆက်သွယ်ရေးကုမ္ပဏီကြီးရဲ့ ဝန်ထမ်းတွေကို အီရတ်အစိုးရက အလုပ်လုပ်ခွင့်ဗီဇာ ဆိုင်းငံ့ထားလိုက်တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ Ericsson ကုမ္ပဏီက စုံစမ်းစစ်ဆေးနေပါတယ်။

ကုရ်အာန်ကျမ်းစာအုပ်ကို စော်ကားဖျက်ဆီးပြီး ဆန္ဒပြမှုတွေကိုလည်း Ericsson ကုမ္ပဏီက ရှုတ်ချပြောဆိုခဲ့ပါတယ်။