ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေ စီးပွားရေး အကျပ်အတည်းထဲရောက်နေ၊အမှားတွေကို ပြင်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူးနက်ခ် ပြော
အစိုးရသစ်ဖွဲ့ဖို့ ဘာကင်ဟမ်နန်းတော်မှာ ချားလ်စ် ဘုရင်နဲ့ တွေဆုံခဲ့ပြီးတဲ့နောက်မှာ ရီရှီဆူးနက်ခ်က ယူကေရဲ့ ၅၇ ယောက် မြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
အသက် ၄၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟာ ဟာ အခုနှစ်ထဲမှာ အပြောင်းအလဲ ဖြစ်ခဲ့တဲ့ ယူကေရဲ့ သုံးယောက်မြောက် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀၀ အတွင်း ဒေါင်းနင်းလမ်းကို ရောက်လာတဲ့ အသက် အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
ချားလ်စ်ဘုရင်နဲ့ တွေ့ဆုံပြီးနောက် ဒေါင်းနင်းလမ်း နေအိမ်ရှေ့မှာ ဒေသအချိန် မနက်ပိုင်းမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သူ့ရဲ့ မိန့်ခွန်းထဲမှာ အရင် ဝန်ကြီးချုပ်ဟောင်း နှစ်ယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ လစ်ဇ် ထရပ်စ်တို့ရဲ့ တာဝန်ထမ်းဆောင်မှုတွေကို ထည့်သွင်းအသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။ သူက အရင် အစိုးရက ကောင်းမွန်တဲ့ ဆန္ဒရှိခဲ့ပေမဲ့ အမှားတွေ ရှိခဲ့ကြောင်း ပြောပါတယ်။
ဒေါင်းနင်းလမ်း နေအိမ်ရှေ့မှာ ဒီကနေ့ မိန့်ခွန်းပြောရာမှာ မစ္စတာ ဆူးနက်ခ်က သူ့အစိုးရ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဟာ အခု ချက်ချင်းပဲ စတင်ပြီ ဖြစ်ကြောင်းနဲ့ အမှားတွေကို ပြင်ဆင်မယ်လို့ ဆိုပါတယ်။
သူက နိုင်ငံရေး ရည်ရွယ်ချက်တွေထက် နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဦးစားပေးလုပ်ဆောင်ဖို့ ကတိပေးတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်ကပ်ရောဂါနဲ့ ယူကရိန်း စစ်ပွဲတို့ကို ကြုံတွေ့ခဲ့တဲ့ အခုအချိန်ဟာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သူသဘောပေါက်တယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ အတူတကွ လုပ်ဆောင်ရင် ထူးခြားတဲ့ အောင်မြင်မှုတွေ ရမယ်လို့ သူ့မိန့်ခွန်း အဆုံးသတ်ပိုင်းမှာ ပြောပါတယ်။
သူ ဝန်ကြီးချုပ် တရားဝင် ခန့်အပ်ခံရပြီးနောက် အရင် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်က ဝမ်းမြောက်ကြောင်း တွစ်တာကနေ ပြောပါတယ်။