ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပင်းပက် သံမဏိစက်ရုံကို ရုရှားတွေ ဘာကြောင့် ပြင်ပေးချင်တာလဲ
ကျပ်ငွေ ဘီလျံနဲ့ချီ အရှုံးပေါ်ခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့တဲ့ တောင်ကြီးမြို့၊ ပင်းပက်ဒေသက သံမဏိစက်ရုံစီမံကိန်းကို စစ်ကောင်စီက အခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာ အမြန်ဆုံးအပြီးသတ်နိုင်ဖို့ အပူတပြင်း ကြိုးစားလာတာမျိုးတွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးပြီးချင်း ၂၀၂၁ ခုနှစ်မှာပဲ ဒီစီမံကိန်းကို ပြန်အသက်သွင်းဖို့ စစ်ကောင်စီရဲ့ စက်မှုဝန်ကြီးဌာနနဲ့ ရုရှားသံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။
အခုတော့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကဖိတ်တဲ့ စစ်ခေါင်းဆောင်ရဲ့ မတ်လ ရုရှားခရီးစဥ်အပြီး လပိုင်းအကြာမှာပဲ ပင်းပက်စက်ရုံမှာ စက်တပ်ဆင်ရေးတွေလုပ်ဖို့ ရုရှားပညာရှင်တွေ ရောက်နေပြီလို့ စစ်ကောင်စီက ကြေညာပါတယ်။
မြန်မာမှာ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးမယ်လို့ ပူတင်က ကတိပေးလိုက်သလို ရုရှားက မြန်မာကို စစ်လက်နက်ပစ္စည်းရောင်းချပေးတာသာမက ကဏ္ဍစုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လာတဲ့အထဲ ဒီပင်းပက်စီမံကိန်းလည်း ပါဝင်လာတာဖြစ်ပါတယ်။
ပင်းပက် သံမဏိစက်ရုံစီမံကိန်း ဘာကြောင့်ပြန်စချင်တာလဲ
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ ရုရှား VO Tyazhpromexport (TPE) ကုမ္ပဏီတို့ဟာ ၂၀၀၄ ခုနှစ်မှာ ဒီစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ ဒီစီမံကိန်းကို စက်မှုဝန်ကြီးဌာနဆီ လွှဲပြောင်းခဲ့ပါတယ်။
"ဒီတစ်ခေါက်ကတော့ အဲဒီကုမ္ပဏီနဲ့ ပဲ ၁၀ ဆ ပေးပြီးတော့ စာချုပ်ချုပ်ခဲ့တယ်" လို့ ဒီစီမံကိန်းအကြောင်း သိရှိထားတဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ရုရှားက ယူရို ၁၀ ဒသမ ၅ သန်း တန်ဖိုးရှိတဲ့ နည်းပညာအကူအညီတွေ ထောက်ပံ့တယ်လို့လည်း ဆိုပါတယ်။
စာချုပ်ချုပ်ထားတဲ့ ရုရှားကုမ္ပဏီဟာ စစ်တပ်ကို စစ်လက်နက်ရောင်းနေတဲ့ Rostec ရဲ့ ကုမ္ပဏီလက်ခွဲ ဖြစ်တယ်လို့ ဒီစီမံကိန်းကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့ ရှမ်းတောင်အခြေစိုက် ပအိုးဝ်လူငယ်အစည်းအရုံး(PYO)က ပြောပါတယ်။
"အရှုံးပေါ်လို့ ရပ်နားခဲ့ရတဲ့ ဒီစီမံကိန်းကြီးကို ပြန်စတာကြည့်ရင် သူတို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို မြင်တွေ့ရတယ်" လို့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပင်းပက်ဒေသက ဧက ၅၁၂၂.၁၆ ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ ဒီစီမံကိန်းရှိပါတယ်။ စီမံကိန်းထဲမှာ သံရည်ကြိုစက်ရုံ ၂၂ ခုရှိပြီး အဲဒီထဲက ၁၉ ခု ကို ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်မှာ စမ်းသပ် လည်ပတ်ခဲ့ပါတယ်။ ကျန်တဲ့စက်ရုံ သုံးရုံပါ ပြီးစီးသွားပြီဆိုရင်တော့ ကုန်ထုတ်လုပ်မှု စလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
စီမံကိန်း စတင်လည်ပတ်ပြီဆိုရင် တစ်နှစ်ကို သံစိမ်း တန်ချိန် ၂ သိန်း ထုတ်လုပ်ရောင်းချနိုင်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
ဒီစက်ရုံက သံမဏိထုတ်ကုန်တွေက ပြည်တွင်းသံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာဖြစ်လို့ ပြည်ပကနေ တင်သွင်းဖို့မလိုတော့တာကြောင့် နိုင်ငံခြားငွေ သုံးစွဲမှုလည်း လျှော့ချနိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ဖူးပါတယ်။
ဒီစီမံကိန်းက ထွက်လာတဲ့ ကုန်ကြမ်းကို သယ်ယူပို့ဆောင်ဖို့ ရထားလမ်းတွေ ဖောက်လုပ်ဖို့ကို လည်း သူက ပြောခဲ့ဖူးပါတယ်။
ဒီပင်းပက်စီမံကိန်းကို အမှတ် ၁ သံမဏိစက်ရုံ(မြင်းခြံ)နဲ့ ချိတ်ဆက်မှာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
မြင်းခြံထိပေါက်မယ့် နောင်ကား-ပင်းပက်-တောင်ကြီးရထားလမ်းကိုလည်း ၂၀၂၃ ခုနှစ်မှာ အပြီးသတ်ဆောက်လုပ်ခဲ့ပါတယ်။ ဒီရထားလမ်းတည်ဆောက်မှုမှာ ရုရှားကုမ္ပဏီရဲ့ အကူအညီတွေလည်းပါခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာတော့ အဲဒီ ရထားလမ်း ဖွင့်ပွဲအခမ်းအနားလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်နဲ့ အတူ ဒီဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီးညိုစောနဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ပါ တက်ရောက်ခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီစီမံကိန်းကို မကြာခဏ လာကြည့်လေ့ရှိတယ်လို့ PYO ပအိုဝ်းလူငယ်အစည်းအရုံးက ပြောပါတယ်။
စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းကလည်း ၂၀၂၂ ခုနှစ် ဩဂုတ်မှာ စီမံကိန်းနေရာကိုသွားခဲ့ပြီး အမြန်ဆုံးစတင်နိုင်ရေးလုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
ကနဦးက ၂၀၂၂-၂၀၂၃ ခုနှစ်မှာ အပြီးသတ်မယ်လို့ လျာထားခဲ့ပေမဲ့ စက်ချို့ယွင်းမှု ဖြစ်ခဲ့တာ ကြောင့် နှောင့်နှေးခဲ့ရတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီမှာတော့ စီမံကိန်းအမြန်ပြန်စနိုင်ဖို့ ကြီးကြပ်ရေးကော်မတီကို ဒေါက်တာချာလီသန်း အပါအဝင် ၁၃ ဦး နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
ဒေါက်တာချာလီသန်းက ဒီနှစ် မေ ၁၇ ရက်မှာလည်း စက်ရုံကို သွားခဲ့ပြီး ရုရှားပညာရှင်တွေနဲ့ တွေ့ဆုံခဲ့သလို အမြန်ဆုံးလည်ပတ်နိုင်ဖို့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အစွမ်းကုန်ဖြည့်ဆည်းပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီပညာရှင်တွေက ပင်းပက်သံမဏိစက်ရုံလည်ပတ်နိုင်ရေးအတွက် စက်ရုံမှာရှိတဲ့ လေထုကနေ ဓာတ်ငွေ့ ခွဲထုတ်မှုအပိုင်း (Air Separation Unit)မှာ တပ်ဆင်ထားတဲ့ စက်ကိရိယာတွေကို စစ်ဆေးတာနဲ့ အပြီးသတ် စက်တပ်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီသတင်းစာက ကြေညာပါတယ်။
စာချုပ်အရ ရုရှားပညာရှင် တစ်ရာဝန်းကျင် ရောက်လာဖို့ ရှိပြီး အခုမေလ နောက်ဆုံးအပတ်အထိ ရုရှားပညာရှင် အယောက် ၃၀ ရောက်ရှိနေပြီလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
စက်မှုဝန်ကြီးဌာနက ရုရှားပညာရှင်တွေ စားစရိတ်အတွက် ကျပ်သိန်းတစ်ထောင် ချပေးထားသလို ရုရှားပညာရှင်တစ်ယောက်ရဲ့ တစ်နေ့စားစရိတ်ကို ကျပ် ၆ သောင်း သတ်မှတ်ထားတယ်လို့ သူက ပြောပါတယ်။ ဒီအချက်အလက်တွေကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံကနေ သိခဲ့ရတာလို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာတော့ ရုရှားတွေ ဒီစက်ရုံတွေမှာ ဝင်ထွက်သွားလာ နေတာတွေ တွေ့ခဲ့ရကြောင်း PYO က ပြောပါတယ်။
ဒီပင်းပက်စီမံကိန်းကို တောက်လျှောက်စောင့်ကြည့်နေခဲ့တဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ဒုတိယဥက္ကဋ္ဌက "ဘာဖြစ်လို့ ဒီပင်းပက်ကို မြန်မြန်ဆန်ဆန်လုပ်ချင်ရတာလဲ ဆိုရင် ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူစီမံကိန်းတွေ မလုပ်နိုင်သေးဘူး။ အဲဒီတော့ ပအိုဝ်းဘက်က ဒီစီမံကိန်းကို နမူနာကောင်းတစ်ခု အနေနဲ့ ရုရှားနဲ့ မျက်နှာမပျက်ရအောင် သူတို့ ကြိုးစားရမှာပဲ" လို့ ပြောပါတယ်။
နောက်ပြီး "မဟာဗျူဟာအရ ကရင်နီဘက်ကို ပြန်ပြီးတိုးချဲ့ ဖို့ အပါအဝင် နေပြည်တော် လုံခြုံရေး၊ ကာကွယ်ရေးအတွက် ဒီအထိုင်ကို သူတို့ သေချာလုပ်နေတာ" လို့ ထောက်ပြပါတယ်။
ပင်းပက်စီမံကိန်းကနေ စစ်ဘက်ဆိုင်ရာအထောက်အကူတွေ ရနိုင်လား
စစ်ကောင်စီဟာ ဒီပင်းပက်စီမံကိန်းကနေ စစ်ဘက်ဆိုင်ရာအထောက်အကူတွေ ရနိုင်မယ်လို့ စီမံကိန်းကိုစောင့်ကြည့်နေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံးက ပြောပါတယ်။
စစ်တပ်သတင်းတွေကို ရရှိနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဒီစီမံကိန်းကြီးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးအတွက် အဓိကကျတဲ့ နေရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
"အဲဒီက နည်းပညာရသွားပြီဆိုရင် ကပစ ၆ သံရည်ကြိုစက်ရုံက ထုတ်တဲ့ သံကြမ်းတွေကိုလည်း ပင်းပက်စက်ရုံမှာ အရည်အသွေးမြင့် သံမဏိအမျိုးအစားတွေဖြစ်ပြီးတော့မှ သူတို့ MA စီးရီး သေနတ်တွေမှာ ပြောင်းလဲသုံးစွဲနိုင်တယ်လို့ ယူဆရတယ်။"
"အဓိကကတော့ လက်နက်အတွက်။ ဒါပေမဲ့ တရားဝင် လက်နက်စက်ရုံကို လုပ်တယ်ဆိုတာမျိုး ဖြစ်မှာစိုးလို့ ပင်းပက်မှာ အရပ်ဘက် စက်မှုဝန်ကြီးဌာနအောက်မှာ တစ်ခုလုပ်လိုက်တာ" လို့ ယူဆကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
၂၀၂၂ ခုနှစ်က ပင်းပက်တောင်ကြောမှာ ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ခဲ့ပြီးချိန်ကစလို့ အခုချိန်ထိ စီမံကိန်းအနီးတဝိုက်မှာ လုံခြုံရေးတင်းကျပ်ထားပြီး စက်ရုံဝန်ထမ်းတွေကိုလည်း အပြင်ပေး မထွက်ဘူးလို့ PYO က ပြောပါတယ်။
အဲဒီဒေသမှာ ပအိုဝ်းလူမျိုးတွေ အများစုနေထိုင်ကြပါတယ်။ ရာသီပေါ် မှိုရှာ၊ မျှစ်ရှာ၊ ထင်းခုတ်တဲ့ ဒေသခံတွေကိုတောင် လုံခြုံရေးအရ တောင်ကြောနဲ့အနီးတဝိုက်ကို ပေးမဖြတ်တော့ဘူးလို့ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ ၂၀၂၂ ခုနှစ်အတွင်း ပင်းပက်စက်ရုံကို လာရောက်ကြည့်မှု အကြိမ်ရေ အများဆုံး လုပ်ခဲ့ပါတယ်။ လာကြည့်တဲ့အခါမှာ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) ထိပ်ပိုင်းအရာရှိလည်းဖြစ် စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့ ခွန်စံလွင်လည်း လိုက်ပါလေ့ရှိပါတယ်။
ပအိုဝ်းပြည်သူ့စစ်ဟာ လက်ရှိမှာ ရုရှားနဲ့ ဆက်ဆံရေးထူထောင်နေပြီး ရုရှားဆီက စစ်သင်တန်းပို့ချမှုတွေပါရရှိနေတယ်လို့ စောင့်ကြည့်နေတဲ့ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းတွေထံက သိရပါတယ်။ နောက်ပြီး စစ်ကောင်စီနဲ့အတူ ရှမ်းတောင်မှာ နယ်မြေရှင်းလင်းရေးတွေအတူ ပူးပေါင်းပြီးလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အခု ပင်းပက်စီမံကိန်းမှာ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)အပြင် တခြား ကုမ္ပဏီ သုံးခုလောက် ပါဝင်နေတယ်လို့ သိရပါတယ်။
အဲဒီကုမ္ပဏီတွေထဲမှာ ပအိုဝ်းပြည်သူ့စစ်ရဲ့အကျိုးစီးပွားတွေ ပါဝင်မှု ရှိမရှိ ဆက်ပြီးစုံစမ်းနေတယ်လို့ PYO က ပြောပါတယ်။
လက်ရှိ ပင်းပက်စီမံကိန်း အနီးတဝိုက်မှာ စစ်တပ်အပြင် ပအိုဝ်းပြည်သူ့စစ်ကပါ လုံခြုံရေး ယူပေးထားပါတယ်။
စီမံကိန်းအတွက် မြေယာသိမ်းယူမှုတွေ
စစ်ခေါင်းဆောင် ဖြစ်စေချင်တဲ့ နောင်ကား-ပင်းပက်-တောင်ကြီး ရထားလမ်းအသစ်ဖောက် လုပ်ခဲ့မှုမှာ မြေယာ ဧက ၂၈၀ သိမ်းယူခဲ့တယ်လို့ PYO ထံက သိရပါတယ်။
ဒီအတွက် စစ်ကောင်စီက လျော်ကြေးပေးခဲ့ပေမဲ့ မမျှတမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
များများသိမ်းခံရသူ နည်းနည်းရ၊ နည်းနည်းရသူကို များများပေး ဆိုတဲ့မညီမျှမှုတွေ ဖြစ်ခဲ့တာလို့ PYO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပင်းပက်စီမံကိန်းဟာ ဧက ၅,၁၂၂.၁၆ ကျယ်ဝန်းတဲ့ မြေဧရိယာပေါ်မှာ တည်ဆောက်ထားပါတယ်။
ဒီစီမံကိန်းကို ၂၀၀၅-၂၀၀၆ မှာ MEC နဲ့ ရုရှား TPE ကုမ္ပဏီက စတည်ဆောက်ခဲ့တာပါ။
၂၀၀၄ ခုနှစ်မှာတော့ စိုက်ပျိုးမြေ ဧက ၅,၀၀၀ ကျော် သိမ်းယူခဲ့ပြီး ဒေသခံတွေ အိုးအိမ်မဲ့၊ အလုပ်အကိုင်မဲ့ခဲ့ရပါတယ်။
လျော်ကြေးအဖြစ် တစ်ဧကကို ၅,၀၀၀ ကျပ် နဲ့ မယူမနေရ ယူဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ PYO က ပြောပါတယ်။
ဒါ့အပြင် ၂၀၁၀ ခုနှစ်တုန်းကလည်း စီမံကိန်းမြေနေရာချဲ့ဖို့ ဧက ၁၀၀ ထပ်သိမ်းခဲ့ပြီး တစ်ဧက ကို ငါးသိန်းကျပ် လျော်ကြေးပေးခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ လက်အောက်ခံ ပတ်ဝန်းကျင်ဦးစီးဌာနက ဒေသခံတွေနဲ့ တွေ့ဆုံကာ စီမံကိန်းအကောင်အထည်ဖော်မယ့် အကြောင်းသာအသိပေးခဲ့ပြီး ဒေသခံတွေရဲ့ မေးမြန်းချက်တွေကို နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။
စွန့်ပစ်ရေဆိုးနဲ့ လူမှုဘဝတွေ
ဒီစက်ရုံလည်ပတ်ဖို့ ကျောက်မီးသွေး၊ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စွမ်းအင် သုံးမျိုး အသုံးပြုသွားမယ်လို့ သိရပါတယ်။
ကျောက်မီးသွေးကို ပင်းပက်နဲ့ ကီလိုမီတာ ၂၀၀ အကွာက ကျေးသီးရွာကနေ တူးဖော်ထုတ်ယူ မှာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကို ကျိုင်းတုံမြို့နယ်နဲ့ သဘာဝဓာတ်ငွေ့ကို တော့ ပြည်မဘက်ကနေ ယူမယ်လို့ သိရပါတယ်။
စက်ရုံ စတင်တည်ဆောက်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစလို့ စက်ရုံက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေဟာ အနီးနားက နမ့်တဘက်ချောင်းထဲကို စီးဆင်းပါတယ်။
နမ့်တဘက်ချောင်းဟာ ဟိုပုံး၊ ဆီဆိုင်နဲ့ ကရင်နီဒေသတလျှောက် ရွာပေါင်း ၁၀၀ ကျော်ကို ဖြတ်သန်းစီးဆင်းတာပါ။
အဲဒီအချိန်ကစလို့ ချောင်းရေတွေညစ်ညမ်းလာတာ၊ ဒီချောင်းကို အမှီသဟဲ ပြုပြီး စိုက်ပျိုးလုပ်ကိုင်သူတွေ သီးနှံ၊ စပါး အထွက်နှုန်းနည်းလာခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။ ဟိုပုံးအင်းမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ အပေါ်ကိုလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။
မကြာမီမှာ ဒီပင်းပက်စက်ရုံကြီးဟာ အလုံးစုံ အားသန် အရှိန်ပြင်းပြင်းနဲ့ လည်ပတ်တော့မှာပါ။
ဒါဟာ ဒေသခံတွေရဲ့လူမှုဘဝတွေအပေါ်ကို ရိုက်ခတ်မှုကြီးမားတဲ့ စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ PYO တာဝန်ရှိသူတစ်ဦးက သတိပေးလိုက်ပါတယ်။
"တည်ဆောက်နေချိန် အတောအတွင်းတောင် ဒီလောက်ဖြစ်ခဲ့တာ။ တကျော့ပြန်ပြီးတော့ စက်ရုံကို လည်ပတ်မယ်ဆိုရင် အများကြီး ထိခိုက်လာနိုင်မယ့်အခြေအနေဖြစ်လာလိမ့်မယ်။"