မိုးခေါင်ရေရှားမှုဟာ 'ဖြည်းဖြည်းချဉ်းကပ်လာတဲ့ကမ္ဘာ့ကပ်ဘေး' - ကုလအစီရင်ခံစာ

    • ရေးသားသူ, တင်မ် ဒေါ့
    • ရာထူးတာဝန်, ရာသီဥတုပြောင်းလဲမှုနဲ့ သိပ္ပံဆိုင်ရာသတင်းထောက်

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သမိုင်းမှတ်တမ်းတွေထဲက အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုအချို့ကို ဆိုမာလီယာကနေ ဥရောပတိုက် ကုန်းမကြီးအထိ တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှုရဲ့ဆိုးဝါးတဲ့ရိုက်ခတ်မှုကြောင့်လို့ ကုလသမဂ္ဂ ထောက်ပံ့မှုနဲ့လုပ်ခဲ့တဲ့အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။

မိုးခေါင်ရေရှားမှုဟာ "တိတ်တဆိတ်လူသတ်သမား" လို့ဖော်ပြပြီး "အရင်းအမြစ်တွေ လျော့ပါးစေသလို ဘဝတွေ အသက်တွေကို အနုနည်းနဲ့ တဖြည်းဖြည်း ပျက်စီးရာပျက်စီးကြောင်းဖြစ်နေစေတယ်''လို့လည်း ဆိုပါတယ်။ နောက်ဆက်တွဲကတော့ ဆင်းရဲမွဲတေမှုနဲ့ ဂေဟစနစ် ပျက်စီးမှု ပြဿနာကို ပိုတိုးလို့ဖြစ်စေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

မြန်မာပါဝင်တဲ့ အရှေ့တောင်အာရှအပြင် အာဖရိက၊ မြေထဲပင်လယ်နဲ့ လက်တင်အမေရိတို့မှာ မိုးခေါင်ရေရှားမှုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲ အဓိကအကျိုးသက်ရောက်မှုကို အစီရင်ခံစာထဲ မီးမောင်းထိုး ဖော်ပြထားပါတယ်။ အဲဒါအပြင် ဆိုမာလီယာက ခန့်မှန်း လူ ၄.၄ သန်းဟာအစားအသောက်ဖူလုံရေးကပ်ဆိုက်တဲ့အဆင့်အထိ အခုနှစ်စပိုင်းကစလို့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါတွေကို ကျော်ဖြတ်ဖို့ဆိုရင် ရှေ့ပြေးသတိပေးစနစ်တွေအပါအဝင် ''နေထိုင်မှုဘဝပုံစံအသစ်'' လို မိုးခေါင်ရေရှားမှုအောက် ရှင်သန်နေထိုင်နိုင်ရေး အစီအမံတွေ ဆောင်ရွက် ပြင်ဆင်ဖို့ကိုလည်း ကမ္ဘာတလွှားက အစိုးရအသီးသီးကို အဲဒီအစီရင်ခံစာမှာ အကြံပြုထားပါတယ်။

"မိုးခေါင်တာဟာ တဖြည်းဖြည်းချင်းရွေ့လာနေတဲ့ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးပါ။ ကျွန်တော် မြင်ဖူးသမျှတွေမှာတော့ အဆိုးဆုံးပါပဲ'' လို့ အစီရင်ခံစာကို ပူးတွဲရေးသားသူ ဒေါက်တာ မာ့ခ်ဆိုဗိုဒါက ပြောပါတယ်။ သူက အမေရိကန် တစ်နိုင်ငံလုံးအဆင့် မိုးခေါင်မှုဒဏ် လျော့ပါးသာနိုင်ရေးစင်တာကို တည်ထောင်သူလည်းဖြစ်ပါတယ်။

" မိုးခေါင်ရေရှားတာက လူမှုဘဝတွေကို ဘယ်လိုမျိုး အကျိုးသက်ရောက်လဲဆိုတာကို စနစ်တကျ စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။ မိုးခေါင်မှုနဲ့ ယှဥ်တွဲ မှီတည်နေတဲ့ဂေဟစနစ်တွေရဲ့သန်စွမ်းမှု လိုအပ်တယ်ဆိုတဲ့အကြောင်း ဒီအစီရင်ခံစာထဲမှာ အသားပေး ပြောထားပါတယ်''

"ကမ္ဘာ့အနှံ့က မိုးခေါင်ရေရှားအရပ်တွေ'' လို့ နာမည်ပေးထားတဲ့ ဒီအစီရင်ခံစာမှာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မိုးခေါင်မှုဒဏ် အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ဒေသတွေကို ဖော်ပြထားပါတယ်။

အဲဒီနှစ်နှစ်တာကာလအတွင်း ပူနွေးတဲ့ရာသီဥတုပြောင်းလဲမှုအကျိုးသက်ရောက်မှုတွေဟာ အယ်နီညိုကြောင့်လည်း ပိုဆိုးခဲ့ပါတယ်။ အယ်နီညိုဟာ ကမ္ဘာ့မိုးလေဝသအခြေအနေကို ပြောင်းလဲစေတဲ့ရာသီဥတုဖြစ်စဥ်ပါ။

ပစိဖိတ်သမုဒ္ဒရာပြင်ကြီးက တချို့နေရာတွေရဲ့ပင်လယ်မျက်နှာပြင် အပူချိန်တွေ မြင့်တက်တဲ့အခါ အယ်နီညိုဖြစ်စဥ် ဖြစ်ပေါ် လေ့ရှိပါတယ်။ ဒီဖြစ်စဥ်ကြောင့်ပဲ အီကွေဒါ တလျှောက် လေထု အပြောင်းအလဲဖြစ်စေပါတယ်။

ဒါကြောင့်ပဲ အပူပိုင်းဒေသတွေဖြစ်တဲ့ အရှေ့တောင်အာရှ၊ အာဖရိကတောင်ပိုင်း၊ တောင်အမေရိကမြောက်ပိုင်းနဲ့ သြစတြေးလျတို့မှာ ခြောက်သွေ့တဲ့ရာသီဥတုအခြေအနေတွေ ဖြစ်လာစေပါတယ်။

မိုးခေါင်မှုနဲ့ဆက်စပ်တဲ့ ငတ်မွတ်ခေါင်းပါးမှု

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ အာဖရိကဦးချိုဒေသတွေမှာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုတွေ ကြုံရပါတယ်။ ကင်ညာ၊ အီသီယိုပီးယားနဲ့ ဆိုမာလီနိုင်ငံတို့မှာ မိုးရာသီ မိုးမရွာတဲ့ နှစ်တွေ ကြုံရအပြီး ဒီအခြေအနေ ဆိုက်ရောက်လာတာပါ။

မိုးခေါင်တာနဲ့ဆက်နွှယ်တဲ့အငတ်ဘေးကြောင့် ဆိုမာလီနိုင်ငံမှာ ၂၀၂၂ ခုနှစ်တုန်းက လူပေါင်း ၄၃,၀၀၀ နီးပါးသေဆုံးခဲ့အပြီးမှာ အခုဖြစ်ရပ် ကပ်ပါလာတာပါ။

အာဖရိကရဲ့တောတွင်းသက်ရှိတွေအပေါ်ကိုလည်း သက်ရောက်ခဲ့ပါတယ်။ ဘော့စ်ဝါနာနိုင်ငံမှာဆိုရင် ရေခမ်းခြောက်သွားတဲ့မြစ်ကြမ်းပြင်မှာ ရေမြင်းတွေ သောင်တင်တာ မြင်ခဲ့ရပါတယ်။ ဇင်ဘာဘွေနဲ့ နမ်မီဘီးယားနိုင်ငံတို့မှာဆိုရင်လည်း ငတ်နေသူတွေ မငတ်ကြအောင်နဲ့ စားကျက်မြေ အလွန်အကျွံ ကုန်သွားတာမျိုး မဖြစ်အောင် ဆင်တွေကို အစုလိုက်သတ်ခဲ့ရတာမျိုး ရှိခဲ့ပါတယ်။

မိုးခေါင်ရေရှားမှုဒဏ် ကို ရှေ့ဆုံးကနေ ကြံ့ကြံ့အခံရဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ထိခိုက်လွယ် လူမှုအစုအဖွဲ့တွေပါဝင်ပြီး လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးမှာပါ ဘယ်လောက်အထိ တွင်တွင်ကျယ်ကျယ်သက်ရောက်မှုရှိနေလဲဆိုတာကိုလည် မီးမောင်းထိုးပြထားပါတယ်။

မိုးခေါင်မှုဒဏ် အဆိုးရွားဆုံးခံရတဲ့အရှေ့အာဖရိကရဲ့ဒေသ ၄ ခုမှာဆိုရင် အတင်းအကျပ် သက်ငယ်လက်ထပ်မှုဟာ ၂ ဆ ကျော် တက်လာခဲ့တယ်လို့ အစီရင်ခံစာက ပြောပါတယ်။ မိသားစုတွေဟာ အသက်ရှင်နိုင်ဖို့ တင်တောင်းတဲ့ပစ္စည်းရအောင် ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ထိမ်းမြားပေးတာကြောင့်ဖြစ်ပါတယ်။

''ဒီမိုးခေါင်ကာလမှာ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ ဒီဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်နေကြပုံကြည့်ရင် ဖြည့်ရမယ့်ကွက်လပ်တွေ အများကြီးရှိနေပြီိဆိုတာကို ပြသနေပါတယ်" လို့ အစီရင်ခံစာကို ဦးဆောင်ရေးသားသူ ပေါအ် ဂွါစတီလိုက ပြောပါတယ်။

"မိန်းကလေးငယ်တွေဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခံရဖို့ ကျောင်းကနေ ခေါ် ထုတ်သွားခံရတယ်။ ဆေးရုံတွေ မလည်ပတ်နိုင်ဘဲ မှောင်မည်းကုန်တယ်။ မိသားစုဝင်တွေ ဆိုရင်လည်း သုံးနိုင်မယ့်ရေက ဓာတ်တစ်ခုခုသင့်နေတာမျိုးဖြစ်နေမယ်ဆိုရင်တောင် အဲဒီရေကိုပဲ ရဖို့ ရေခမ်းနေတဲ့မြစ်ကြမ်းပြင်မှာ တွင်းတွေတူးပြီး ရေရှာနေကြရတယ်။ ဒါတွေဟာ တကယ့်ကို ဆိုးရွားတဲ့အကျပ်အတည်းရဲ့ ကပ်ဘေးလက္ခဏာတွေပါ"

ဒီလိုဆိုးရွားလှတဲ့ဘေးဒဏ်ကို ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေအပြင် အလယ်အလတ်ရှိတဲ့နိုင်ငံတွေပါ ခါးစည်းခံနေရချိန်မှာ ဒီဘေးဒုက္ခကနေ လွယ်လွယ်နဲ့ရုန်းနိုင်ခဲ့တဲ့နိုင်ငံလည်း မရှိပြန်ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

သံလွင်ဆီထုတ်လို့ ကမ္ဘာကျော်တဲ့စပိန်နိုင်ငံဆိုရင် မိုးခေါင်ပြီး အပူစံချိန်တင် မြင့်တက်ခဲ့တာကြောင့် သံလွင်သီး ထွက်နှုန်း တဝက်တိတိကျဆင်းခဲ့တယ်လို့ အစီရင်ခံစာထဲ နမူနာပေး ပြောထားပါတယ်။

အမေ‌ဇုန်မြစ်ဝှမ်းအတွင်း ရေမျက်နှာပြင်ဟာ စံချိန် ထိုးကျခဲ့တာကြောင့် ငါးတွေ သေကုန်ပြီး မျိုးသုဥ်းပျောက်ကွယ်တော့မယ့်လင်းပိုင်တွေ အန္တရာယ်ပိုကြုံစေရကာ လူပေါင်းသိန်းချီအတွက် သောက်သုံးရေပြဿနာ အခက်ရှိစေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာနဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအကြားမှာ ကမ္ဘာ့ကုန်သွယ်ရေးကို ပါ မိုးခေါင်မှုက အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ပနားမားတူးမြောင်းမှာ ရေအရမ်း နည်းခဲ့ပြီး နေ့စဥ်သင်္ဘောဖြတ်သန်းမှုက ၃၈ စင်းကနေ ၂၄ စင်းအထိကို ကျဆင်းခဲ့ပါတယ်။

"မိုးခေါင်တာက ရာသီဥတုနဲ့ဆိုင်တဲ့အရာတစ်ခုတည်းတော့မဟုတ်ပါဘူး။ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေလို့ ပြောရင်လည်း မမှားပါဘူး" လို့ အစီရင်ခံစာပူးတွဲရေးသားသူ ဒေါက်တာ ကယ်လီ ဟဲမ်စမစ်က ပြောပါတယ်။

"ဒီနေရာမှာ မေးစရာ မေးခွန်းက ဒါမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လိမ့်ဦးမလား ဆိုတာမျိုးမဟုတ်ပါဘူး။ နောက်တစ်ကြိမ်မှာ ဒီလိုမဖြစ်ရအောင် ဘာတွေ ကြိုတင်ပြင်ဆင်ကြမလဲ ဆိုတာပါ"