အမျိုးသမီး ဆိုတဲ့ သတ်မှတ်ချက်က ဘာလဲ - သြစတြေးလျတရားရုံးရဲ့ ဆုံးဖြတ်ချက် မှတ်တိုင်သစ်

တစ်ကယ်ကတော့ သူ့ရဲ့ အမှုဟာ ''လိင်ပြောင်းလဲထားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာခံယူမှုကွဲပြားသူတွေအတွက် ကုစားနိုင်မယ့် အမှုဖြစ်ပါစေဆိုပြီး မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Grata Fund

ဓာတ်ပုံ ပုံစာ, တစ်ကယ်ကတော့ သူ့ရဲ့ အမှုဟာ ''လိင်ပြောင်းလဲထားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာခံယူမှုကွဲပြားသူတွေအတွက် ကုစားနိုင်မယ့် အမှုဖြစ်ပါစေဆိုပြီး မျှော်လင့်တယ်လို့ ဆိုပါတယ်။
    • ရေးသားသူ, ဆိုဖီယာ ဘက်တီဇာ
    • ရာထူးတာဝန်, လိင်နဲ့ဖြစ်တည်မှုဆိုင်ရာသတင်းထောက်၊ ဘီဘီစီကမ္ဘာတလွှား

လိင်ပြောင်းလဲထားတဲ့ သြစတြေးလျ အမျိုးသမီးတယောက်ဟာ အမျိုးသမီး သီးသန့် လူမှုမီဒီယာ အက်ပလီကေးရှင်း တစ်ခုက သူ့ကို ခွဲခြားကန့်သတ်ခဲ့တယ်ဆိုပြီး တရား စွဲဆိုခဲ့ရာမှာ တရားရုံးက သူ့ကို အနိုင်ပေးလိုက်ပါတယ်။

သူက အမျိုးသားဖြစ်တဲ့အတွက် အမျိုးသမီး သီးသန့် အက်ပ်(app)ကို အသုံးပြု ခွင့်မရှိ ပါလို့ အဲဒီ အက်ပ်က ကန့်သတ်ခဲ့တဲ့နောက် လိင်ပြောင်း အမျိုးသမီးက တရားစွဲ ခဲ့တာပါ။

ကာယကံရှင် ရော့စ်ဆန် တစ်ကယ် (Roxanne Tickle) ဟာ တိုက်ရိုက်ခွဲခြား ဆက်ဆံ ခံရတာမျိုး မဟုတ်ပေမဲ့ သွယ်ဝိုက် ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အတွက် ဒီအက်ပ်လုပ်ငန်း အနေနဲ့ သူ့ကို သြစတြေးလျ ဒေါ်လာ ၁၀,၀၀၀ (အမေရိကန် ဒေါ်လာ ၅,၁၀၀ နဲ့ညီမျှ) ကို ပေးဖို့ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပုဂ္ဂိုလ် တဦး တယောက်ရဲ့ ထူးခြားတဲ့ ပင်ကိုယ် လက္ခဏာသတ်မှတ်ထားမှုကို အက်ပ်ရဲ့ ဆုံးဖြတ်ချက်က လျစ်လျူရှုခဲ့ပြီး ကာယကံရှင်ကို ဆိုးကျိုး‌ပေးခဲ့တယ် လို့ တရားရုံးက သုံးသပ် ပါတယ်။

ကျားလား၊ မလားဆိုတဲ့ သတ်မှတ်ချက် (ဂျန်ဒါ သတ်မှတ်ချက် - gender identity) နဲ့ ပတ်သက်ပြီး ဒီဆုံးဖြတ်ချက်ဟာ မှတ်တိုင်တခုကို စိုက်ထူလိုက် တာပါ။ ဒီအမှုဟာ အမျိုးသမီးဆိုတဲ့ သတ်မှတ်ချက်က ဘာလဲ ဆိုတဲ့ မေးခွန်းကြီး ထုတ်လိုက်တာ လည်း ဖြစ်ပါတယ်။

၂၀၂၁ အတွင်း တစ်ကယ်ဟာ “Giggle for Girls” ( ဂစ်ဂယ် ဖော် ဂဲလ် - မိန်းကလေး တွေ အတွက် တခစ်ခစ်ရယ်စရာ) အက်ပ်ကို ဒေါင်းလုပ်ပ် ဆွဲခဲ့ပါတယ်၊ ဒီအက်ပ်က အမျိုးသမီးတွေ သူတို့ရဲ့အတွေ့အကြုံတွေကို စိတ်ချလုံခြုံစွာ ဝေမျှနိုင်အောင်အတွက် အမျိုးသမီးတွေသာ အဖွဲ့ဝင်ဖြစ်ခွင့်ပေးထားပြီး အမျိုးသားတွေကို လက်မခံတဲ့ အက်ပ်ပါ။

ဒီအက်ပ်သုံးခွင့်ရအောင် တစ်ကယ်ဟာ အမျိုးသမီးဖြစ်ကြောင်း သက်သေထူရပြီး သူ့ရဲ့ ဆယ်ဖီပုံကို ပို့ရပါတယ်၊ အက်ပ်ရဲ့ ဂျန်ဒါ စိစစ်တဲ့ ဆော့ဖ်ဝဲလ်က အမျိုးသားပုံ တွေဆိုရင် အလိုအလျောက် ဖယ်ပစ်ကာ အသုံးပြုခွင့်မ‌ပေးပါဘူး။

ဒီလူမှုပလက်ဖောင်းကို တစ်ကယ် တယောက် ဝင်ရောက်နိုင်ပြီးတဲ့နောက် ၇ လ အကြာ မှာတော့ သူ့ရဲ့ အဖွဲ့ဝင်ဖြစ်မှု ရုတ်သိမ်းခံခဲ့ရပါတယ်။

အမျိုးသမီးအဖြစ် ခံယူသူ တစုံတယောက်ဟာ အမျိုးသမီးတွေအတွက် လုပ်ထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို ဥပဒေကြောင်းအရ သုံးခွင့်ရှိရမယ်လို့ တစ်ကယ်က ခံယူပြီး သူ ဒီလို ပြုမူခံရတာဟာ သူ့ရဲ့ ဂျန်ဒါ သတ်မှတ်မှုအပေါ် အခြေပြုပြီး ခွဲခြား ဆက်ဆံ ခံရတာလို့ မှတ်ယူလိုက်ပါတယ်။

တစ်ကယ်က Giggle for Girls လူမှုမီဒီယာ အက်ပ် နဲ့ အဲဒီအက်ပ်ရဲ့ အလုပ် အမှုဆောင်ဒါရိုက်တာ စဲလ် ဂရောဗာကို တရားစွဲပြီး နစ်နာကြေး အဖြစ် သြစတြေးလျ ဒေါ်လာ ၂၀၀,၀၀၀ ‌ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဂရောဗာဟာ “သူ့ရဲ့ ဂျန်ဒါ သတ်မှတ်မှုကို လွဲမှားသွားအောင် အမြဲတစေလုပ်ဆောင်ခဲ့ပြီး” အဲဒီအတွက် သူဟာ “အမြဲစိုးရိမ် သောကရောက်နေရကာ တခါတရံမှာ သတ်သေချင်တဲ့ စိတ်မျိုး အထိ ခံစားရတယ်” လို့ တစ်ကယ်က ပြောပါတယ်။

“ကျွန်မနဲ့ ပတ်သက်ပြီး ဂရောဗာရဲ့ အများပြည်သူကို ထုတ်ပြန်ချက်နဲ့ ဒီ ကိစ္စကြောင့် စိတ်ဆင်းရဲရတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့ကျခဲ့ရတယ်၊ အခက်ကြုံခဲ့ရ တယ်၊ စိတ်မောလူမောဖြစ်ခဲ့ရတယ်၊ ထိခိုက်ခံစားခဲ့ရတယ်။ ဒီကိစ္စတွေကြောင့် လူတွေက ကျွန်မကို ဦးတည်ပြီး မုန်းတီးတဲ့ မှတ်ချက်တွေကို အွန်လိုင်းမှာ ရေးခဲ့ကြသလို တခြားသူတွေလည်း အလားတူလုပ်ကြဖို့ ဆော်သြ ခဲ့ကြတယ်” လို့ တရားရုံးမှာ တစ်ကယ်က ကျမ်းကျိန်ထွက်ဆိုခဲ့ပါတယ်။

ဂစ်ဂယ် အက်ပ်ရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ကတော့ ကျားလား၊ မလား (လိင်) ဆိုတာနဲ့ ပတ်သက်လို့ ဇီဝဗေဒ အမြင်ပိုင်းဆိုင်ရာနဲ့ ပဲ အမှုတလျောက်လုံးမှာ တင်ပြငြင်းခုံ ခဲ့ပါတယ်။

အမျိုးသမီးတွေချည်း သက်သက် အသုံးပြုဖို့ ထုတ်ထားတယ်ဆိုတဲ့ ဒီ အက်ပလီကေးရှင်းဘက်ကတော့ သူတို့ app ဟာ အမျိုးသမီးတွေအတွက် အွန်လိုင်းကွန်းခိုရာလို့ဆိုပြီး စျေးကွက်ထဲ ထိုးဖောက်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Giggle/Facebook

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေချည်း သက်သက် အသုံးပြုဖို့ ထုတ်ထားတယ်ဆိုတဲ့ ဒီ အက်ပလီကေးရှင်းဘက်ကတော့ သူတို့ app ဟာ အမျိုးသမီးတွေအတွက် အွန်လိုင်းကွန်းခိုရာလို့ဆိုပြီး စျေးကွက်ထဲ ထိုးဖောက်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တစ်ကယ်ကို ခွဲခြားကန့်သတ်ထားရာမှာ ကျား၊ မ ဆိုတဲ့ လိင်အပေါ် အခြေပြု သတ်မှတ် တာ ဖြစ်ပြီး ဂျန်ဒါ သတ်မှတ်မှုအပေါ် အခြေမခံဘူးလို့ သူတို့က ဆို ပါတယ်။ တစ်ကယ် အနေနဲ့ အက်ပ်ကို သုံးစွဲမယ်ဆိုရင် လိင်ခွဲခြား သတ်မှတ် ထားမှုကို ချိုးဖောက်တာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ ဒီအက်ပ်ဟာ အမျိုးသားတွေကို ဖယ်ထုတ်ဖို့ လုပ်ဆောင်ထားတာဖြစ်တယ်၊ ဒီအက်ပ်လုပ်ငန်း ထူထောင်သူအနေနဲ့ တစ်ကယ်ကို အမျိုးသား တယောက်လို့ မှတ်ယူတယ်၊ ဒါကြောင့် တစ်ကယ်ကို ဒီအက်ပ် သုံးခွင့် မပေးတာက တရားဥပဒေနဲ့ အညီ ဖြစ်တယ်လို့ အက်ပ် ဘက်က ရှေ့နေတွေက ချေပပါတယ်။

ဒါပေမဲ့ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားသူကြီး ရောဘတ် ဘရွန်းမစ်က ကျား၊ မ (လိင်)ဆိုတာက “ပြောင်းလဲလို့ ရတာ ဖြစ်ပြီး ကျား မဟုတ်ရင် မ ဆိုပြီး ၂ မျိုးပဲ ရှိတယ်လို့ အမြဲတစေ သတ်မှတ်လို့ မရဘူး” လို့ ဆိုကာ ဒီအမှုနဲ့ ပတ်သက်ပြီး ဂစ်ဂယ် အက်ပ်ဘက်က ချေပချက်တွေကို ပယ်ချလိုက်တယ်လို့ ရှင်းပြပါတယ်။

ဒီတရားရုံးဆုံးဖြတ်ချက်ဟာ “အမျိုးသမီးအားလုံး ခွဲခြားဆက်ဆံ ခံရခြင်းကနေ ကင်းဝေးအောင် အကာအကွယ်ပေးလိုက်တာ” လို့ တစ်ကယ်က ဆိုပြီး ဒီအမှု ကိစ္စဟာ “လိင်ပြောင်းထားသူတွေ၊ ဂျန်ဒါကွဲပြားသူတွေ အတွက် စိတ်သက်သာ စရာ” ဖြစ်စေလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

ဂရောဗာက “ကံမကောင်းအကြောင်းမလှစွာနဲ့ ဒီဆုံးဖြတ်ချက်ကို ကျွန်မတို့ ရလိုက်ပါတယ်။ အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်မှုတွေက ဆက်ရှိ နေဦးမှာပါ” လို့ ဒီတရားရုံးဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာ ရေးပါတယ်။

သြစတြေးလျ ဖက်ဒရယ်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ကြပြီး တစ်ကယ်နဲ့ ဂစ်ဂယ် ပြိုင်ပွဲ (Tickle vs Giggle)လို့ အသိများကြတဲ့ ဒီအမှုဟာ ဂျန်ဒါ အသိအမှတ်ပြုမှုနဲ့ ပတ်သက်ပြီး ပထမဆုံးသော တရားရုံးကြားနာမှုလို့ ဆိုကြပါတယ်။

သည်းသည်းသန်သန် အငြင်းအခုံဖြစ်နေကြတဲ့ အတွေးအမြင်ဆိုင်ရာ အရေးကိစ္စ တွေထဲက တခုဖြစ်တဲ့ လိင်ပြောင်းသူများအား ပါဝင်ခွင့်ပေးရေးနဲ့ ကျားမ အခြေပြု အခွင့်အရေးတွေအကြား ငြင်းခုံမှုကို တရားရုံးမှာ ပြောဆိုနိုင်ခဲ့ကြတာပါ။

‘လူတိုင်းက ကျွန်မကို အမျိုးသမီးတယောက်လို သဘောထားခဲ့ကြတာပါ’

တစ်ကယ်ဟာ ယောက်ျားလေးတယောက်အဖြစ် မွေးဖွားခဲ့တာပါ၊ ဒါပေမဲ့ သူက သူ့ဂျန်ဒါ (ကျားလား၊ မလား သတ်မှတ်မှု)ကို ပြောင်းလဲခဲ့ကာ ၂၀၁၇ ခုနှစ်ကစပြီး အမျိုးသမီးတယောက်လို နေထိုင် လာခဲ့တာပါ။

သူက တရားရုံးကို သက်သေပြချက်တွေတင်ပြရင်း “ဒီအခြေအနေနဲ့ မကြုံရခင် အချိန်အထိ လူတိုင်းက ကျွန်မကို အမျိုးသမီးတယောက်လို သဘောထားခဲ့ကြတာပါ“ လို့ ပြောခဲ့ပါတယ်။

“လူတွေက မျက်မှောင်ကြုတ်ကြည့်တာမျိုး၊ စိုက်ကြည့်တာမျိုး၊ ကျွန်မက ဘာလဲ ဆိုတဲ့ အမေးနဲ့ ကြည့်တာမျိုး ဒါတွေနဲ့ အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မ ဘာသာ ကျွန်မ ဒီလိုပဲ ဖြစ်နေချင်တာကို သူတို့က ခွင့်ပြုခဲ့ပါတယ်။“

ဒါပေမဲ့ ဂရောဗာကတော့ ဘယ်လူသားကမှ လိင်ပြောင်းလို့ မရဘူးလို့ လက်ခံ ယုံကြည် ထားပါတယ်၊ ဂျန်ဒါ အသိအမှတ်ပြုမှုနဲ့ ပတ်သက်ရင် ဒါက အလေးထား ကြည့်ရမယ့် ကိစ္စလို့ သူက မြင်ပါတယ်။

တစ်ကယ်ရဲ့ အကျိုးဆောင်ရှေ့နေ ဂျော်ဂျီနာ ကော့စတဲလို ကေစီက ဂရောဗာကို

“မွေးဖွားစဉ်က ယောက်ျားလေးဖြစ်တဲ့ လူတယောက်ဟာ ခွဲစိတ်မှုတွေလုပ်၊ ဟော်မုန်းဆေးတွေသောက်၊ မျက်နှာက အမွေးအမျှင်တွေကို ရိပ်၊ မျက်နှာကို ပြင်ဆင်၊ ဆံပင်တွေကို ရှည်အောင်လုပ်၊ မိတ်ကပ်တွေလိမ်း၊ အမျိုးသမီး အဝတ်အစားတွေကို ဝတ်ဆင်၊ သူ့ကိုယ်သူ အမျိုးသမီးလို့ ပြော၊ သူ့ကိုယ်သူ အမျိုးသမီးပါလို့ မိတ်ဆက်၊ အမျိုးသမီး သန့်စင်ခန်းကို သုံး၊ မွေးစာရင်းမှာ အမျိုးသမီးအဖြစ်ပြောင်းလဲထား အစသဖြင့် လုပ်ထားတဲ့သူကို ရှင့်အနေနဲ့ အမျိုးသမီး တယောက် အဖြစ် လက်မခံ ဘူးလား’’ လို့ ပြန်လှန် မေးခွန်းထုတ်ရမှာ “လက်မခံဘူး’’ လို့ ဂရောဗာက ဖြေပါတယ်။

တစ်ကယ်ကို “မစ္စ’’ လို့ ခေါ်ဖို့ကိုလည်း သူက ငြင်းဆိုသလို “တစ်ကယ်က ဇီဝ သဘော အရ ယောက်ျား တယောက်ပဲ’’ လို့လည်း ဆိုပါတယ်။

အက်ပလီကေးရှင်း ထူထောင်သူ ဆယ်လ် ဂရိုဗာ(အလယ်)ဟာ အွန်လိုင်းမှာ အမျိုးသားတွေရဲ့ ထိပါးစော်ကားမှုကို ကြုံရပြီးတဲ့နောက် ၂၀၂၀ ပြည့်နှစ်မှာ Giggle for Girls ကို ထူထောင်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အက်ပလီကေးရှင်း ထူထောင်သူ ဂရိုဗာ(အလယ်)ဟာ အွန်လိုင်းမှာ အမျိုးသားတွေရဲ့ ထိပါးစော်ကားမှုကို ကြုံရပြီးတဲ့နောက် ၂၀၂၀ ပြည့်နှစ်မှာ Giggle for Girls ကို ထူထောင်ခဲ့ပါတယ်

ဂရောဗာက သူ့ကိုယ်သူ တပ်ဖ် -TERF (trans-exclusionary radical feminist) -လိင်ပြောင်းသူတွေကို လက်မခံတဲ့ အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူ တယောက်လို့ သတ်မှတ်ထားပါတယ်။

သူက အိတ်စ်မှာ “အမျိုးသမီးလို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ ယောက်ျားသား တယောက်က ကျွန်မကို ဖက်ဒရယ်တရားရုံးကို လာခဲ့လို့ ခေါ်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့်လဲ သိချင်ပါလား၊ ကျွန်မက အမျိုးသမီး သီးသန့်နေရာတခု ဖန်တီးထားတာကို သူက အသုံးပြုချင်တဲ့ အတွက်ပါ’’ လို့ ရေးတင်ခဲ့ပါတယ်။

“အမျိုးသမီး သီးသန့်နေရာ ကို အသုံးပြုဖို့ ကျွန်မကို တရားရုံးဆီ ဆင့်ခေါ်တဲ့ အမျိုးသမီး တယောက်မှ ဒီကမ္ဘာမှာ မရှိပါဘူး။ ယောက်ျားသား တယောက်က ဒီအမှုကို လုပ်ခဲ့တာပါ။’’

ဟောလီးဝုဒ်မှာ ဇာတ်ညွှန်းရေး ဆရာမအဖြစ် သူလုပ်နေစဉ် ယောက်ျားသားတွေက လူမှုမီဒီယာက တဆင့် သူ့ကို ဆဲဆို အပြစ်တင် ကြိမ်းမောင်းကြတာတွေခံခဲ့ရတဲ့ နောက်ပိုင်း “Giggle for Girls” အက်ပ်ကို ၂၀၂၀ ခုနှစ် မှာ ဖန်တီးခဲ့တာလို့ ဂရောဗာ က ပြောပါတယ်။

သူက “ရှင်တို့ အမျိုးသမီးတွေရဲ့ လက်ဖဝါးထဲမှာ လုံခြုံတဲ့ အမျိုးသမီး သီးသန့်နေရာ တခုကို ကျွန်မက ဖန်တီးပေးချင်တာ’’ လို့ ပြောပါတယ်။

“တစ်ကယ်ကို အမျိုးသမီးလို့ သတ်မှတ်တာက ဥပဒေကြောင်းဆိုင်ရာ စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ပါ၊ သူ့ရဲ့ မွေးစာရင်းမှာ ယောက်ျားကနေ မိန်းမကို ပြောင်းထားတယ်၊ ဒါပေမဲ့ သူက ဇီဝဗေဒအရ အမျိုးသားလေ၊ အဲဒါက အမြဲတည်ရှိနေမှာ။’’

“ကျွန်မတို့က အမျိုးသမီးအားလုံးရဲ့ သီးသန့်နေရာလေး လုံခြုံဖို့အတွက်တင်သာမက တကယ့် အခြေခံအမှန်တရားအတွက်ပါ ရပ်တည်လုပ်ဆောင်နေတာပါ၊ ဒါကို ဥပဒေ က ကြည့်သင့်တယ်။’’

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ အယူခံဝင်သွားမယ်လို့ ဆိုပြီး သြစတြေးလျ တရားရုံးချုပ်အထိ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

ဥပဒေဆိုင်ရာ ဖြတ်ထုံးတခု

ဒီအမှုရဲ့ ဆုံးဖြတ်ချက်ရလဒ်ဟာ တခြားနိုင်ငံတွေမှာ ဂျန်ဒါ သတ်မှတ်မှု အခွင့်အရေးနဲ့ ကျားမ အခြေခံ အခွင့်အရေးတို့အကြား အငြင်းအခုံဖြစ်ကြရင် ဖြေရှင်းနိုင်ရေး အတွက် ဖြတ်ထုံးတခု ဖြစ်လာနိုင်ခြေရှိပါတယ်။

ဒီအရေးကို နားလည်နိုင်ဖို့ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု ဖျက်သိမ်းရေး ပဋိဉာဥ်စာချုပ် (Convention on the Elimination of Discrimination Against Women - CEDAW) ကိုလည်း နားလည်ဖို့ လိုပါတယ်။ ဆီဒေါ (CEDAW)က ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အမျိုးသမီးအခွင့်အရေးတွေအတွက် နိုင်ငံတကာ ဥပဒေပါ။

သြစတြေးလျဟာ ဆီဒေါ (CEDAW) ကို အတည်ပြုလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တာနဲ့ အညီ အမျိုးသမီး သီးသန့်နေရာ အပါအဝင် အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရမယ် ဆိုပြီး ဂစ်ဂယ် အက်ပ်ဘက်က ခုခံ ကာကွယ် ငြင်းချက် ထုတ်ခဲ့ပါတယ်။

တစ်တယ်(အလယ်) ဟာ အမျိုးသမီးတွေချည်း သုံးဖို့ ထုတ်ထားတာဆိုတဲ့ လူမှုကွန်ရက် အက်ပလီကေးရှင်းကို ခွဲခြားမှုရှိတယ်ဆိုပြီး တိုင်ကြားခဲ့တဲ့အမှုကို အနိုင်ရခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တစ်တယ်(အလယ်) ဟာ အမျိုးသမီးတွေချည်း သုံးဖို့ ထုတ်ထားတာဆိုတဲ့ လူမှုကွန်ရက် အက်ပလီကေးရှင်းကို ခွဲခြားမှုရှိတယ်ဆိုပြီး တိုင်ကြားခဲ့တဲ့အမှုကို အနိုင်ရခဲ့ပါတယ်

ဒါကြောင့် တစ်ကယ်ကို အနိုင်ပေးလိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ ဆီဒေါ (CEDAW) ကို အတည်ပြုလက်မှတ်ထိုးထားတဲ့ ဘရာဇီး နိုင်ငံမှသည် အိန္ဒိယ၊ အဲဒီကနေ တောင်အာဖရိက စတဲ့ နိုင်ငံတွေအားလုံး အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် ပါ။

နိုင်ငံတကာ ပဋိဉာဥ်စာချုပ်တွေကို အဓိပ္ပာယ်ဖော်ကြတဲ့အခါ နိုင်ငံဆိုင်ရာ တရားရုံး တွေက တခြားနိုင်ငံတွေမှာ ဘယ်လို လုပ်ခဲ့ကြသလဲ ဆိုတာကို ကြည့်ကြပါတယ်။

သြစတြေးလျက ဒီနိုင်ငံတကာ ဥပဒေကို အဓိပ္ပါယ်ဖော်လိုက်တဲ့ အရေးက မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရခဲ့သလို နိုင်ငံတကာက တုံ့ပြန်မှုတွေကိုလည်း ရလာနိုင် ပါတယ်။

တရားရုံးတွေအနေနဲ့ ဂျန်ဒါ သတ်မှတ်မှု နဲ့ ပတ်သက်ပြီး ထောက်ခံဆုံးဖြတ်ကြ တာတွေ ပိုတိုးများလာမယ်ဆိုရင် တခြားနိုင်ငံတွေမှာလည်း ဒီအတိုင်း လိုက်လံ လုပ်ဆောင်လာနိုင်ဖွယ်ရှိပါတယ်။