ဒွိလိင် - ယောက်ျားတယောက်အဖြစ် အသိအမှတ်ပြုခံရဖို့ ကျွန်တော့်ရဲ့ ကြိုးပမ်းမှု

ဓာတ်ပုံ ရင်းမြစ်, Rachaphon Riansiri/BBC Thai
"ကျွန်တော့်ဘဝတလျောက်လုံး မိန်းမလိုနေခဲ့ရပါတယ်။ တကယ်လို့သူတို့က ကျွန်တော်ဘာလဲ ဆိုတာ သိသွားကြရင် ကျွန်တော်ဟာ သူတို့ စော်ကားစရာ၊ လှောင်ပြောင်စရာ ဖြစ်သွားမှာပါ။ အဲဒီလို လုပ်တာခံရမှာကို အခုထိကြောက်လန့်နေတုန်းပဲ" အက်ခ် (သူ့ တကယ့်အမည်မဟုတ်) က ပြောပါတယ်။
သူဟာ မွေးလာကတည်းက မလိင်အင်္ဂါရော၊ ကျားလိင်အင်္ဂါပါ ပါလာပါတယ်။ သူ့ကို မိန်းကလေး တယောက်လို သူ့မိဘက မွေးလာခဲ့ကြတာပါ။
ကြီးလာတဲ့အထိ သူ့ရဲ့ မအင်္ဂါထဲမှာ ယောက်ျားလိင်တခုရှိတယ် ဆိုတာကို သူကိုယ်တိုင် သတိမထားမိပါဘူး။ မိန်းကလေးတယောက်လို သူ့ကို မွေးကြတော့ စကတ်ဝတ်ပြီး ကျောင်းတက်ရပါတယ်။ ဒါပေမဲ့ အဲဒီလို မိန်းမအဝတ်အစားတွေ ဝတ်ရတာ သူသိပ်မကြိုက်တာကို သူပြန်မှတ်မိနေပါတယ်။
ကျောင်းမှာ ယောက်ျားလေးတွေနဲ့ သူ ဆော့ကစားတာတွေ သူပြန်သတိရသလို၊ သူ့ကိုယ်သူ ငါ ယောက်ျားလေးဖြစ်ရင်ကောင်းမှာပဲလို့ အဲဒီအချိန်ကတွေးမိတာကိုလည်း ပြန်အမှတ်ရနေပါတယ်။
သူ့လူမှုအသိုင်းအဝိုင်းက သူ့ရဲ့အဲဒီလိုလားချက်ကို လေးစားလက်ခံလာအောင် လျှောက်လှမ်းခဲ့ရတဲ့ ခရီးဝေးကြီးရဲ့ အစကို အက်ခ် တယောက် ပြန်စဉ်းစားကြည့်မိပါတယ်။
စည်းတွေနဲ့ မညီလို့ အပယ်ခံရသူ

ဓာတ်ပုံ ရင်းမြစ်, Rachaphon Riansiri/BBC Thai
အထက်တန်းကျောင်းရောက်တော့ သူ့ ကိုယ်ခန္ဓာဟာ ဖွံ့ဖြိုးလာသလို၊ ကြွက်သားတွေလည်းကြီးလာပါတယ်၊ ဒီအပြောင်းအလဲတွေက သူ့ဘဝ အပြောင်းအလဲအတွက် ဖြစ်လာစေခဲ့ပါတယ်။
အားကစားသမားတယောက်အဖြစ် သူထင်ပေါ်လာပြီး မီတာ ၁၀၀ အပြေးမှာ သူ ကျောင်းစံချိန်ကို ခပ်မြန်မြန်ပဲ ချိုးပစ်လိုက်နိုင်ပါတယ်။
မိန်းကလေးတယောက်အဖြစ် သူ့ဇာတိခရိုင်က ပြေးပွဲတွေကို အနိုင်ရလာတဲ့နောက် ထိုင်းနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ရတော့မယ့်အထိ သူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကျားလား၊ မလား ဆိုတဲ့ တိုင်တန်းချက်တခု တက်လာခဲ့ပါတယ်။ စစ်ဆေးမှုအဖြေက သူ့မှာ ကျား ဗီဇဆောင်မျှင် ခရိုမိုဆုမ်းတွေ (male chromosomes) တွေ့တယ်ဆိုတဲ့နောက်မှာတော့ သူ ပြိုင်ပွဲတွေက အပယ်ခံခဲ့ရပါတယ်။ ဂုဏ်ယူဝံ့ကြွားနေနိုင်တဲ့ဘဝကနေ စိုးရွံ့ကြောက်လန့် ရတဲ့ ဘဝဆီကို ချက်ချင်းပြောင်းလဲသွားပါတယ်။
စိတ်ရှုပ်ထွေးစရာတွေ

ဓာတ်ပုံ ရင်းမြစ်, Rachaphon Riansiri/BBC Thai
"အဖြေလည်းသိလိုက်ရရော၊ ကျွန်တော့် ဘဝတခုလုံး ကပြောင်းကပြန်ဖြစ်သွားအောင် ဆွဲအလှန်ခံလိုက်ရသလိုပါပဲ၊ ကျွန်တော့်ဘဝတလျောက်လုံး မိန်းကလေးဖြစ်ခဲ့တာ၊ ကျွန်တော့်မှာ တခြားမိန်းကလေးတွေလိုပဲ မလိင်အင်္ဂါနဲ့ ပါ" လို့ အက်ခ်က ပြောပါတယ်။
"ငါက ဘာလဲ၊ ငါဘာ ဖြစ်သွားပြီလဲ၊ စိတ်တွေလည်း ရှုပ်ထွေး၊ ရှက်ရွံ့ စရာတွေလည်းဖြစ်နဲ့ အိမ်ပြင်ကနေ ဘယ်မှ မထွက်ပဲနေလိုက်တော့တယ်" လို့ လည်းသူက ဆိုပါတယ်။
သူ့သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်က သူ့ကို "လိင်တံ အကွဲလေးနဲ့ ကောင်" လို့ မခံချိမခံသာဖြစ်အောင်ပြောတာ သူခံခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက သူနှစ်သက်တဲ့မိန်းကလေး အဖော်အပေါ်မှာ ချစ်စိတ်ဝင်တာကိုလည်း သူသတိထားမိသလို သူ့အပေါ်လိင်စိတ်ကြွလာရင် သူ့ မလိင်အင်္ဂါထဲက သူ့ ဖိုလိင်အင်္ဂါက တောင့်တင်းလာပြီး အပြင်ထွက်လာတာကိုလည်း သူခံစားမိပါတယ်။
"ကျွန်တော့်ရည်မှန်းချက်တွေအားလုံးပြိုပျက်သွားပြီ၊ ကျွန်တော်ဟာ မိန်းမလည်းမဟုတ်သလို၊ ယောက်ျားလည်း မဟုတ်ဘူး၊ ဒီကမ္ဘာမှာ ကျွန်တော်နေစရာ ဘယ်နေရာမှမရှိတော့ဘူး။ ကျွန်တော် အိမ်ထဲမှာပဲနေတယ်၊ သူငယ်ချင်းတွေ လှောင်ပြောင်တာမခံရအောင် ကျောင်းလည်းမသွားတော့ဘူး။ ကျွန်တော့်မိသားစုက ကျွန်တော် ဒုက္ခကြုံနေရပြီဆိုတာသိတယ်၊ ဒါပေမဲ့ ဘာမှ မလုပ်ပေးကြဘူး။ ကျွန်တော် ရုပ်ရော၊ စိတ်ရော ချုံးချုံးကျသွားတာပါပဲ။"
ဘဝသစ်

ဓာတ်ပုံ ရင်းမြစ်, Rachaphon Riansiri/BBC Thai
သူ ဘဝသစ်ကိုစဖို့ ဘန်ကောက်ကိုတက်လာခဲ့ပြီး အလုပ်တခုရှာတွေ့ပါတယ်၊ အလုပ်ကို သူအမျိုးသမီးတယောက် အနေနဲ့ လျှောက်ခဲ့ပါတယ်။ ထိုင်းမှာလည်း အမျိုးသမီးရှေ့ ကတပ်ခေါ်တဲ့ မ၊ ဒေါ် စတဲ့အခေါ်အဝေါ်တွေက အမျိုးသားတွေမှာမျိုး မောင်၊ ကို၊ ဦး စသဖြင့် တပ်ခေါ်တာမျိုးနဲ့မတူဘဲ ကွဲပါတယ်။ ဒါတွေက တရားဝင်အသိအမှတ်ပြုထားတာဖြစ်ပြီး အဲဒါကို တရားဝင်ပြောင်းဖို့က အတော့်ကို ရှုပ်ထွေးခက်ခဲပါတယ်။
သူ့ လုပ်ဖော်ကိုင်ဖက်တွေက သူ ယောက်ျားမှန်းသိသွားကြတဲ့အချိန်မှာ အမျိုးသမီးတယောက် အနေနဲ့ ဒီအလုပ်ကိုရထားတဲ့ သူ့ကို ကြဉ်ထားကြပါတော့တယ်။
သူနဲ့ ရင်းရင်းနှီးနှီးရှိတဲ့ အမျိုးသမီးတွေကလည်း သူ့ကို ရှောင်ပါတယ်၊ တကယ်လို့ နီးနီးကပ်ကပ် ဆက်ဆံနေရင် သူတို့ကို ပတ်ဝန်းကျင်က မိန်းမချင်းကြိုက်ကြတဲ့ လိင်တူချစ်သူတွေ (lesbians) လို့ အထင်ခံရမှာ စိုးကြလို့ပါ။
သူ့ကို အာရုံထားကြတာတွေ၊ ကန့်သတ်ပစ်ပယ်ထားကြတာတွေကို ၃ လ လောက်ခံရပြီးတဲ့နောက် အလုပ်သစ်တခု သူရပါတယ်၊ အဲဒီမှာလည်း သူ ခွဲခြားကန့်သတ်ခံရတာထပ်ကြုံရပြန်ပါတယ်။
"မ" အတု
"အစပိုင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ သီတင်းပတ်အတော်ကြာတော့ သူတို့ ကျွန်တော့်အကြောင်းသိသွားပါတယ်၊ ဒီတခါကတော့ အတော့်ကို ဆိုးရွားလွန်းလှပါတယ်၊ ယောက်ျားလေးတွေက ကျွန်တော့်ကိုဝိုင်းပြီး စစ်တယ်၊ ကျွန်တော့်ပေါင်ကြားနေရာကို လက်နဲ့လာကိုင်ကြပြီး စစ်ဆေးကြတယ်၊ ကျွန်တော့် သိပ်ကို ကြေကွဲခံစားခဲ့ရပါတယ်။"
အဲဒီလို သိပ်ကိုစိတ်ထိခိုက်စေတဲ့ အဖြစ်ဆိုးတွေကို မခံနိုင်တဲ့အဆုံး သူအလုပ်လျှောက်ရင် နာမည်ရှေ့က"မ" အစား "ကို" တပ်ပြီးလျှောက်ပါတယ်။ အာဏာပိုင်တွေသူ လိမ်ထားတာ မသိရအောင်လည်း အလုပ်ကို ၃ လ တခါပြောင်းပါတယ်။
အဲဒီလိုနည်းနဲ့ နှစ်ပေါင်းများစွာ လုပ်လာလိုက်တာ သူ မိတ်ဆွေသစ်တွေလည်းတိုးလာသလို၊ အဲဒီထဲက တယောက်ကတော့ "သူ့ဘဝတခုလုံး ပုံပေးမယ့် ချစ်သူ" လို့ သူတင်စားတဲ့ အမျိုးသမီးတယောက်ပါ။
"သူ့ကို သိရတဲ့အခိုက်မှာပဲ ကျွန်တော့်ဘဝက အဓိပ္ပါယ်ရှိသွားတယ်လို့ ခံစားရတယ်၊ သူက ကျွန်တော့်ကို အမြဲအထောက်အကူပေးသလို၊ ကျွန်တော့်ဘက်ကလည်း အမြဲရပ်တယ်။ ၃ လ လောက်ကြာတိုင်း အလုပ်အသစ်တခု ကျွန်တော်ပြောင်းတာကို သူလက်ခံနားလည်တယ်။"
သူ ငွေစုတယ်၊ တဖက်ကလည်း မီးပြင်ဆရာ အလုပ်လုပ်သလို တဖက်မှာလည်း ကုန်စုံဆိုင်လေး တည်နိုင်ပါတယ်။ ဘဝက နှစ်အတော်ကြာကြာ စိုပြေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ ချစ်သူက သူ့ကို နုတ်ဆက်စကားတောင်မပြောဘဲ ထားသွားခဲ့ပါတယ်။
အကျပ်အတည်း

ဓာတ်ပုံ ရင်းမြစ်, Rachaphon Riansiri/BBC Thai
"ကျွန်တော်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် မှင်တက်မိသွားတယ်၊ ဘာတွေများ ကျွန်တော်သူ့ကို အမှားတွေလုပ်မိလို့လဲ ပြန်စဉ်းစားတော့လဲ ဘာမှမရှိဘူး၊ သူဘာလို့ ကျွန်တော့်ကို ရုတ်တရက်စွန့်ခွာသွားတာလဲ၊ ကျွန်တော်သူ့ကို စုံစမ်းလိုက်ရှာတယ်၊ သူ့ မိသားစုကလည်း သူဘယ်ရောက်သွားသလဲ မသိကြဘူး။ သူ့ဖုန်းကို ကျွန်တော် ခဏခဏ ခေါ်တယ်၊ ဘာမှ ပြန်မထူးဘူး၊ ကျွန်တော် တပတ်လောက်လိုက်ရှာတယ်။ နောက်ဆုံးတော့ ကျွန်တော်ဟာ သိက္ခာရှိတဲ့ ဘဝ ဘယ်တော့မှ ပြန်မရနိုင်ဘူးလို့ တွေးလာမိတယ်၊ သေတာမှ ကောင်းဦးမယ်လို့ တွေးလာမိတယ်။"
သူ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဒါပေမဲ့ သူကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားစဉ်မှာပဲ အနားအနားက ATM စက်က သူ့လှုပ်ရှားမှုကို မသင်္ကာဖြစ်ပြီး အချက်ပေးသံတွေ ဆူညံသွားတော့ ရဲက ရောက်လာပါတယ်။ ရဲက သူပြောပြတဲ့ သတ်သေဖို့ကြိုးစားတာဆိုတဲ့ ဇာတ်လမ်းကို မယုံပါဘူး၊ သူကိုဖမ်းပြီး ဘဏ်ကို ဓားပြတိုက်တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ စွဲချက်တင်ပါတယ်။ တရားရုံးကလည်း သူ့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ၆ လ ထောင်ဒဏ်ချပါတယ်။
ထောင်ထဲမှာ သူ သေသေချာချာ ဆေးစစ်တာခံရပြီး ဆရာဝန်တွေနဲ့ အကျဉ်းထောင်အရာရှိတွေက သူဟာ ကျားလား၊ မလား ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အချိန်အတော်ယူကာ ဆွေးနွေးခဲ့ရပါတယ်။
ယောက်ျားတွေထားတဲ့ အချုပ်ထဲမှာထားရင် သူ့လုံခြုံရေး သိပ်မကောင်းတာကြောင့် သူ့ကို မိန်းမ အကျဉ်းထောင်ကို ပို့ပါတယ်။
"ကျွန်တော့်မှာ မအင်္ဂါ ပါတာကြောင့် မုဒိမ်းကျင့်ခံရမှာကို သူတို့က စိုးရိမ်လို့ပါ" လို့ အက်ခ်က ပြောပါတယ်။
ထောင်ထဲက ဘဝ
ထောင်ထဲမှာ သူ ကောင်းကောင်းနေရတယ်လို့ သူခံစားခဲ့ရပါတယ်။ အမျိုးသမီးအကျဉ်းသားတွေက သူ့ကို သိပ်အလို လိုက်ပါတယ်။ ပထမဆုံးအကြိမ် သူဟာ သူ့ဘဝ အတော်ကောင်းတယ်လို့ ခံစားမိခဲ့ပါတယ်။ အက်ခ်က "ထောင်ထဲက ဘဝက အလွန့်အလွန်ကို ပျော်စရာကောင်းတယ်" လို့ ဆိုပါတယ်။
"သူတို့က ကျွန်တော်က ဘယ်သူလဲဆိုတာ သိချင်ကြတယ်၊ စကားပြောချင်ကြတယ်၊ ကျွန်တော် စိတ်ချမ်းသာအောင် ပြောပေးကြတယ်။ ကျွန်တော့်ဘဝမှာ ဒါမျိုး အဆက်ဆံခံရတာမျိုး မရှိဖူးခဲ့ဘူး။"
ထောင်ဒဏ်လည်း စေ့သွားရော၊ အရင်ကြုံရတဲ့ ဘဝကို သူပြန်ရောက်သွားပါတော့တယ်။ သူအဖမ်းခံရတာကို သတင်းတွေဝိုင်းရေးကြတဲ့ ကျေးဇူးကြောင့်ပဲ သူ အလုပ်လျှောက်ရင် သူ့ရာဇဝတ်မှု မှတ်တမ်းက သူနဲ့ အမြဲတွဲပါနေပါတော့တယ်။ ရဲတွေကသူ့ကို မေးခွန်းထုတ်နေတဲ့အချိန်မှာ သတင်းမီဒီယာတွေရှိနေခဲ့ပါတယ်၊ သူ့ကိုလည်း အဲဒီလို မီဒီယာတွေရှိတယ်လို့ ဘယ်သူမှ ကြိုအသိပေးမထားပါဘူး။
အက်ခ် ဟာ ထောင်ထဲပြန်သွားချင်ပြီး ATM စက်တွေက ဝိုင်ယာကြိုးတွေကို လိုက်ဖြတ်ပါတယ်၊ သူ့ကို ရဲဖမ်းမိသွားပြီး ဒီတခါ ၂ နှစ်နဲ့ ၃ လ ထောင်ချခံရပါတယ်။
"ဒီတခါကျတော့ မိန်းမထောင်ကို သူတို့တန်းပို့ပါတယ်၊ ကျွန်တော်ထောင်ထဲကနေ ဘယ်တော့မှ မထွက်တော့ဘူးလို့ ပိုင်းဖြတ်ထားလိုက်ပါတယ်။ ဒီတော့ ထောင်ထဲက စည်းကမ်းမှန်သမျှ အကုန်ချိုးဖောက်တယ်၊ အဲဒီလိုဆိုရင် သူတို့ ကျွန်တော့်ကို ထောင်ထဲမှာပဲ ထားမှာလို့ ထင်တယ်လေ။"
သူ့အကြံအစည်တွေက မအောင်မြင်ပါဘူး၊ သိပ်မကြာခင်သူ ထောင်က ပြန်လွတ်လာပါတယ်။
လွတ်မြောက်ရာလမ်း

ဓာတ်ပုံ ရင်းမြစ်, Rachaphon Riansiri/BBC Thai
ထောင်ထဲမှာ အက်ခ်က အန်ဂျီအို တခုကပေးတဲ့ လိင် (Gender) အကြောင်း သင်ခန်းစာတခုကို လေ့လာခွင့်ရပါတယ်၊ အဲဒီကျမှ သူ ပထမဆုံးအကြိမ် ဒွိလိင် (Intersex) ဆိုတာကို ကြားဖူးတာပါ။ သူတို့ရဲ့ အားပေးကူညီမှုနဲ့ သူဟာ မိန်းမအဖြစ်ကနေ ယောက်ျား အဖြစ် တရားဝင်အသိအမှတ်ပြုခံရအောင် လုပ်နိုင်မယ့်နည်းလမ်းကို ရှာတွေ့နိုင်ခဲ့ပါတယ်။
အက်ခ်ဟာ လုံခြုံရေး ဝန်ထမ်းအဖြစ် လအတော်ကြာကြာ တိတ်တိတ်လေး နေထိုင်လုပ်ကိုင်ခဲ့သလို၊ တချိန်တည်းမှာပဲ သူ့ အမည်ရှေ့မှာ အမျိုးသမီး ဂုဏ်ပုဒ် တပ်ရာကနေ အမျိုးသား ဂုဏ်ပုဒ်အဖြစ် ပြောင်းနိုင်အောင် စာရွက်စာတမ်း အထောက်အထားတွေကို ပြင်ဆင်ခဲ့ပါတယ်။
အဲဒါတွေပြည့်စုံဖို့ သူဟာ ယောက်ျားဗီဇဆောင်မျှင်တွေ (male chromosomes) ရှိကြောင်းသက်သေပြတဲ့ ဆေးစာရွက်တွေ လိုအပ်ပါတယ်။ ဒီလိုအပ်တဲ့ ဆေးစာရွက်တွေအတွက် သူ အချိန် ၅ လ ပေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ သူ စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေတဲ့ နေ့ကို ရောက်လာခဲ့ပါပြီ။
အကုန်အံ့ဩသွားစေတဲ့ အဖြစ်
ဇွန်လ ၂၄ ရက် မနက်ခင်းမှာတော့ သူ့လက်ထဲမှာ အထောက်အထားစာရွက်စာတမ်းတွေ ရှိနေပါပြီ။ သူ တခုမှ မကျန်ရအောင်ပြန်စစ်ပါတယ်။ အဲဒီနောက် သူ့ ဇာတိ ဥဒုန်း ဌာနီက ခရိုင်ရုံးကို သွားပြီး သူ့ကို "မ" အဖြစ်ကနေ "ကျား" အဖြစ်ကို ပြောင်းလဲပေးဖို့ လျှောက်လွှာတင်လိုက်ပါတော့တယ်။
စိတ်ကို ခိုင်ခိုင်မာမာထားပေမဲ့လည်း စိုးရွံ့နေခဲ့ရပါတယ်၊ ၁၁ နာရီမှာ ထွက်လာမယ့် ဆုံးဖြတ်ချက်က သူ့ အိပ်မက်ကို ဖျက်သိမ်းလိုက်မှာကို ကြောက်လန့်ခဲ့ရပါတယ်။
ကံမကောင်းစွာနဲ့ပဲ အဲဒီအတိုင်းဖြစ်ခဲ့ပါတယ်။
တာဝန်ခံအရာရှိက သူ "ကျား" လား၊ "မ" လား ဆိုတာကို အတည်ပြုသတ်မှတ်နိုင်ဖို့ အထောက်အထားတွေ မပြည့်စုံဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ သူ့မိဘ ဒါမှမဟုတ် သူ့ ငယ်သူငယ်ချင်း တယောက်ယောက်က သက်သေအဖြစ် အစစ်ခံဖို့လိုတယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။
အက်ခ် အိမ်ကိုပြန်ပြီး ထပ်ကြိုးစားရပါဦးမယ်။
အသိအမှတ်ပြုခြင်း

ဓာတ်ပုံ ရင်းမြစ်, Rachaphon Riansiri/BBC Thai
နောက်နေ့မှာတော့ သူ့ အမေနဲ့ သူ့ ငယ်ပေါင်းကြီးဖော် တယောက် သူနဲ့အတူ ခရိုင်ရုံးကို လိုက်လာခဲ့ပါတယ်။
ခရိုင်ရုံး အရာရှိက ဘန်ကောက်က အရာရှိနဲ့ ဖုန်းပေါ်မှာ အကြာကြီး စကားတွေပြောကြကာ ဒီလို တမူထူးခြားလှတဲ့ လျှောက်လွှာကို ဘယ်လိုအဆုံးအဖြတ်ပေးရမလဲဆိုတာ တိုင်ပင်ကြပါတယ်။
သူ့ လိင်အင်္ဂါဟာ ဆေးစာထဲက ပြောသလို ဟုတ်ရဲ့လားဆိုတာလည်း စစ်ဆေးတာ ခံရပါတယ်။
အတော်လေးကြာပြီးတဲ့နောက်မှာတော့ သူ ပန်ကြားတဲ့အတိုင်း သူ့ကို အမျိုးသားအဖြစ် သတ်မှတ်ခံရပါပြီ။
အက်ခ်ဟာ နောက်ဆုံးမှာတော့ သူ့ရဲ့ ယောက်ျားပုံသွင်အတိုင်း လိုက်ဖက်ညီစွာသူဟာ အမျိုးသား တယောက်ပါဆိုတဲ့ ကိုယ်ပိုင်လက္ခဏာ သတ်မှတ်ချက်ကို ပိုင်ဆိုင်ရပါပြီ။
"ကြမ္မာဆိုးကနေ လွတ်မြောက်ပါပြီ၊ ကျွန်တော် အရမ်းကို ပျော်ပါတယ်၊ ကျွန်တော့် ဘဝ အသစ်စပြီဗျို့လို့ ရင်ပွင့်သွားအောင် အော်ပစ်လိုက်ချင်တယ်၊ကိုယ် မလုပ်ချင်တဲ့ "မ" အသွင်ဆောင်နေရတာမျိုး လုပ်ဖို့ မလိုတော့ဘူး၊ ကျွန်တော့်ကို မလိုလားသလို အကြည့်မျိုးတွေလည်း မခံရတော့ဘူး။"








