ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပီရူးက နှစ် ၃၅၀၀ သက်တမ်းရှိတဲ့ မြို့ဟောင်းကို ရှေးဟောင်းပညာရှင်တွေ တွေ့ရှိ
- ရေးသားသူ, ဂျက်ဆီကာ ရောင်စလီ
- ရာထူးတာဝန်, ဘီဘီစီသတင်း
ပီရူးနိုင်ငံ မြောက်ပိုင်း ဘာရန်ကာ ခရိုင်မှာ ရှေးဟောင်းမြို့ကြီးတမြို့ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်တွေက ကြေညာခဲ့ကြပါတယ်။
အနှစ် ၃၅၀၀ သက်တမ်းရှိတဲ့ ပန်ညီကို မြို့ဟာ အင်းဒီးစ် တောင်တန်းနဲ့ အမေဇုန်မြစ်ဝှမ်းဒေသတွေကို ပစိဖိတ်ကမ်းရိုးတန်းက ရှေးဦးလူ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ အဓိက ကုန်သွယ်ရပ်ဝန်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ယူဆကြပါတယ်။
လီမာမြို့တော်က မိုင် ၁၂၀ ကျော် ဝေးတဲ့ နေရာမှာ ဒီမြို့ဟောင်းကြီး တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေနှစ်ထောင်လောက် မြင့်ပါတယ်။
ခရစ်တော် မပေါ်ခင် အနှစ် ၁၈၀၀ ကနေ ၁၅၀၀ အတွင်း အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ အစောပိုင်း လူ့အဖွဲ့အစည်းတွေ စည်ပင်ထွန်းကားနေချိန်နဲ့ တပြိုင်တည်းလောက်မှာ ဒီမြို့ကြီးကို တည်ထောင်ခဲ့တယ်လို့ ယူဆကြပါတယ်။
အမေရိကတိုက်ရဲ့ ရှေးအကျဆုံး လူ့အဖွဲ့အစည်း ဖြစ်တဲ့ ကယ်ရယ်က လူတွေ ဘာဆက်ဖြစ်ခဲ့သလဲ ဒီတွေ့ရှိချက်က ပြသနေကြောင်း သုတေသီတွေက ဆိုပါတယ်။
ဒီမြို့ရဲ့ အလယ်ဗဟို တောင်စောင်းအောက်မှာ စက်ဝိုင်းပုံ အရာတခု ရှိကြောင်း ဒရုန်းက ရိုက်တဲ့ ဗီဒီယိုတွေက ပြနေပါတယ်။ ဒီစက်ဝိုင်းကို ရွှံ့၊ ကျောက်နဲ့ ဆောက်တဲ့ အဆောက်အအုံပျက်တွေက ရံထားပါတယ်။
ရှစ်နှစ်ကြာ တူးဖော်မှုတွေအပြီး အဆောက်အအုံပျက် ၁၈ ခု ပေါ်ထွက်လာပြီး ဘာသာရေး ကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေ ပါပါတယ်။
ဒီအဆောက်အဦတွေထဲမှာ ပူဇော်ပွဲသုံး အရာတွေ ဖြစ်တဲ့ ရွှံ့စေးနဲ့ ဖုတ်ထားတဲ့ လူနဲ့ တိရစ္ဆာန်ပုံတူ အရုပ်တွေ၊ ပုတီးစေ့၊ ခရုခွံတွေနဲ့ လုပ်တဲ့ လည်ဆွဲတွေကို တွေ့ရှိခဲ့ပါတယ်။
ပန်ညီကိုက အမေရိကတိုက်ရဲ့ ရှေးအကျဆုံး လူ့အဖွဲ့အစည်းလို့ သိထားတဲ့ ကယ်ရယ်နဲ့ နီးပါတယ်။ ကယ်ရယ်ဟာ ဘီစီ နှစ် ၃၀၀၀ ၊ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ လောက်က ပီရူးနိုင်ငံ ကယ်ရယ်ဆု ချိုင့်ဝှမ်းမှာ ပေါ်ထွန်းခဲ့ပါတယ်။
ကယ်ရယ်မှာ ရှေးဟောင်း နေရာ ၃၂ ခု ရှိပြီး ပိရမစ်အဆောက်အဦကြီးတွေ ပါသလို အဆင့်မြင့်တဲ့ ရေသွင်းစိုက်ပျိုးရေးစနစ်နဲ့ မြို့ပြ တည်ဆောက်မှု စနစ်တွေ ထွန်းကားခဲ့ပါတယ်။ ခေတ်ပြိုင် အိန္ဒိယ၊ အီဂျစ်၊ ဆူမားရီးယားနဲ့ တရုတ် အစောပိုင်း လူ့အဖွဲ့အစည်းတွေနဲ့ မဆက်စပ်ဘဲ သီးသန့် ပေါ်ထွန်းခဲ့တယ်လို့ ယူဆကြပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကယ်ရယ် ခေတ်ကြီး တိမ်မြုပ်သွားပြီးနောက် ဘာဖြစ်ခဲ့သလဲ သိနားလည်ရေးမှာ ဒီတွေ့ရှိချက်က အရေးကြီးကြောင်း ၁၉၉၀ ကျော်က ကယ်ရယ်တူးဖော်မှုမှာ ပါဝင်ခဲ့ပြီး ပန်ညီကို တူးဖော်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ရှေးဟောင်းသုတေသီ ဒေါက်တာ ရုသ် ရှိတ်ဒီက ပြောပါတယ်။
ပန်ညီကို လူ့အဖွဲ့အစည်းက ကုန်သွယ်ရေးအတွက် ဗျူဟာကျတဲ့ နေရာမှာ တည်ရှိပြီး ကမ်းရိုးတန်း၊ ကုန်းမြင့်နဲ့ တောရိုင်းဒေသက လူ့အဖွဲ့အစည်းတွေကြား ကုန်စည်ဖလှယ်ရာမှာ ပါဝင်ခဲ့ကြောင်း ဒေါက်တာ ရှိတ်ဒီက ရိုက်တာ သတင်းဌာနကို ပြောကြားပါတယ်။
ကယ်ရယ် လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်မှုကြောင့် ပန်ညီကို အရေးပါကြောင်းလည်း ပီရူး ယဉ်ကျေးမှု ဝန်ကြီးဌာနက သုတေသီနဲ့ ရှေးဟောင်းပညာရှင် မာကိုမာချာကွိုင်းက ဒီတွေ့ရှိချက်ကို တင်ပြတဲ့ ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပီရူးနိုင်ငံဟာ အမေရိကတိုက်ရဲ့ အရေးကြီးဆုံး ရှေးဟောင်းသုတေသန တွေ့ရှိမှုတွေ တည်ရှိတဲ့ နိုင်ငံဖြစ်ပြီး ဒီထဲမှာ အင်းဒီးစ်တောင်တန်းက အင်ကာတွေရဲ့ မာချူပစ်ချူး မြို့ဟောင်းနဲ့ အလယ်ပိုင်း ကမ်းရိုးတန်းတလျှောက် သဲကန္တာရထဲထိ ထွင်းထုထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နက်ဇ်ကာ မျဉ်းတွေလည်း ပါပါတယ်။